“ဖက်ဆစ် ဂျပန်တွေဟာ လူစိတ်မရှိကြဘူး မြေးရဲ့”။ လွတ်လပ်ရေးမရမီခေတ်မှာ လူလားမြောက်ခဲ့ရသော အဘွားက ပြောပြဖူးသည်။ “ဒီကောင်ယုတ်မာလိုက်တာကွာ။ လူစိတ်မှ ရှိသေးရဲ့လား မသိဘူး”။ အရွယ်ရောက်လာတော့ ဤစကားမျိုးတွေကို ကြားလာရတတ်သည်။ “ဟိုလူကတော့ နေရာလေးရတာနဲ့ လူစိတ်ပျောက်သွားပြီဟေ့”။ ဒါကလည်း ရံဖန်ရံခါ ကြားရတတ်သော စကားဖြစ်သည်။ ကြားရတိုင်းလည်း လူဖြစ်ပါလျက် လူ၌ရှိသော “စိတ်” ပျောက်သွားရသော အကြောင်းရင်းကို စဉ်းစားနေမိသည်။
လူ့ကိုယ်တွင်းက လူ့စိတ်သည် အဘယ့်ကြောင့် ပျောက်သွားရပါသနည်း။ လူ့စိတ်ပျောက်သောအခါ မည်သည့်စိတ်မျိုး ဝင်လာတတ်ပါသနည်း။ စာပေနှင့် မွေ့လျော်တတ်သော အရွယ်ရောက်လာခါမှ လောဘ၊ ဒေါသ၊ မောဟ၊ ဣဿမစ္ဆရိယ၊ မာန်မာန စသော အကုသိုလ် စေတသိက်တွေ လက်ချက်ကြောင့် လူ့ပကတိစိတ်ပျောက်ကွယ်သွားရသည့် အကြောင်းကို ရိပ်စားမိလာခဲ့သည်။ ပျောက်သွားသော လူ့စိတ်နေရာတွင် အစားထိုး ဝင်ရောက်လာတတ်သည်မှာလည်း တိရစ္ဆာန်စိတ်ဖြစ်ကြောင်း အံ့သြထိတ်လန့်ဖွယ် သိမြင်လာခဲ့ရသည်။
ယခုတလောဖတ်ရသည့် ဂျာနယ်သတင်း တော်တော်များများကလည်း စိတ်မချမ်းမြေ့စရာတွေ ဖြစ်သည်။ ကြောက်လန့်စရာဟုပင် ဆိုရပါမည်။ ကြည့်ပါဦး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ကျိုင်းတုံမြို့မှာ အမျိုးသားတဦးက သူသဘောမတူသူနှင့် အိမ်ထောင်ပြုထားသည့် သမီးနှင့်သမက်ကိုရော၊ နှစ်လသားအရွယ် မြေးကလေးကိုပါ တောင်ယာခင်းထဲ ဓားနှင့်ထိုးသတ်ခဲ့လေသတဲ့။ ထိုအမှုအမျိုးနှင့် ဆင်တူသည့် မိသားစုဝင်တွေ အသတ်ရခံမှုမျိုးမှာ မူဆယ်နှင့် သံတောင်မြို့တွေမှာလည်း ဖြစ်ပွားခဲ့သေးသည် ဆို၏။
အင်တာနက်ထဲ ဖတ်လိုက်ရသော သတင်းတပုဒ်ကတော့ ကြက်သီးထဖို့ပင် ကောင်းသေးသည်။ မိုးညှင်းမြို့နယ်မှာ အရက်အမူးလွန်နေသော ဖခင်က ၁၁ လသား အရွယ်သားလေးကို သင်္ချိုင်းကုန်းသို့ ခေါ်ဆောင်သွားပြီး ရိုက်သတ်ခဲ့သည့် သတင်းဖြစ်သည်။ သေရည်ယစ်မူးနေသော ဗြဟ္မဒတ် ဘုရင်ကြီး မိမိသားတော်ကို သတ်၍ ပွဲတော်တည်ခဲ့သည့် ဖြစ်ရပ်ကို သတိရပါသည်။ ခေတ်သစ် အဇာတသတ်ဟု ခေါင်းစဉ်တပ်ထားသည့် သတင်းတပုဒ်ကိုလည်း ဂျာနယ်တစောင်မှာ ဖတ်ရသောအခါ ခေါင်းနပန်း ကြီးသွားရပြန်သည်။ ဖခင်က ဆိုဆုံးမသည်ကို မကျေနပ်၍ သားအရင်းက ဓားနှင့်ထိုးသတ်လိုက်သည်ဆိုသော သတင်း။ ဗုဒ္ဓဘာသာဝင်တွေ နေထိုင်ကြရာ မြန်မာပြည်အတွင်းမှာ ဖြစ်ပွားသည့် ဖြစ်ရပ်များပင် ဟုတ်ပါလေစဟု သံသယဖြစ်စရာပင် ဖြစ်ပါသည်။
