ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမီးလေးကျေးရွာနှင့် အင်းမတီကျေးရွာရှိ လူနေ အိမ်ခြေ ၄၀၀ ကျော်ကို ဖေဖော်ဝါရီ ၄ ရက် နံနက် စောစောပိုင်းမှ စတင်၍ အာဏာပိုင်များက ဘူဒိုဇာ စက်များဖြင့် အင်အားသုံး ဖြိုဖျက် ရှင်းလင်းကြောင်း သိရသည်။
ထိုသို့ ရှင်းလင်းရာ၌ ဒေသခံများ၏ ပြည်သူပိုင် ပစ္စည်းများ၊ အိမ်တွင် မွေးမြူထားသည့် ကြက်၊ ဝက်များကိုပါ သိမ်းသွားကြောင်း၊ ကျေးရွာ ပြည်သူများသည် လက်ရှိ သမီးလေး ကျေးရွာ နှင့် တမိုင်ခန့် အကွာတွင်ရှိသည့် အောင်သိဒ္ဒိ ဘုန်းကြီးကျောင်းတွင် ယာယီ ဒုက္ခသည် စခန်း ဖွင့်၍ နေထိုင်ကြရကြောင်း သမီးလေး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်တာ က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ အနေနဲ့ ဘာမှ လုပ်လို့မရပါဘူး၊ လာဖျက်တော့လည်း ဒီအတိုင်း ထိုင်ကြည့်နေလိုက်ပါတယ်၊ ကျနော်ကတော့ သမ္မတကြီး ဆီကို အသနားစာတင်ပြီး ဒီနေရာမှာပြန်နေဖို့ တောင်းဆိုသွားမှာပါ”ဟု ဦးမောင်မောင်တာ က ဆိုသည်။
ထိုကျေးရွာများကို ဖယ်ရှားရန်အတွက် လှည်းကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက ဇန်နဝါရီ ၂၈ ရက်၊ ၂၉ ရက် နှင့် ဖေဖော်ဝါရီ ၂ရက်တွင် တပ်မတော် လေ့ကျင့်ရေး နယ်မြေဆိုပြီး ကျေးရွာများ ဖယ်ပေးရန် အတွက် အမိန့်စာ ထုတ်ပြန် ထား ကြောင်း သိရသည်။
“မနက်စောစောစီးစီး လူအင်အား အများကြီးနဲ့ ကားအများကြီးက ကျနော်တို့ ရွာကိုလာပြီး ဖျက်တယ်၊ ကျနော်တို့ကလည်း ကြောက် ကြောက်နဲ့ ဘာမှမလုပ်ဘူး၊ အိမ်ကိုဖျက်ပြီး ရှိသမျှအားလုံး ယူသွားတယ်၊ ကြက်၊ ဝက်တွေက အစယူသွားတယ်”ဟု သမီးလေး ကျေးရွာမှ ဒေသခံ ဦးဝင်းစိုးက ဧရာဝတီသို့ ပြောသည်။
ထိုကျေးရွာများသည် ယခင်က ဘိုးဘွားပိုင်နယ်မြေအဖြစ် နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ယခုအခါ လမ်းပန်း ဆက် သွယ်ရေး ကောင်းလာပြီး စီးပွားရေး အဆင်ပြေလာ၍ အိမ်ခြံများ ဆောက်လုပ်နေထိုင် ခဲ့ကြောင်း၊ အိမ်ခြေ ၄၀၀ ကျော် အိမ်မဲ့ ဖြစ် နေကြောင်းလည်း ဦးဝင်းစိုးက ပြောပြသည်။
“ကျနော်တို့ ဆီမှာတော့ မြေဂရမ်တွေ ဘာတွေတော့ မရှိဘူး၊ ဒီရွာမှာ နေလာကြတာလည်း တော်တော်ကြာပါပြီ။ အခုရွာကို ဝင်လို့မရအောင် တပ်တွေ ဆွဲထား၊ နေရာချထားပါတယ်”ဟု ၎င်းက ပြောသည်။
ဆက်လက်ပြီး ကျွဲတဲ ကျေးရွာ၊ ဝှီးဆဲကျေးရွာ၊ လက်ဆိုက်ကျေးရွာ များအပါအဝင် တခြား ကျေးရွာ စုစုပေါင်း ၁၁ ရွာကိုပါ ယနေ့ ဆက်တိုက် ဖျက်သိမ်းနေကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးကို မေးမြန်းရန် ဆက်သွယ်၍ ရရှိခဲ့ပေ။