အခု နှစ်ပိုင်း ဗမာပြည်မှာ လူမျိုးရေး / ဘာသာရေး အသွင်ဆောင်ကာ မတူကွဲပြားတဲ့ လူအုပ်စုကြား ပဋိပက္ခတွေ များ၊ အမုန်းတွေ ပွား လာကြတော့ သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်း အသီးသီးက ဘာသာရေး ခေါင်းဆောင်တွေ တွေ့ဆုံပွဲ၊ ညှိနှိုင်း ဆွေးနွေးပွဲ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲ စသဖြင့် လူ့အဖွဲ့အစည်း တည်ငြိမ်၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုး ရေး အတွက် ရှေးရှု တတ်စွမ်းသလောက် ကြိုးစား ဆောင်ရွက်လာကြတာ တွေ့ရတယ်။
ဒါပေမယ့် ဒီနေရာမှာ သုံးသပ်ရမယ့် ကိစ္စ တခုက ဒီ အလုပ်တွေ ရဲ့ အကျိုးရလဒ်၊ ထိရောက်မှု ကို ပါ။ ဒီလို ဘာသာရေး အုပ်စု အသီးသီးက ခေါင်းဆောင်ပိုင်းတွေ ရဲ့ အလုပ်တွေ၊ ပူးပေါင်းမှုတွေဟာ လူ့အဖွဲ့အစည်း က လူထု၊ လူတန်းစား၊ အလွှာ အသီးသီး ကို ဘယ်လို၊ ဘယ်လောက်အတိုင်းအတာ အထိ သက်ရောက်စေသလဲ၊ အမုန်းတွေ၊ အထင်အမြင်လွဲမှုတွေ၊ ပဋိပက္ခတွေ ဘယ်လောက် လျော့နည်း ကျဆင်း သွားပြီလဲ ဆိုတာကို ပြန်လည် ထောက်ချင့်ရမှာပါ။
လူအများ ကြည်ညိုလေးစားသူ၊ ကိုးကွယ်သူ၊ သီလ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာ သြဇာရှိသူ ခေါင်းဆောင်တွေ ကိုယ်တိုင် ဆင်း ငြိမ်းချမ်းရေး အတွက် ဖော်ဆောင်၊ ဆွေးနွေးပွဲတွေ လုပ်ဆိုတော့ စာနယ်ဇင်း တွေပေါ်မှာ သတင်းဖြစ်၊ ထင်ပေါ်၊ လူအများလည်း အသိမှတ်မှု အနည်း၊ အများ ရမယ်၊ ရှိမယ် ဆိုတာ သေချာတယ်။ ဒါပေမယ့် စာရေးသူ အမြင်အရတော့ အများကြီး ထိရောက်၊ အကျိုး ရှိတယ်လို့ မထင်ပါ။ တကယ့် ပြဿနာ ရင်းမြစ်ကို ဒီ တနည်းတည်းနဲ့ အလုံးစုံ ဖြေရှင်းနိုင်မယ်လို့ မယူဆပါ။
ဒီသဘော ကို အများ ကျေလည် နားဝင် ဖို့ရာက ဗမာလူ့အဖွဲ့အစည်း မှာ လက်ရှိ ဖြစ်တည်နေတဲ့ လူမျိုးရေး/ ဘာသာရေး အခြေပြု ဆက်စပ် ပြဿနာ သဘောကို အရင် ရှင်းမှ ရပါမယ်။ စာရေးသူ ရဲ့ မိုးမခ ဆောင်းပါးဟောင်းများနဲ့ ဆက်စပ်ဖတ်နိုင်ရင်တော့ ဆိုလိုချင်တဲ့ သဘောကို ပို ရှင်းရှင်းလင်းလင်း မြင်နိုင်မယ် ယူဆရတယ်။