ကျနော်က ပရဟိတလုပ်ငန်းတခုတွင် တပိုင်တနိုင် ပါဝင်လုပ်ကိုင်နေသူ ဖြစ်လေတော့ တနေ့က လူတယောက် အိမ်ကို ရောက်လာပြီး အကူအညီတောင်းသည်နှင့် ကြုံရသည်။ အကြောင်းရင်းက သူရပ်ဝေးသို့ အလုပ်သွားနေစဉ် နေအိမ်ရှိ သမီးနှင့်သားကို လူတယောက်က ဓားနှင့်လာခုတ်ပြီး ပြန်သွားသည်။ မောင်နှမ နှစ်ဦးလုံး သွေးအိုင်ထဲ သတိလစ်မေ့မျောနေပြီး တော်တော်လေးကြာမှ အိမ်နီးချင်းတွေ မြင်တွေ့ပြီး ဆေးရုံသို့ိ ပို့လိုက်ရသည်။ ယခု သူတို့နှစ်ဦး အသက်အန္တရာယ် စိုးရိမ်နေရ၍ ဖခင်တယောက်အနေနဲ့ ဆေးဖိုးဝါးခ အကူအညီ လာတောင်းခံခြင်းဖြစ်သည်။ တရားခံကို ရဲကဖမ်းဆီးထားပြီဖြစ်၍ ဤမျှ ရက်ရက်စက်စက် လုပ်ရသော အကြောင်းကို စစ်မေးရာ ယင်းမိန်းကလေးက သူနှင့်လက်ထပ်မည်ဟု ကတိပေးပြီးခါမှ ယခုလက်ထပ်ရန် ငြင်းဆိုသောကြောင့် ဖြစ်သည်ဟူသတတ်။ ဘာပဲပြောပြော လူ့စိတ်ပျောက်သွားသော လုပ်ရပ်များကတော့ မကြားဝံ့ မနာသာ ကြောက်ခမန်းလိလိ ဖြစ်စရာတွေချည်း ဖြစ်ပါသည်။
လူ့စိတ်နှင့် တိရစ္ဆာန်စိတ် ကွဲပြားခြားနားရခြင်းမှာ အဓိကအချက် ၃ ချက်ကြောင့်သာဖြစ်ကြောင်း မှတ်သားရဖူးသည်။ ၁) အကျိုးကြောင်း ဆင်ခြင်ဉာဏ်ရှိခြင်း ၂) ကိုယ်ကျင့်တရား ရှိခြင်း ၃) အလှအပ (ဝါ) အနုပညာကို ဖန်တီးခံစားတတ်ခြင်း။ ဟုတ်ပါသည်။ ထိုအချက်တွေက လူသားတွေထံမှာသာ ကိန်းဝပ်နိုင်သော အရည်အသွေးတွေ ဖြစ်သည်။ ခွေးတွေ၊ ဝက်တွေထံမှာ ကျိုးကြောင်းဆင်ခြင်နိုင်အား မရှိ။ ကျားတို့၊ ဆင်တို့ထံမှာ ကိုယ်ကျင့်သီလ မရှိ။ ဆိတ်တွေ၊ မြေခွေးတွေက ပန်းချီ မဆွဲတတ်သလို ကျွဲတွေ၊ နွားတွေကလည်း ဂီတကို နားလည်ခံစား နိုင်စွမ်းမရှိ။ ဤသို့ဆိုလျှင် ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်၍ နှာခေါင်းနှစ်ပေါက်ဖြင့် အသက်ရှု၊ ခြေနှစ်ဖက်၊ လက်နှစ်ဖက်ပါ၍ “လူ” ဟု အမည်ခံယူပါလျက် မှန်သည်၊ မှားသည်၊ ကုသိုလ်၊ အကုသိုလ်ကို မဝေခွဲ မပိုင်းခြားတတ်၊ မိမိ၏ စည်းစိမ်တနေရာ တည်မြဲဖို့ အခြားသူတို့၏ ကျောကိုဖြတ်နင်းကာ ကြီးနိုင်ငယ်ညှင်း “မြေနိမ့်ရာ လှံစိုက်” လုပ်တတ်၊ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည့် အတ္တဦးထိပ်ရွက်သော ငို့ဘသမား လုပ်တတ်သူတို့တွင် လူဖြစ်ထိုက်သော အရည်အသွေးတွေ ရှိမနေသည်မှာ သေချာလှပါသည်။
