မြန်မာအစိုးရအနေဖြင့် အပစ်ရပ်ရေးနှင့်ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် တိုင်းရင်းသား ပြည်နယ် တပ်မတော်များ ထူထောင်ခွင့် ပြုရမည်ဖြစ်ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၏ ဒု စစ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ က ပြော သည်။
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဝဲကြီးကျေးရွာတွင် ဇန်နဝါရီ ၂၅ ရက်က ဧရာဝတီ သတင်းဌာနနှင့် ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ သီးသန့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတွင် အမျိုးသားတပ်မတော် တခုတည်းရှိရမည်ဟု ပြဋ္ဌာန်းထားသော်လည်း တိုင်းရင်းသား များ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး တောင်းဆိုနေသည့် အတွက် မြန်မာနိုင်ငံ အနေဖြင့် တပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု မည် သို့ လုပ်ဆောင်သင့်သနည်းဟု ဧရာဝတီ သတင်းဌာနက မေးမြန်းခဲ့သည်။
ထိုမေးမြန်းချက်ကို ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲများနှင့် အစိုးရတပ်မတော်ကို ပြည် ထောင် စု တပ်မတော်အဖြစ် ပူးပေါင်းဖွဲ့စည်းရန် ခက်ခဲမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် ၎င်းတို့၏ ပြည်နယ်အလိုက် အုပ်ချုပ်လိုကြကြောင်း၊ အစိုးရ တပ်မတော်အပြင် တိုင်းရင်းသား ပြည်နယ် တပ်မတော်များ ထူထောင်သင့်ပြီး အစိုးရ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ သို့ရာတွင် ပြည်နယ် တပ်မတော်များသည် အစိုးရတပ်မတော်၏ စီမံခန့်ခွဲမှုအောက်တွင် ရှိရန် မလိုအပ်ကြောင်း ၎င်းက ဆိုသည်။
ဦးအောင်မင်း ဦးဆောင်သော အစိုးရငြိမ်းချမ်းရေးကော်မတီ၏ ဆောင်ရွက်ချက် လမ်းကြောင်းအတိုင်း တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ ခေါင်းဆောင်တချို့က လိုက်ပါလျှောက်လှမ်းနေကြသော်လည်း ၎င်း အနေဖြင့် ထိုလမ်းကြောင်းအတိုင်း လျှောက်လှမ်း မည်မဟုတ်ဘဲ သတိကြီးစွာ ရှိနေကြောင်း၊ ၎င်းအနေဖြင့် အစိုးရချပြသည့် လမ်းစဉ်ကို မကြာခဏ သဘောမတူ ကန့်ကွက်ခဲ့ပြီး အစိုးရပိုင်းက မိမိသည် ငြိမ်းချမ်းရေးလမ်းစဉ်ကို မထောက်ခံဘဲ ပြိုကွဲပျက်စီးရန်လုပ်မည့်သူ အဖြစ် စိုးရိမ်ကြောင်းလည်း သူက ဆက်ပြောသည်။
“နော်ဝေက ထောက်ပံ့ပေးထားတဲ့ ငြိမ်းချမ်းရေး MPSI ဥက္ကဋ္ဌ Charles Petrie က ကျနော့်ကို ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ပျက်စီး အောင် လုပ်မယ့်သူ မဟုတ်ဘူး မဟုတ်လားဆိုပြီး ၃ ကြိမ်မေးတယ်။ ကျနော်လည်း ပြန်ဖြေလိုက်တယ်။ ကျနော် ငြိမ်းချမ်းရေးဆွေးနွေး မှုကို ဖျက်ဆီးမှာမဟုတ်ဘူး။ ဒါပေမယ့် ကျနော် တည်တံ့ခိုင်မာတဲ့ ငြိမ်းချမ်းရေး ဖြစ်အောင် သင့်တော်တဲ့ နည်းလမ်းတွေနဲ့ လုပ် ချင်တယ်လို့ ကျနော် ပြောလိုက်တယ်”ဟု ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ဆိုသည်။
ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲသည် ယခင် က KNLA တပ်မဟာ ၅ ၏ တပ်မဟာမှူး တာဝန်ယူခဲ့သူ ဖြစ်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာ လ အတွင်း က ကျင်းပသည့် ကရင်အမျိုးသား အစည်းအရုံး(KNU) ညီလာခံက ဒုတိယ စစ်ဦးစီးချုပ်အဖြစ် တိုးမြှင့် တာဝန်ပေးအပ်ခြင်းခံရသူ ဖြစ်သည်။
KNLA တပ်မဟာ ၅ သည် အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်ရာတွင် ခေါင်းမာ သဘောထားတင်းမာသော တပ်ရင်းတပ်ဖွဲ့ အဖြစ် သုံးသပ်ပြောဆိုမှုများရှိနေပြီး KNLA တွင် တပ်မဟာ ၅ သည် အင်အားအကြီးမားဆုံးသော တပ်မဟာတခု ဖြစ်သည်။