ရခိုင်လူမှု အဖွဲ့အစည်းများ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ရောက်ရှိနေသည့် ရခိုင် တိုင်ရင်းသားခေါင်းဆောင်နှစ်ဦးဖြစ်သော ဒေါက်တာအေးမောင်နှင့် ဦးအေးသာအောင်တို့ကို ဖေဖော်ဝါရီလ ၅ ရက် ညပိုင်းတွင် သေနတ်ပစ်ခတ်လုပ်ကြံခံရမှုမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော ဘာသာရေး လူမျိုးရေး ပဋိပက္ခများနှင့် ဆက်စပ်မှု ရှိနေကြောင်း ရခိုင်တိုင်းရင်းသားခေါင်းဆောင်များက ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“ရခိုင်အချင်းချင်း လုပ်ကြံတာတော့ လုံးဝမဟုတ်ပါဘူး။ အကြမ်းဖက်မှုနဲ့ ဆက်နွယ်တဲ့ကိစ္စတွေပါ။ ပြည်တွင်းကိစ္စတွေနဲ့ ဆက်စပ်မှု ရှိနိုင်ပါတယ် ” ဟု ဒေါက်တာအေးမောင်က ပြောသော်လည်း မည်သည့်အဖွဲ့အစည်းက ပါဝင်ပတ်သက်ကြောင်း မပြောဆိုပေ။
ဒေါက်တာအေးမောင်နှင့် ဦးအေးသာအောင်တို့ ဦးဆောင်သော ရခိုင်တိုင်းရင်းသားအဖွဲ့သည် ဖောဖော်ဝါရီလ ၅ ရက်နေ့ ည ၁၁ နာရီခန့်တွင် ကွာလာလမ်ပူ မြို့အလယ် Law Yat ပလာဇာ မှ ဈေးဝယ်ပြန်လာစဉ် ၎င်းတို့စီးလာသည့် BMW ကားအနီးသို့ လူနှစ်ယောက်ပါသော မော်တော်ဆိုင်ကယ်တစီး ကပ်ပါလာပြီး သေနတ်ဖြင့် အချက်များစွာ ပစ်ခတ်ခဲ့သော်လည်း ကျည်ကာမှန်ဖြစ်သောကြောင့် ကားအတွင်းရှိသူများ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ယင်းကားပေါ်တွင် လိုက်ပါလာသူ ဦးအေးသာအောင်က ပြောသည်။
“ပထမ ပစ်သံတချက်ကြားတုန်းက ကားဘီးပေါက်တယ်ထင်တာ။ ထပ်ပြီး ပစ် ပစ် ထပ်ပစ်လို့ မြန်မာလို မပီတပီ ပြောတဲ့ အသံကြားမှ ဘေးကတယောက်က ပစ်ပြီ ပစ်ပြီ ပြေးပြေးဆိုပြီး ကားမောင်းပြေးခိုင်းရတာ။ ရှေ့က ဆိုင်ကယ် ဦးထုတ်ဆောင်းထားတဲ့သူမှာ မုတ်ဆိတ်မွှေးပါတယ်။ အပစ်ခံရတဲ့နေရာက ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုနဲ့ နီးနေတော့ CCTV တပ်ထားတာမျိုး မရှိဘူး ” ဟု ဦးအေးသာအောင်က ပြောသည်။
ဒေါက်တာအေးမောင်တို့ အဖွဲ့မှာ မလေးရှားနိုင်ငံသို့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ရောက်ရှိသွားခဲ့ပြီး မလေးရှားပြည်သူ့စစ်အဖွဲ့၊ ပြည်ထဲရေးနှင့် ရခိုင်အဖွဲ့အစည်းများက လုံခြုံရေး ယူပေးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မလေးရှား ထောက်လှမ်းရေး ရောက်ရှိလာပြီး ၎င်းတို့ အစိုးရထံသို့ ပစ်စာများတွင် ဒေါက်တာအေးမောင်တို့ အဖွဲ့သည် မလေးရှားရောက် ရခိုင်များကို လာမြှောက်ပင့်ပေးနေသည်ဟု စွပ်စွဲထားသည့်အတွက် စုံစမ်းသွားခဲ့ကြောင်း၊ ၎င်းတို့မှာလည်း ရခိုင်လူမှုအဖွဲ့အစည်းက ဖိတ်ခေါ်သော ခရီးစဉ် ဖြစ်သောကြောင့် မြန်မာသံရုံးကို သတင်းပို့ရန် ပျက်ကွက်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြသည်။
နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ၏ ဖေ့ဘုတ်စ် စာမျက်နှာတွင် ဒေါက်တာအေးမောင် ဦးဆောင်သောသူ ၆ ဦးသည် ၎င်းတို့ အစီအစဉ်ဖြင့် အလည်အပတ်သွားရောက်သော ခရီးစဉ် ဖြစ်သည့်အတွက် သံရုံးနှင့် အဆက်အသွယ် မရှိခဲ့ဘဲ သာမန်နိုင်ငံကူးလက်မှတ်(အနီ)နဲ့ သွားခဲ့ကြဖြင့် သွားခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် မြန်မာသံရုံးကို ဆက်သွယ်အကြောင်းကြားလာသည့်အတွက် မလေးရှား အစိုးရက သေနတ်ဖြင့် အပစ်ခံရသည့် ဖြစ်စဉ်ကို သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်ထားပြီး ဖြစ်ကြောင်း ရေးသားထုတ်ပြန်သည်။
“ မြန်မာနိုင်ငံ သံရုံးအနေနဲ့ သတင်းကြားသိလျှင်ကြားသိခြင်း မလေးရှားအစိုးရ တာဝန်ရှိသူတွေကို အမြန်ဆုံး ဆက်သွယ်ပြီး ညတွင်းချင်းပဲ ဒေါက်တာအေးမောင်နဲ့အဖွဲ့ရဲ့ လုံခြုံရေးကို ဆောင်ရွက်ပေးခဲ့ပါတယ်။ မလေးရှား ပြည်ထဲရေး ဝန်ကြီး ဌာနဟာလည်း မြန်မာသံရုံးရဲ့ ဆက်သွယ်ဆောင်ရွက်မှုအရ တည်းခိုရာ Le Meridiens ဟိုတယ်ကနေ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်အထိ လမ်းကြောင်းတစ်လျှောက်ကို မလေးရှား ရဲချုပ်ရုံး၊ Special Branch က စေလွှတ်တဲ့ လက်နက်ကိုင်လုံခြုံရေးအစောင့်အရှောက်တွေ၊ မြန်မာသံရုံးနဲ့ မြန်မာစစ်သံရုံးတို့က ဝန်ထမ်းတွေနဲ့ လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ဦးဇော်ဌေးက ရေးသားထားသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာနိုင်ငံသံရုံးအနေဖြင့်လည်း လက်နက်ကိုင် အကြမ်းဖက်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် အလေးထားပြီး မလေးရှား အစိုးရနဲ့ ဆက်လက် ညှိနှိုင်း ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ဒေါက်တာအေးမောင် ၊ ဦးအေးသာအောင်နှင့် အဖွဲ့ကို လေဆိပ်တွင် ကြိုဆိုသူ ၁၀၀ ခန့်က ပိုစတာများတွင် “ မလေးရှားနိုင်ငံ အစ္စလာမ် အစွန်းရောက်တို့၏ ဘေးအန္တရယ်မှ လွတ်မြောက်လာသော ရခိုင်အမျိုးသား ခေါင်းဆောင် ဒေါက်တာအေးမောင်နှင့် အဖွဲ့ကို ကြိုဆိုပါ၏ ဟူ၍ လည်းကောင်း၊ အစွန်းရောက်ဝါဒ ကျဆုံးပါစေ၊ အကြမ်းဖက်သမား အလိုမရှိ ” ဟု ဆိုပြီး ကြိုဆိုခဲ့ကြသည်။