ထို့အတူ စာသင်ကျောင်းခန်းက မှန်ပြတင်းတွေ ကွဲနေတာ၊ လမ်းဓာတ်မီးတိုင် မီးသီးတွေ ကွဲနေတာမှ အစ ပန်းခြံထဲက ထိုင်ခုံတွေ ကျိုးပဲ့နေတာ၊ လူသွားလမ်း တံတားကို ရိုက်ချိုးထားတာ အလယ်၊ မြစ်တွေ တိမ်ကောအောင်၊ တောင်တွေ ကတုံးဖြစ်အောင် လုပ်ဆောင်နေကြတာ အဆုံး လူစိတ်ပျောက်၍ တိရစ္ဆာန်စိတ်ပေါက်နေ သူတို့၏ စနက်သာဖြစ်ကြောင်း ထင်ရှားပါသည်။ အမှန်က လူ့ကျင့်ဝတ်တွေကို ကျင့်သုံးလိုက်နာနိုင်မှာသာလျှင် လူ့စိတ်ရှိခြင်း မည်ပါလိမ့်မည်။ မိဘက မိဘကျင့်ဝတ်၊ သားသမီးက သားသမီးကျင့်ဝတ်၊ ဆရာက ဆရာကျင့်ဝတ်၊ တပည့်က တပည့်ကျင့်ဝတ်၊ ခေါင်းဆောင်က ခေါင်းဆောင်ကျင့်ဝတ်၊ နောက်လိုက်ငယ်သားက နောက်လိုက်ငယ်သားကျင့်ဝတ် စသည့်ဖြင့် မိမိရပ်တည်မှုနှင့် သက်ဆိုင်သော ကျင့်ဝတ်အသီးသီးကို နှလုံးသားထဲ ကမ္ဗည်းထိုးကာ စွဲမြဲခံယူ ကျင့်သုံးနေခြင်းသည် “လူကွ” ဟု လက်မထောင်နိုင်သော ဂုဏ်သတ္တိရှိခြင်းလည်း ဖြစ်ပါသည်။
ဆရာဇော်ဂျီ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ်က အဖြစ်အပျက် တခုကိုလည်း အမှတ်ရမိပါသည်။ တနေ့တွင် နိုင်ငံခြားသံရုံး တခုမှ မြန်မာလူမျိုး အတွင်းဝန်တဦး စာကြည့်တိုက်သို့ ရောက်လာပြီး အပြင်သို့ ငှားရမ်းခွင့် မရှိသော စာတအုပ်ကို ယူသွားခွင့်ပေးဖို့ အထက်စီးနှင့်ဆိုသည်။ ဆရာဇော်ဂျီက စာကြည့်တိုက် စည်းကမ်းအရ အပြင်သို့ ယူခွင့်ပေး၍ မရကြောင်း၊ အခန်းထဲမှာသာ ကြိုက်သလောက် ဖတ်နိုင်ကြောင်း ပြန်ရှင်းပြသည်။ ဤသည်ကို အတွင်းဝန်က မကျေနပ်၍ ရေရွတ်ပြီး ပြန်ထွက်သွားရာ တံခါးဝအရောက်မှာပဲ ဆရာဇော်ဂျီက “နေပါဦး။ ခင်ဗျား မြန်မာလူမျိုး ဟုတ်ပါတယ်နော်” ဟု ရုတ်တရက် လှမ်းမေးလိုက်သည်။ ခေါင်းညိတ်ပြသည်ကို မြင်ရတော့ ဆရာဇော်ဂျီ နောက်ထပ်စကားတခွန်း ထပ်ပြောလိုက်သည်။ “ခုပြောတာ မမေ့ရင်တော်ပြီ” တဲ့။
