သတင်း

သံလွင်မြစ်ပေါ်က ရေကာတာ စီမံကိန်းများကို ကန့်ကွက်သွားမည်

This article has been converted from Zawgyi One to Unicode

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများကို လူထု ဆန္ဒသဘောထား ကောက်ခံပြီး မော်လမြိုင်မြို့တွင် ကန့်ကွက်မှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် သံလွင်မြစ် တလျှောက် နေထိုင်ကြသည့် ကျေးရွာ ဒေသခံများထံမှ လူထုဆန္ဒ သဘောထားကို ဇန်နဝါရီလက စတင်ကောက်ယူရာတွင် ယခုအချိန်အထိ လက်မှတ်ပေါင်း ၂၁၀၀၀ ခန့်ရရှိထားပြီးဖြစ်ကြောင်း ကရင် မြစ်ချောင်းများ စောင့်ကြည့်ရေး အဖွဲ့မှ စောသာဘိုးက ဧရာဝတီသို့ ပြောသည်။

ဆန္ဒ ဖော်ထုတ်မည့် အစီအစဉ်ကို လာမည့် မတ်လ ၁၄ ရက်၌ မော်လမြိုင်မြို့တွင် ပြုလုပ်ရန် စီစဉ်ထားပြီး ကောက်ခံ ရရှိထား သည့် လက်မှတ်များအား အစိုးရနှင့် သက်ဆိုင်ရာဌာနများ အပါအဝင် ထိုင်းအစိုးရ၊ တရုတ် အစိုးရနှင့် ကုမ္ပဏီများထံ ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စီမံကိန်းတွေ စနေတာ ဒေသခံတွေ မသိသေးတဲ့ အတွက် ဒေသခံ သိလာအောင်၊ ဒီစီမံကိန်းဟာ လူထု အတွက် အကျိုးမရှိဘူး၊ လျှပ်စစ်ထုတ်မယ့် စုစုပေါင်း ၃၀ ရာခိုင်နှုန်းကျော်က ထိုင်းနဲ့ တရုတ်ကို ရောင်းမယ်၊ ၁၀ ရာခိုင်နှုန်းပဲ မြန်မာပြည် အတွက် သုံးမယ်၊ ပြည်တွင်းက အစိုးရနဲ့ ကုမ္ပဏီတွေ ရဦးမယ် ဆိုတော့ ပြည်သူတွေရဖို့ မသေချာဘူး ဒီကိစ္စကို ပြည်သူလူထု သိလာအောင် ရည်ရွယ် ချက်နဲ့ လုပ်တာပါ”ဟု စောသာဘိုးက ပြောဆိုသည်။

ရှမ်းပြည်နယ် တောင်ပိုင်း သံလွင် မြစ်ပေါ်ရှိ တာဆန်း အပါအဝင် ကွမ်လုံနှင့် ကယားပြည်နယ်မှ ရွာသစ် ရေအားလျှပ်စစ် စီမံကိန်း တို့ကို စတင် တည်ဆောက်ရန် လမ်းဖောက်ခြင်းနှင့် ကွင်းဆင်း လေ့လာမှုများ ပြုလုပ်နေကြောင်းလည်း ၎င်းက ဆိုသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးမြင့်ဇော်က သံလွင်မြစ်ပေါ်တွင် ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် ရေအား လျှပ်စစ် စီမံကိန်း ၆ ခုကို နိုင်ငံခြား ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း ပြောကြား ထား သည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ကျင်းပခဲ့သည့် ပထမ အကြိမ် ပြည်သူ့ လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် အလုံ မဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်က သံလွင် မြစ်ပေါ်တွင် တည်ဆောက်မည့် လျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဒုဝန်ကြီး ဦးမြင့်ဇော်က ယင်းသို့ ဖြေကြားခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်း ၆ ခုမှာ ၁၄၀၀ မဂ္ဂါဝပ် ထုတ်လုပ် နိုင်မည့် အထက်သံလွင် (ကွမ်လုံ)၊ ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နောင်ဖ၊ ၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် မန်တောင်း၊ ၇၁၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အထက်သံလွင် (မိုင်းတုံ)၊ ၄၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင် မည့် ရွာသစ်၊ ၁၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းတို့ ဖြစ်ကြောင်း သိရသည်။

ယခင် စစ်အစိုးရ လက်ထက်၌ တရုတ်နှင့် ထိုင်းနိုင်ငံရှိ ကုမ္ပဏီများ ပူးပေါင်းပြီး သံလွင် မြစ်မကြီးနှင့် မြစ်လက်တက်များ ပေါ်တွင် ရေကာတာများ တည်ဆောက်ရန် လျာထားခဲ့ကြောင်း၊ တရုတ်ကုမ္ပဏီများ အဓိက တာဝန်ယူ ဆောက်လုပ်နေသည့် ရေအားလျှပ်စစ် စီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ပမာဏ ၃၅၆၄၀ မဂ္ဂါဝပ် ထွက်ရှိရန် မျှော်လင့်ထားပြီး အများစုကို တရုတ်သို့ တင်ပို့ ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

ယင်းရေကာတာ စီမံကိန်းများကို Generating Authority of Thailand (EGAT) ကုမ္ပဏီ၊ China Three Gorges Project Development Corporation (CTGPDC) ကုမ္ပဏီ၊ မြန်မာနိုင်ငံဘက်မှ Shwe Taung Hydropower Company နှင့် Myanmar Electric Power Enterprise ကုမ္ပဏီတို့က တည်ဆောက်မည် ဖြစ်ကြောင်း မြန်မာ မြစ်ချောင်းများ ဆိုင်ရာ ကွန်ရက် မှတ်တမ်းများတွင် ဖော်ပြ ထားသည်။ မှတ်တမ်းအရ ယင်းဆည် တည်ဆောက်မှုနှင့် ပတ်သက်၍ ဆိုးကျိုးများကို ဒေသခံများအား အသိပေးခြင်း မရှိဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အချိန်အထိ ကချင်၊ ရှမ်း၊ ကယားပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများတွင် ဆောက်လုပ်နေဆဲ ရေကာတာ စီမံကိန်း၂၁ ခု ရှိကြောင်း သိရသည်။

Loading