လက်ပံတောင်း စီမံကိန်းနယ်မြေရှိ လျော်ကြေးငွေ မယူထားသည့် လယ်ယာမြေကို တရုတ် ဝမ်ပေါင် ကုမ္ပဏီက ခြံစည်းရိုး လာခတ် မှု အပေါ် မကျေနပ်သဖြင့် ဆန္ဒပြ တားမြစ်ခဲ့ကြသော ဒေသခံ ၉ ဦးကို ယနေ့ နံနက်ပိုင်းက လုံခြုံရေး တာဝန်ယူထားသည့် ရဲတပ်ဖွဲ့ ဝင်များက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း စုံစမ်း သိရှိရသည်။
ဖမ်းဆီးခံရသူများတွင် ဝက်မှေးရွာမှ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း တို့ပါဝင်ကြောင်း ဒေသခံ ရွာသားများက ပြောသည်။
စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ဝက်မှေးကျေးရွာကြားရှိ လျော်ကြေးငွေ မယူထား သည့် လယ်ယာ မြေများပေါ်တွင် ယနေ့ နံနက်ပိုင်း ၅ နာရီခန့်က စတင်ပြီး တရုတ် ဝမ်ပေါင် ကုမ္ပဏီက ဘူဒိုဇာ စက်ကြီးများဖြင့် ထိုးကော်ပြီး ခြံစည်းရိုး လာခတ်ခြင်း ဖြစ်ကြောင်း သိရသည်။
“အခုလို လုပ်မယ်ကြားလို့ ရွာသားတွေက ညကတည်းက စောင့်နေကြတယ်၊ ဝမ်ပေါင်ဘက်က မနက်ပိုင်းမှာ စက်ကြီးတွေနဲ့ ရှေ့က ရှင်း၊ နောက်က တိုင်တွေစိုက်ပြီး ခြံခတ်ကြတာ။ စက်ထိုးတာ၊ ခြံခတ်၊ တိုင်စိုက်တာ လူ ၁၀၀ နီးပါးလောက် ရှိမယ်၊ အားလုံး တရုတ် လူမျိုးတွေပဲ။ တရုတ်တွေရဲ့ လုပ်ဆောင်မှုကို ရဲဝန်ထမ်းတွေက ရှေ့က ကာပေးထားတယ်”ဟု ဒေသခံ ရွာသား တဦးဖြစ် သူ ကိုတင့်အောင်စိုးက ပြောပြသည်။
ယင်းသို့ ဝမ်ပေါင် ကုမ္ပဏီက ခြံစည်းရိုး လာခတ်သည့်အတွက် မကျေနပ်သည့် ဝက်မှေးရွာသူ၊ ရွာသားများက စက်ကြီးများ သွားမည့် လမ်းကြောင်းတွင် သွားရောက် တားမြစ်ပြီး ဆန္ဒပြခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“ရွာသူ၊ ရွာသားတွေကလည်း တားတယ်၊ အဲဒီလို တားလို့ မသွဲ့သွဲ့ဝင်းတို့ အမျိုးသမီး သုံးဦးနဲ့ အမျိုးသား သုံးဦးကို အရင် အချုပ် ကားပေါ် တင်တယ်၊ နောက်မှ အမျိုးသမီး သုံးဦးကို ထပ်ဖမ်းပြီး ခေါ်သွားတယ်၊ အခု ဘယ်ကို ခေါ်သွားတယ် ဆိုတာ ကျနော်တို့ မသိရသေးဘူး၊ အခုတော့ အဲဒီ မြေနေရာတွေမှာ ခြံစည်းရိုးတွေ အားလုံး ခတ်ပြီးပြီ”ဟု ကိုတင့်အောင်စိုးက ပြောသည်။
မသွ့ဲသွဲ့ဝင်းတို့ အဖမ်းခံရသည့် အခြေအနေနှင့် ပတ်သက်ပြီး ဆားလင်းကြီး မြို့မ ရဲစခန်းကို ဧရာဝတီမှ ဆက်သွယ် မေးမြန်းရာတွင် ရဲစခန်းမှ အထက်ပါ အခြေအနေများကို မသိရှိရသေးကြောင်း၊ ယနေ့ ဖြစ်ပွားမှုသည် တရုတ် ဝမ်ပေါင် ကုမဏီ အတွက် လုံခြုံရေး တာဝန် ယူထားသည့် ရဲများနှင့်သာ သက်ဆိုင်ကြောင်း ပြန်လည် ဖြေကြားသည်။
အဆိုပါ စီမံကိန်း အတွက် အနီးဝန်းကျင်ရှိ ဝက်မှေး၊ ဆည်တဲ၊ ဇီးတော၊ ကန်တော အပါအဝင် ရွာပေါင်း ၂၆ ရွာ ရွှေ့ပြောင်း ခဲ့ရပြီး စိုက်ပျိုး ဧက ၇၈၀၀ ကျော် သိမ်းဆည်းခြင်း ခံခဲ့ရကြောင်း သိရသည်။
သိမ်းဆည်း ခံထားရသည့် လယ်ယာမြေများ အတွက် တရုတ် ဝမ်ပေါင် ကုမ္ပဏီက ပထမ အကြိမ် မြေယာလျော်ကြေး ပေးခဲ့သော် လည်း ရွာသူ၊ ရွာသားတချို့က လက်ခံ ရယူခြင်း မရှိကြောင်း ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်က ရွာသားများအား ထောက်ပံ့ကြေး အနေဖြင့် မြေ အမျိုးအစား အပေါ် မူတည်ပြီး တရုတ် ဝမ်ပေါင် ကုမ္ပဏီက ကျပ် ၁၂ သိန်း၊ ၈ သိန်း၊ ၃ သိန်း အသီးသီး ပေးခဲ့ကြောင်းလည်း သိရသည်။
ဝမ်ပေါင် ကုမ္ပဏီက လယ်ယာမြေများ သိမ်းပိုက်ခြင်းနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၀ ရက်က ဝက်မှေး ရွာသူ၊ ရွာသားများက မုံရွာမြို့ ဆုတောင်းပြည့် ဘုရားတွင် ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်နှင့် ပတ်သက်ပြီး ဝှက်မှေးရွာသူများ ဖြစ် သည့် မသွဲ့သွဲ့ဝင်း၊ မအေးနက်တို့ အဖမ်းခံ ခဲ့ရသည်။