ထိုအတွင်းဝန်တော့ ဘယ်လိုနေမည် မသိပါ။ ကျနော်သာ သူ့နေရာမှာဆိုလျှင်တော့ တုတ်နှင့်အရိုက်ခံရတာ၊ ဓားနှင့်အထိုးခံရတာထက် ပို၍နာမိမည်မှာ အမှန်။ မြန်မာတယောက် အနေဖြင့် ကိုယ်ဘာလူမျိုးလဲဆိုတာ မမေ့ဖို့ သတိပေးခံရတာလောက် နာစရာ၊ ရှက်စရာကောင်းသောကိစ္စ မရှိတော့ဟု ထင်မိသောကြောင့် ဖြစ်ပါသည်။ ဘယ်နိုင်ငံကိုသွား၍ ဘယ်လူမျိုးတွေရဲ့ အမှုထမ်း လုပ်နေရပါစေ “မြန်မာ” ဆိုသည့် စိတ်ပျောက်မသွားဖို့က အဓိက ဖြစ်ပါသည်။ ယခုလက်ရှိကာလ၌ ကိုယ့်အမိမြေ၏ သယံဇာတတွေ၊ သဘာဝအလှတရားတွေ ယိုယွင်းပျက်သုဉ်းစေမည့် နိုင်ငံခြားသား ကုမ္ပဏီတို့၏ စီမံကိန်းမျိုးတွေမှာ အချို့သော မြန်မာလူမျိုးများ အားကြိုးမာန်တက် ပါဝင်အမှုထမ်းနေသည်ကိုသာ ဆရာဇော်ဂျီ တွေ့ခဲ့လျှင် မည်သို့ဆိုဦးမည် မသိပါ။
မြန်မာစိတ်ပျောက်လျှင် မြန်မာပြည်ကြီး ပျောက်သွားမည် ဆိုတာကတော့ မှန်ကန်သော သစ္စာတရား ဖြစ်ပါသည်။
မိမိရပ်တည်မှု၊ မိမိအခန်းကဏ္ဍနှင့် သက်ဆိုင်သော ကျင့်ဝတ်တွေ ဖွံ့ထားစည်ပင်နေဖို့ကတော့ မိမိဘာသာပင် ပြုစုပျိုးထောင် ယူရမည့် ကိစ္စကြီး ဖြစ်ပါသည်။ အရေးကြီးတာက ငါဘာလဲဆိုသည့်စိတ် ပျောက်မသွားဖို့ ဖြစ်သည်။ အစိုးရက ပြည်သူကို ဖိနှိပ်သော အာဏာရှင်စိတ် မဝင်ဖို့၊ ဆရာဝန်က လူနာကို ခြိမ်းခြောက် ဟိန်းဟောက်၍ ငွေတောင်းသော ဓားပြစိတ် မဝင်ဖို့၊ စီးပွားရေးသမားက အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားသည့် ဘီလူးစိတ် မဝင်ဖို့၊ ကျောင်းဆရာက တပည့်တွေအပေါ် အရောင်းအဝယ် သဘောဆန်သည့် ဈေးသည်စိတ် မဆင်မိဖို့ သတိပြုကြရပါလိမ့်မည်။
ပျောက်ဆုံးသွားသော ပကတိ မူလစိတ်ကို ပြန်ရှာဖို့ကတော့ ဆရာဇော်ဂျီပေးခဲ့သော နည်းကိုပင် စမ်းကြည့်ရမည် ဖြစ်ပါသည်။ ပေးခဲ့သည့်နည်း၊ ရေးခဲ့သည့် ကဗျာခေါင်းစဉ် ကိုယ်တိုင်က “စမ်းကြည့်ဖို့ပဲ” ဖြစ်နေသောကြောင့်ပင်။
“ရှိန်းဆာယာပိုမောက်
ကိုယ်ပျောက်၍ စိတ်ပျောက်လျှင်။
ဆာယာရှင် ထင်ရာစိုင်း
ရိုင်းပျအစဉ်။
လောဘနှင့် မာနယှဉ်
ဗိုလ်ကျချင် အမြဲ။
အနိစ္စာ ထိုအသိ
သတိခံခိုင်သလောက်ဖြင့်
ပျောက်စိတ်ကိုရှာလျှင် မိပါလိမ့်
စမ်းကြည့်ဖို့ပဲ။ ။
(ဤစာစုဖြင့် အမျိုးသား စာဆိုကြီး ဆရာဇော်ဂျီအား ဦးခိုက်ကန်တော့ပါသည်။)