ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် လေးနှစ်ဗီဇာ သက်တမ်းကုန်ဆုံးသွားသော အလုပ်သမားများအနေဖြင့် ထိုင်းရဲဖမ်းဆီးမခံရစေရန် နှစ်နိုင်ငံ သဘောတူညီချက် MOU တွင်ပါသည့်အတိုင်း မြန်မာပြည်သို့ပြန်ပြီးမှ ပြန်လည်ဝင်ရောက်သင့်ကြောင်း မြန်မာအလုပ်သမားရေးရာ သံအရာရှိ ဦးကျော်ကျော်လွင်က ပြောဆိုသည်။
၂၀၀၉ ခုနှစ်က လက်မှတ်ထိုးထားသည့် MOU တွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားများအနေဖြင့် လေးနှစ်ဆက်တိုက် အလုပ်လုပ်ပြီးပါက မြန်မာပြည်တွင် ၃ နှစ် ပြန်လည်နေထိုင်ပြီးမှသာ ထိုင်းနိုင်ငံသို့ ပြန်ဝင်ခွင့်ရမည် ဖြစ်သည်။
သို့သော် မနှစ်က ထိုင်း၊ မြန်မာအလုပ်သမားအရာရှိများ ဆွေးနွေးချက်များအရ အလုပ်သမားများကို ၃ နှစ်အစား ၁ လ ပြန်နေရန်၊ နောက်ဆုံးတွင် နယ်စပ်သို့ တညသာ ပြန်ပြီး နယ်စပ်ရုံးများတွင် ဗီဇာသက်တမ်းတိုးပြီးပြန်လာရန် လျော့ချသဘောတူညီထားခဲ့သည်။ ယမန်နှစ်ဆွေးနွေးချက်များသည် ထိုင်းအစိုးရ ဝန်ကြီးဌာနမှ တရားဝင် လက်မှတ်ထိုး ထုတ်ပြန်ထားခြင်း မဟုတ်ပေ။ ထို့အပြင် လက်ရှိ ထိုင်းနိုင်ငံရေးမတည်မငြိမ်မှုများကြောင့် အလုပ်သမားများ သက်တမ်းတိုးရေးအတွက် နယ်စပ်ရုံးများ ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။
မြန်မာသံရုံးက သက်တမ်းကုန်အလုပ်သမားများ ဆက်လက်နေထိုင်ခွင့်ရပြီး ဖမ်းဆီးမှု မလုပ်ရန် မေတ္တာရပ်ခံထားသော်လည်း ထိုင်းမြို့နယ် တချို့တွင် ဖမ်းဆီးမှုများ ရှိနေဆဲဖြစ်သည်။ ထို့အတွက် မည်သို့ ကူညီလုပ်ဆောင်ပေးနိုင်မလဲဟု မေးမြန်းရာတွင် “ကျနော်တို့ နှစ်နိုင်ငံ MOU စာချုပ်ထဲမှာပါတဲ့အတိုင်း အလုပ်သမားတယောက်က ၂ နှစ်၂ ခါနဲ့ လေးနှစ်နေ။ ၃ နှစ်ပြန်ရမယ်။ နောက်တခါကျတော့ ၁ လ ပြန်လျော့တယ်။ နောက်တခါကျတော့ ပြန်လျော့ပီး အမြန်ဆုံးရအောင် သူတို့ကြိုးစားပေးမယ်။ ဒါပဲ ပြောတာ။ သူတို့လည်း မဖမ်းဘူးလို့မှ မပြောတာ။ ကျနော်တို့ဘက်ကလည်း သူတို့ မဖမ်းအောင် တတ်နိုင်သလောက် မေတ္တာရပ်ခံတယ်။ ဒါပဲ လုပ်လို့ရမှာပေါ့” ဟု အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်က ဆိုသည်။
ဖမ်းဆီးခံရမှုများမှ လွတ်မြောက်ရန် အကောင်းဆုံး နည်းမှာ ထိုင်းဥပဒေအတိုင်း လိုက်နာသင့်ကြောင်း သူက ဆိုသည်။