ဒီဆောင်းပါး မှာ ပြဿနာ ရဲ့ သဘော ကို အကျဉ်း ပြန် ဆွေးနွေးရရင် အခု ဖြစ်နေတဲ့ ဘာသာရေး/လူမျိုးရေး ပြဿနာတွေဟာ အများ ကျယ်ကျယ်ပြန့်ပြန့် ယူဆ လက်ခံ ထားသလို နိုင်ငံရေး ပယောဂကြောင့်၊ အာဏာရ အသိုင်းအဝန်း က ခေတ်နောက်ပြန်ဆွဲလိုသူများ ရဲ့ ဖန်တီးချက်၊ ရွေးကောက်ပွဲ လိုအပ်ချက် ဆိုတဲ့ သဘောတခုတည်း ရှုမြင်လို့ မရပါ။ ဒီလိုသဘောတွေ အနည်း၊ အများပါတယ် ဆိုတာ မှန်တယ်။ ဒါပေမယ့် ဗမာ့ လူ့အဖွဲ့အစည်းမှာ တည်ရှိနေတဲ့ အမုန်းတွေ၊ အမြင်မကြည်လင်မှုတွေက ဒီသဘောထက် အများကြီး ပိုတယ်။ နက်ရှိုင်းတယ်။
နောက်တခုက လူတချို့ အကြောင်းပြချက်ပေးတဲ့ ဗမာ့ အနောက်တံခါးကို ကျူးကျော်၊ နယ်ချဲ့ သိမ်းပိုက်လိုသူ ဘာသာမတူ၊ လူမျိုးကွဲတွေကိုသာ မလိုမုန်းတီး လက်မခံနိုင်တာပါ၊ ပြည်တွင်း က နိုင်ငံသား ဘာသာခြား၊ လူမျိုးခြားများကို ဘာ သဘော မှ မရှိပါဘူး ဆိုတဲ့ အချက်ကလည်း အပြည့်အဝ မမှန်ပါဘူး။
အခု ဆိုခဲ့တဲ့ နှစ်ချက် အတွက် အကြောင်းပြချက် ပေးရရင် ဗမာပြည် မှာ ကြီးစိုးခဲ့တဲ့ စစ်အာဏာရှင်စနစ် ခေတ် အဆက်ဆက်မှာ အများစု အုပ်စုဝင် မဟုတ်တဲ့ လူနည်းစု ဘာသာဝင်၊ လူမျိုးစု ဝင် အစုစု အားလုံးဟာ အစဉ်အဆက် စနစ်တကျ ဖိနှိပ်ခွဲခြားမှုတွေကို ပုံစံမျိုးစုံ စီးပွား၊ ပညာ၊ ကျန်းမာ၊ အလုပ်အကိုင် အခွင့်အရေး အစရှိသလို ခံခဲ့ရတယ်။ မှတ်ပုံတင်ပေါ်မှာ ဖော်ပြထားတဲ့ လူမျိုး၊ ဘာသာ ဆိုတဲ့ အချက် က လူ တဦး၊ တယောက် ရဲ့ ဘဝ ကို အကြီးအကျယ် သက်ရောက်၊ လွှမ်းမိုးစေတယ်။ ဒါက လူအများစု ထောက်ခံမှုကို လိုချင်တဲ့အတွက် လူများစု နဲ့ လူများစု ဘာသာ သာသနာ ကို ကာကွယ်သူ၊ စောင့်ရှောက်သူ၊ ချီးမြှင့်သူ အဖြစ် ပုံဖော်ကာ ဆုပ်ကိုင်ထားတဲ့ အာဏာကို ရေရှည်တည့်တံ့အောင် ဆောင်ရွက်တဲ့ စစ်အာဏာရှင် စနစ်က ပုံဖော် လမ်းကြောင်းခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ဖိနှိပ်ခွဲခြားမှု ပုံစံပါ။
ဒီလို ပုံစံ ရာစုနှစ်ဝက် တိုင်းပြည်မှာ ကြီးစိုးရှင်သန်ခဲ့တော့ တိုင်းပြည်ရဲ့ ကဏ္ဍ အသီးသီး မှာလည်း ဒီလို သဘောက တည်ရှိနေသလို စနစ် ရဲ့ ဖွားဖက်တော် လူအများမှာလည်း ဒီလို လူမျိုးရေး၊ ဘာသာရေး မတူညီမှု အပေါ် ကို ခွဲခြားမြင်၊ ပြုမူဆက်ဆံချင်တဲ့ သဘောက အနည်းအများ စွဲကပ်လာခဲ့ရတယ်။ ဒီလို သဘော၊ အမြင်၊ အယူအဆ၊ အသုံးအနှုန်းတွေ က လူတွေ အပေါ် လွှမ်းမိုးနိုင်မှု ရှိတဲ့ စာပေ၊ ဂီတ၊ ရုပ်ရုင်၊ ပညာရေး စနစ် အားလုံးလိုလိုမှာ သက်ရောက်နေတယ်။ ဒါကို အများအားဖြင့် လူအများ သတိမပြုမိ၊ အလေးမထားတတ်သလို၊ ဖြစ်ရိုးဖြစ်စဉ် သဘောပဲ ရှုမြင်တတ်ကြတယ်။
အခု ဆိုခဲ့တဲ့ သဘောမျိုးတွေကြောင့် လူ့အဖွဲ့အစည်းမှာ ဘာသာရေး လူမျိုးရေး အပေါ် အခြေခံတဲ့ ခွဲခြား မြင်မှုတွေ၊ အထင်၊ အမြင် လွဲမှုတွေ၊ မလိုလားမှုတွေ၊ အမုန်းတွေက နက်နက်ရှိုင်းရှိုင်းကို ဝမ်းနည်းဖွယ် အမြစ်တွယ် တည်ရှိလာခဲ့ရတယ်။
ဒါကြောင့် အခု လူအများ ယူဆ ပြောဆို အဖြေရှာနေကြတဲ့ လက်ရှိ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေ ရဲ့ အကြောင်း က နိုင်ငံရေး ပယောဂ၊ အောက်လမ်းနည်း လုပ်ကြံမှု နဲ အနောက်နယ်ခြား က ပြဿနာ ကြောင့်က အဓိက မဟုတ်ဘူး၊ မမှန်ဘူး လို့ အထက်မှာ ဆိုခဲ့ရခြင်း ဖြစ်တယ်။ ဒီ နှစ်ခု က လက်ငင်းအကြောင်း၊ မီးစာ ကို တိုးစေတဲ့ အချက် ဖြစ်နိုင်ပေမယ့် တကယ့် အရင်းခံ အကြောင်းမှာတော့ အထက်မှာ အကြောင်းပြ ဆိုခဲ့တဲ့ လူ့အဖွဲ့အစည်း ကိုယ်နှိုက်မှာကို စနစ်ဒဏ်ခံရင်းနဲ့ အမုန်းတွေက တွယ်ငြိ ခဲ့ရပြီ၊ ခွဲခြားမှု အမြင်တွေက အသားကျနေခဲ့ပြီ ဖြစ်တယ်။
ဒီသဘောကို ပထမ အချက် အနေနဲ့ အများ က လက်ခံရပါမယ်။ အကြောင်းက ရောဂါ ရဲ့ ဇာစ်မြစ်ကိုသိမှ ရောဂါကို ပျောက်အောင် ကုသနိုင်မှာမို့ပါ။
ဒီသဘောကို လက်ခံပြီးရင် ဆောင်းပါး မှာ အစပြု တည်လာခဲ့တဲ့ အဆို ဘာသာရေး ခေါင်းဆောင်တွေ ရဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆွေးနွေးပွဲ တွေက အလုပ် သိပ် မဖြစ်ပါဘူး ဆိုတာကို နားလည်ဖို့ မြင်လွယ်လာမှာ ဖြစ်တယ်။ ဆက် ရှင်းပါ့မယ်။
