Politics

အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုချက်နှင့် ကိုက်မှ တက်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် အာဆီယံ ၁၀ နိုင်ငံအစိုးရများနှင့် တွေ့ဆုံရန်ရှိသော မျက်နှာစုံညီအစည်းအဝေးတွင် ၎င်းတို့ဘက်မှ ချမှတ်ထားသော မူလေးချက်နှင့် ညီမှသာ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများမှ စုပေါင်းချမှတ်ထာသော အဆိုပါ မူလေးချက်မှာ တင်ပြလိုသော အကြောင်းအရာကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် တင်ပြမည့် ကိုယ်စားလှယ်ကို ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိခြင်း၊ အစိုးရများနှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား အပြန်အလှန် လေးစားမှုရှိသည့် ဆွေးနွေးပွဲမျိုး ဖြစ်ခြင်း၊ အဓိပ္ပါယ်ရှိသော တွေ့ဆုံမှုဖြစ်ရန်လိုခြင်းနှင့် ပြည်သူများ၏ အသံကို ပြောဆိုဆွေးနွေးနိုင်ခြင်းတို့ဖြစ်သည်ဟု ASEAN Civil Society 2014 ၏ ဥက္ကဌ ဒေါ်မေမေပြုံးက ပြောသည်။

ယင်းမူလေးချက်ကိစ္စနှင့်ပတ်သက်၍ အစိုးရဘက်ပိုင်းမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းရန် ကျန်ရှိနေသေးကြောင်းလည်း ပြောဆိုသည်။

အစိုးရများနှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား မျက်နှာစုံညီတွေ့ဆုံမှုကို မေလတွင် ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့်အတူ လုပ်ဆောင်သွားမည်ဖြစ်ကာ မတ်လ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ရန်ကုန်တွင်ပြုလုပ်မည်ဖြစ်သော အာဆီယံလူထုဖိုရမ်မှ ထုတ်ပြန်ချက်များကို ဆွေးနွေးကြမည်ဖြစ်သည်။

“ဖိုရမ်က ထွက်လာတဲ့ထုတ်ပြန်ချက်ကို မျက်နှာစုံညီအ စည်းအဝေးမှာ သယ်သွားပြီးဆွေးနွေးမယ်။ အစိုးရတွေဘက်က ၁၀ ယောက်၊ အရပ်ဘက်အဖွဲ့အစည်းတွေက ၁၀ ယောက်ပေါ့။ အခု လောလောဆယ် ကျမတို့ ဆုံးဖြတ်ထားတာက ချမှတ်ထားတဲ့ အခြေခံမူလေးချက်ကို အစိုးရက လိုက်လျောတယ်၊ ခွင့်ပြုတယ်ဆိုရင် ဒီအစည်းအဝေးကို တက်မယ်”ဟု အာဆီယံ လူထုဖိုရမ် ဖြစ်မြောက်ရေးကော်မတီဝင် Burma Partnership အဖွဲ့မှ ဒေါ်ခင်ဥမ္မာက ပြောသည်။ သို့သော် “ညှိပြီးလို့ လက်ခံနိုင်တယ်ဆိုရင် ကျမတို့ က တွေ့ဆုံဖို့ပေါ။၊သူတို့က ဒါလေးတွေတော့ မကြိုက်ဘူးဆိုတာမျိုး ရှိလာရင် ကျမတို့ ဒေသတွင်းအဖွဲ့တွေနဲ့ အစည်းအဝေးတွေမှာ ပြန်ပြီး ညှိကြရဦးမှာပါ။ ကျမတို့က ဒီမူတွေနဲ့မှ တွေ့နိုင်မယ်ဆိုတဲ့ဟာလေးကို ပြန်ပြီးဆွေးနွေးဦးမှာပေါ့”ဟုလည်း ပြောသည်။

အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရများတွေ့ဆုံသော မျက်နှာစုံညီ အစည်းအဝေးကို အာဆီယံ ၁၀ နိုင်ငံတွင် အများစုက လုပ်ဆောင်လေ့ရှိသော်လည်း ပြီးခဲ့သည့်နှစ် အာဆီယံဥက္ကဋ္ဌ ဖြစ်ခဲ့သည့် ဘရုနိုင်းနိုင်ငံတွင် လုပ်ဆောင်ခြင်းမရှိခဲ့ပေ။ လက်ရှိ အာဆီယံဥက္ကဌ မြန်မာအစိုးရအနေဖြင့် ယင်းတွေ့ဆုံဆွေးနွေးမှုကို လုပ်ဆောင်မည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။

အာဆီယံ အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် မတ်လတွင် ပြုလုပ်မည့် အာဆီယံလူူထုဖိုရမ်၌ အဓိကခေါင်းစဉ်ကြီးလေးခုနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြန်မာလူထု ဖိုရမ်လုပ်ငန်း အဖွဲ့ဝင် ကိုကျော်လင်းဦးက ပြောသည်။

“လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး ၊နိုင်ငံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ခေါင်းစဉ်ကြီးလေးခုအောက်မှာ ဖိုရမ်ကို ဆွေးနွေးသွားမှာပါ၊ ဒီရဲ့အောက်မှာမှ workshop တွေ အသီးသီးနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ဖိုရမ်တွင် workshop စုစုပေါင်း၂၀ အထက်ပြုလုပ်ဆွေးနွေးသွားမည်ဖြစ်ကာ workshop တစ်ခုတွင် ဆွေးနွေးမည့် အကြောင်းအရာကို အနည်းဆုံးနိုင်ငံ သုံးနိုင်ငံမှ တင်ပြလာမှသာ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့သော အာဆီယံလူထုဖိုရမ်မျိုးကို အာဆီယံအိမ်ရှင်ဥက္ကဌနိုင်ငံများ၌ နှစ်ကြိမ်စီ ကျင်းပလေ့ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင် တကြိမ်သာ ကျင်းပမည်ဖြစ်သည်။

ဖိုရမ်ပြီးသည်နှင့် ထွက်ပေါ်လာမည့် ထုတ်ပြန်ချက်များကို အာဆီယံ ၁၀ နိုင်ငံအစိုးရများသို့ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် ယခုအချိန်အထိဆိုပါက ယင်းကဲ့သို့ အာဆီယံလူထုဖိုရမ်များမှ ထုတ်ပြန်မှုပေါင်း ၉ ကြိမ်ရှိခဲ့ပြီးဖြစ်သည်ဟု ဒေါ်မေမေပြုံးက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading