စာနယ်ဇင်းများ၏ ကြော်ငြာများကို အစိုးရ သတင်းစာများ ဆင်ဆာဖြတ်
This article has been converted from Zawgyi One to Unicode
ပြည်တွင်းတွင် ထုတ်ဝေဖြန့်ချိလျက်ရှိသော သတင်းစာ၊ ဂျာနယ်များနှင့် လစဉ်ထုတ် စာစောင်များကို အစိုးရ သတင်းစာများတွင်
ကြေညာထည့်သွင်းရာ၌ ကြော်ငြာစာသား အသုံးအနှုန်းများကို စိစစ်ဖြတ်တောက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွက် ထုတ်ဝေသည့် လစဉ်ထုတ် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ပညာရပ်ဆိုင်ရာ နိုင်ငံရေး ဂျာနယ်သည် အစိုးရ သတင်းစာများတွင် ကြေညာထည့်သွင်းစဉ် အကျင့်ပျက် ချစားမှု၊ လာဘ်ပေးလာဘ်ယူမှုများ အကြောင်း ပညာပေး ဖော်ထုတ်ရေးသားသည့် ခေါင်းစဉ်များမှာ ဖြတ်တောက်ခံခဲ့ရသည်ဟု ယင်းဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ဦးညွန့်ဝင်း ဧရာဝတီသို့ ပြောသည်။
“တကယ်ဆို သတင်းစာ မူဝါဒအရ ဖြုတ်ပစ်မယ်ဆိုရင် ကျနော်တို့ကို အကြောင်းကြားသင့်တယ်။ အခုက မနက်ထွက်လာမှ သိတာ။ ဒီလိုပဲ ဆက်ပြီး အဖြုတ်ခံရဦးမယ်ဆိုရင် ကြော်ငြာထည့်သင့်၊ မထည့်သင့် ဆုံးဖြတ်ရဦးမယ် ” ဟု ဦးညွန့်ဝင်းက ပြောသည်။
ဧရာဝတီ သတင်းဌာန၏ အပတ်စဉ်ထုတ် ဂျာနယ် The Irrawaddyအတွက် ဇန်နဝါရီလ အတွင်းက အစိုးရပိုင် ကြေးမုံသတင်းစာတွင် ကြော်ငြာထည့်သွင်းခဲ့ရာ “ဦးတေဇ၏ ပူတာအို စီမံကိန်း ဝေဖန်ခံရ” ဟူသော ခေါင်းစဉ်တွင် ဦးတေဇ နာမည်ကို ဖြုတ်ပေးရန် တောင်းဆိုခြင်းခံရသည်။
နိုင်ငံပိုင် သတင်းစာ၏ ကြေညာမူဝါဒများအရ လူတဦးတယောက် နှင့် တယောက်၊ အသင်းအဖွဲ့တခုနှင့် တခုတို့ကြား အငြင်းပွားဖွယ်ရာ၊ ပဋိပက္ခဖြစ်ဖွယ်ရာ ရှိသော အသုံးအနှုန်းများ ရှိသည်ဟု ထင်မြင်ယူဆပါက ဖြုတ်ပစ်ခွင့်ရှိကြောင်း၊
သို့သော် ယခုနောက်ပိုင်းတွင် ကြေညာလာထည့်သူအား တိုင်ပင်အသိပေးပြီး ဖြတ်တောက် ထည့်သွင်းပေးမည် ဖြစ်ကြောင်း ကြေးမုံသတင်းစာ ကြော်ငြာ တာဝန်ခံ ဦးသက်ပိုင်ထူးက ဧရာဝတီသို့ ပြောသည်။
“တချို့ကိစ္စတွေက ကျင့်ဝတ်နဲ့ မညီလို့ Edit လုပ်ရတာ။ ခုနောက်ပိုင်းတော့ ကြော်ငြာလာထည့်တဲ့သူကို ဒါလေးတွေကို ဖြုတ်ပေးဖို့ ပြောမယ်။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေထဲမှာတော့ သူတို့မူအတိုင်း ကြိုက်သလို ရေးလို့ရတယ်လေ။ ဒီမှာတော့ မရဘူး။ ထည့်ပေးလိုက်လို့ ပြဿနာလေးတွေလည်း ကြုံဖူးလို့ ဒီလိုမူတွေကို ချထားတာ” ဟု ဦးသက်ပိုင်ထူးက ဆိုသည်။
ပြည်တွင်း သတင်းစာ၊ ဂျာနယ်များက ၎င်းတို့၏ သတင်းထူး၊ သတင်းဦးများကို စာဖတ်သူများ ကြိုတင် သိရှိစေရန် စောင်ရေ ၃ သိန်းခန့်ရှိသော အစိုးရ သတင်းစာများတွင် ငွေကြေးအကုန်ကျခံ၍ ကြော်ငြာထည့်သွင်းခြင်းဖြစ်ရာ ယခုကဲ့သို့ မူဝါဒ အကြောင်းပြ စိစစ်ဖြတ်တောက်နေခြင်းမှာ စာပေလွတ်လပ်ခွင့်ကို တနည်းနည်းဖြင့် ချုပ်ကိုင်သကဲ့သို့ ဖြစ်နေကြောင်း ရန်ကုန်တိုင်းမ်ဂျာနယ်မှ မန်နေဂျင်းအယ်ဒီတာ ဦးစောမြင့်သန်းက ပြောသည်။
“အခုလို ခေါင်းစဉ်လေးတွေ သိအောင်တင်တာကို ဖြတ်ညှပ်ကပ် မလုပ်သင့်ဘူး။ သူတို့မထည့်လည်း နောက်ကျရင် မီဒီယာတွေမှာ ပါလာမှာပဲ။ စာပေစိစစ်ရေး မရှိတာတောင် အဲဒီပုံစံက မပျောက်သေးဘူး ဖြစ်နေတယ်” ဟု ဦးစောမြင့်သန်းက ဆိုသည်။
ပြည်တွင်းတွင် နေ့စဉ်၊ အပတ်စဉ်၊ လစဉ်ထုတ် စာစောင်များမှာ ယခင် စစ်အစိုးရလက်ထက် ထက် ပိုမိုတိုးပွားလာပြီး အရေအတွက်အားဖြင့် စောင်ရေတထောင်ကျော်အထိ ရှိလာကြောင်း သိရသည်။