“အလုပ်သမားတွေအနေနဲ့ ထိုင်းဥပဒေအတိုင်း လိုက်နာတာ အကောင်းဆုံးပေါ့။ ထိုင်းဥပဒေက ဘယ်လိုပြောထားလဲ။ ကျနော်လည်း ဘယ်လိုသွားပြောလို့ရမှာလဲ။ တတ်နိုင်သမျှ ဆောင်ရွက်ပေးတယ်။ ဒါပေမယ့် ဗီဇာပြည့်သွားတဲ့လူကတော့ နိုင်ငံတကာ ဥပဒေအတိုင်း ရှိမယ်။ ဗီဇာပြည့်သွားရင် နေလို့ မရဘူး၊ ပြန်။ ပြန်ပြီးတော့ စာအုပ်အသစ်၊ ဗီဇာအသစ် လုပ်ပြီး ပြန်တက်လာ။ ဒါ ထုံးစံပဲလေ။ အခုလောလောဆယ် အဆင်မပြေစဉ် ကာလမှာတော့ အဲဒါပဲ လိုက်နာရုံရှိတာပေါ့”ဟုလည်း ပြောဆိုသည်။
ဗီဇာသက်တမ်းတိုးရန် နယ်စပ်ရုံးများ မဖွင့်နိုင်သေးဘဲ ဖွင့်ဖို့ကြိုးစားနေဆဲ ဖြစ်ကြောင်း မြန်မာသံရုံးမှ အလုပ်သမားဆိုင်ရာ သံအရာရှိက ဆိုသည်။ “(အလုပ်သမား) အေဂျင်စီတွေရှိတယ်။ အေဂျင်စီနဲ့ချိတ်ပြီး MOU နဲ့ပြန်တက်လာလို့ရတာပဲ။ အလုပ်သမားအသစ်အနေနဲ့ အလုပ်ရှင်နဲ့ တခါတည်း ချိတ်ဆက်ပြီး အလုပ်သမားခေါ်လွှာ (demands) ယူပြီး ဆောင်ရွက်လို့ရတာပဲ”ဟုလည်း ဆိုသည်။
ထိုင်းသတင်းများတွင် MOU အရ အလုပ်သမားတဦး မြန်မာပြည်ထဲ ပြန်နေရမည့် အချိန်သည် ၃ နှစ်ဖြစ်ပြီး မနှစ်က အစည်းအဝေးများတွင် ပြန်နေရမယ့်ရက် လျော့ချပြင်ဆင်ခြင်းများအား ထိုင်းအစိုးရအနေဖြင့် အတည်မပြုထားသေးကြောင်း သိရသည်။ “အတည်ပြုတာ မပြုတာကတော့ သူတို့အပိုင်းပေါ့။ နှစ်နိုင်ငံ အစည်းအဝေး ဆုံးဖြတ်ချက်တွေအရ တလထိ လျော့ချမယ်လို့ပါပြီးသား။ နောက်ဆုံးအချက်ကတော့ အမြန်ဆုံး ဆောင်ရွက်ပေးမယ်လို့ပါပြီးသား။ အဲဒီမှာကျတော့ အချိန်ကာလ သတ်မှတ်ချက် မပါဘူးပေါ့နော်။ ဒါ ကျနော်တို့ဘက်မှာ အထောက်အထားနဲ့ ရှိတဲ့ဟာပေါ့” ဟု ဦးကျော်ကျော်လွင်က ဆိုသည်။
ထိုင်းနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော နိုင်ငံရေးပြဿနာတွေကြောင့် အစိုးရအဖွဲ့ လုပ်ငန်းများ ရပ်ဆိုင်းထားရပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ ထိုင်းရွေးကောက်ပွဲအပြီး အစိုးရသစ်လက်ထက်တွင်မှ မြန်မာအလုပ်သမား ကိစ္စကို ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ဦးကျော်ကျော်လွင်က ဆက်ပြီး “ခုနက အတည်မပြုရသေးဘူးဆိုတာက ကျနော်တို့ဘက်က သက်တမ်းကုန်သွားတဲ့အလုပ်သမားတွေ အလုပ်ဆက်လုပ်နိုင်ဖို့ ရက်ပေါင်း ၁၈၀ ထပ်နေခွင့်ပြုပေးဖို့လည်း ထိုင်းအစိုးရဆီမှာ ပြောထားတယ်။ ဒါကတော့ အစိုးရအဖွဲ့က အတည်မပြုရသေးဘူး”ဟု ဆိုသည်။
သက်တမ်းကုန်လွန်သွားသည့် အလုပ်သမား သောင်းဂဏန်းကျော်ရှိပြီး ၂၀၁၄ ခုနှစ်ကုန်တွင် သက်တမ်းကုန်မည့်သူ ၁ သိန်းကျော်ထိ ရှိနိုင်ကြောင်း သိရသည်။ သို့သော် မဟာချိုင်ဒေသတခုတည်းမှာပင် သက်တမ်းကုန်ဆုံးတော့မည့်သူ တသောင်းကျော်ရှိနေပြီး သက်တမ်းလွန်အလုပ်သမားများကို တချို့အလုပ်ရှင်များမှ အလုပ်ထုတ်လိုက်ခြင်းများလည်း ရှိကြောင်း တချို့မှာ ဖမ်းဆီးမခံရအောင် အာဏာပိုင်များထံ ငွေပေးနေရသူများရှိကြောင်း မဟာချိုင်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) အတွင်းရေးမှူး ဦးခိုင်ကြီးက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ မဟာချိုင်က MPP ငါးသေတ္တာ စက်ရုံမှာ လွန်ခဲ့တဲ့ ၂ ပတ် (ဇန်နဝါရီ လလယ်)က အလုပ်သမား ၂၈ ယောက် ဗီဇာကုန်လို့ အလုပ်ရှင်က မောင်းထုတ်လိုက်ပြီ။ နောက်ထပ် အလုပ်သမား ၃၀၀ ကျော်လောက်ကလည်း ဖေဖော်ဝါရီ ၅ ရက်နေ့မှာ သက်တမ်းကုန်တော့မှာ။ သူတို့ အလုပ်ရှင်က ဆက်မခန့်တော့ဘူး ပြောနေတယ်” ဟု ဆိုသည်။
အလုပ်သမားရေး လှုပ်ရှားသူများအဆိုအရ တရားဝင်မှတ်ပုံတင်ထားသော အလုပ်သမား ၁.၇ သန်းထဲမှ တသိန်းကျော်သည် နောက်လတွင် ဗီဇာသက်တမ်း လေးနှစ်ပြည့်ကြတော့မည်ဟု သိရသည်။
“အစိုးရဆီမှာ ၂၀၀၉ ခုနှစ် နှစ်စပိုင်းက အလုပ်သမား ပတ်စပို့ စလုပ်တဲ့လူတွေရဲ့ အချက်အလက်စာရင်းတွေ ရှိတောင်ရှိပါ့မလားလို့ ကျနော်သံသယဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အလုပ်သမားသံအရာရှိတို့ ပြောပြောနေတဲ့ လူ ၁ သောင်းကျော်ပဲ ရှိတယ်ဆိုတာ ကျနော်တို့ အံ့သြနေတယ်။ ဒါ တနိုင်ငံလုံး ဖြစ်နိုင်ပါ့မလား။ ကျနော်တို့ မဟာချိုင်က စက်ရုံတွေမှာတင် လူ ၁ သောင်း မကတော့ဘူး။ ၂၀၀၉ ဖေဖော်ဝါရီမှာ မဟာချိုင်က အလုပ်သမားတွေ တာချီလိတ်မှာ သွားလုပ်ကြတာ။ တပတ်တပတ်ကို ၃-၄ ရာ ရှိတယ်” ဟု ကိုခိုင်ကြီးက ပြောသည်။
အလုပ်သမားများအတွက် တစုံတရာ မလုပ်ပေးနိုင်ပါက လုပ်အားခေါင်းပုံဖြတ်မှု၊ လူကုန်ကူးမှု စသည့် ယခင်က အလုပ်သမားများ ကြုံတွေ့ခံစားခဲ့ကြရသည့်အတိုင်း တပတ်ပြန်လည်မည့် အခြေအနေအတွက် စိုးရိမ်ရကြောင်းလည်း သူက ဆိုသည်။
“အခု မဟာချိုင်မှာကိုပဲ သက်တမ်းလွန်သွားလည်း ဆက်နေလို့ရအောင်။ ခုက တော်တော်များများက သက်ဆိုင်ရာ ထိုင်းအာဏာပိုင်နဲ့ ရဲနဲ့ကို ငွေပေးပြီး နားလည်မှုနဲ့ နေထိုင်ခွင့်ရအောင် ဖန်တီးနေကြပြီ။ ကတ်ကလေးတွေ ထုတ်ပေးထားတယ်။ ဒီမြို့နယ်ထဲမှာ မဖမ်းဘူးပေါ့။ အထက်ကသိရင်တော့ ဖမ်းတာပေါ့။ အလုပ်ခွင်ထဲကနေ အပြင်ကိုတော့ လွတ်လွတ်လပ်လပ် သွားလို့မရဘူးပေါ့။ အရင်ကလို ပိတ်လှောင်ပီး အလုပ်လုပ်ရမယ့် အခြေအနေတွေပေါ့။ ဒါ အရင်ကလိုပဲ ပြန်ဖြစ်နေတာ။ ဒီလိုဆိုရင် သူတို့အတွက် လုပ်အားခ တန်းတူရဖို့ အလုပ်သမားအခွင့်အရေး အပြည့်အ၀ ရဖို့ အာမခံချက် လုံး၀ မရှိတော့ဘူး”ဟုလည်း ပြောသည်။
“မြန်မာသံရုံးကနေပြီးတော့ အလုပ်သမားတွေကို ပြန်ရင်လည်းပြန်၊ မဟုတ်ရင်လည်း ဘာလုပ်သင့်တယ်ဆိုတာ တရားဝင်ကြေညာတာမျိုး လုပ်သင့်တယ်” ဟု ဦးခိုင်ကြီးက အကြံပြုသည်။