ဘာသာရေး လူမျိုးရေး ခွဲခြားမှု အမြင်တွေ၊ အမုန်းတွေကို ဖြစ်စေတဲ့ သဘောတွေက ဆိုခဲ့သလို တိုင်းပြည်ရဲ့ နေရာအနှံ့မှာ ရှင်သန်နေခဲ့တာ ကြာပါပြီ။ သိသိသာသာ၊ မသိမသာ၊ လူတွေ သတိထားမိတာလည်း ရှိ၊ သတိမပြုမိတာလည်း ရှိ အမျိုးမျိုး ဖြစ်တည်နေတယ်။ အထူးသဖြင့် စွဲမြဲစေလို့ စွဲမြဲစေမှန်း မသိ၊ လွှမ်းမိုးခံရလို့ ခံရမှန်းမသိစေတဲ့ Soft Power ကြားခံပစ္စည်းတွေ ဖြစ်တဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် အနုပညာ ထုတ်ကုန်တွေနဲ့ ပညာရေး စနစ်မှာ ဘာသာ၊ လူမျိုး ကွဲချင်း အမုန်းပွားစေမယ့် အပြောအဆို၊ အသုံးအနှုန်း၊ အမြင်၊ သဘောထား နဲ့ သမိုင်း ဖန်တီးမှု၊ ပုံဖော်မှုတွေ က စွဲကပ်နေတယ်။
ဥပမာ – ရုပ်ရှင်တွေ၊ ဇာတ်တွေ၊ ဝတ္ထုတွေမှာ လူနည်းစု အုပ်စုဝင် အထူးသဖြင့် ဘာသာကွဲ ဆိုရင်၊ အထူးသဖြင့် ဌာနေ တိုင်းရင်းသား လို့ မသတ်မှတ်ကြတဲ့ ရွှေ့ပြောင်းအခြေချ နေထိုင်သူ လူမျိုးစုဝင် ဆိုရင် မကောင်းတဲ့ ပုံရိပ် တခုခု ပုံသေကားချပ်ချ ပုံဖော်တာမျိုးက အမြဲ မြင်တွေ့နေရတဲ့ ကိစ္စပါ။ ငွေတိုးချေးစားသူ၊ မောက်မာရိုင်းစိုင်းသူ၊ အဓမ္မ ကျင့်သူ၊ ရာဂကျူးသူ၊ အရက်သေစာ အလွန်အကျွံ သောက်သူ၊ ရာဇဝတ်ကောင်၊ လူဆိုး စသဖြင့် အမြဲ ဇာတ်ရုပ်ထား ပုံဖော်တယ်ကြတယ်။ အနည်းဆုံး အလုပ်အကိုင် နေရာ ဇာတ်ရုပ်ချရာမျိုးမှာတောင် ဒရဝမ်၊ မာလီ အဆင့်ထက် ပို မပေးတတ်ကြဘူး။ ရုပ်ရှင်သရုပ်ဆောင် ပီချေး ခမျာ တသက်လုံး မာလီ ဘဝ က ကို မတက်ခဲ့ရရှာပါဘူး။
ရွှေ့ပြောင်းအခြေချ နေထိုင်သူ (Migrants) လူနည်းစု လူမျိုးအုပ်စုဝင်များ ကို အထက်မှာ ဆိုခဲ့သလို ဌာနေ တိုင်းရင်းသား မဟုတ် ဆိုတဲ့ ယေဘုယျ အမြင် သတ်မှတ်မှု၊ တနည်း အိမ်ရှင်-ဧည့်သည် သဘော အမြင် (Mindset/Concept) ကိုလည်း ဒီမှာ ဆက်စပ် တပါတည်း ပြန်ထောက်ပြရရင် လူသား အားလုံး ဟာ လူ့ လောက ကို ဧည့်သည် အနေနဲ့ ခဏတာ အလည် လာရောက် နေထိုင်သူများပါပဲ။ ဘာသာရေး ရှုထောင့် နဲ့ ဆိုရရင် အားလုံးဟာ သံသရာ ခရီးသွား ဧည့်သည်ချည်းပါပဲ။ လူသား ယဉ်ကျေးမှု (Civilisation) ဖြစ်ပေါ် တိုးတက်လာမှု သမိုင်း အရ ကြည့်ရင်လည်း လူသားအားလုံး ဟာ ရှေး အစဉ်အဆက် တနေရာ ကနေ တနေရာ ရေကြည်ရာ၊ မြက်နုရာ ရွှေ့ပြောင်းသွားလာ နေထိုင်၊ အခြေချ ခဲ့ကြတဲ့ Migrants ချည်းပါပဲ။ မြန်မာလည်း Migrants မြန်မာ မဟုတ်သူလည်း Migrants ပါပဲ။ ဒီ ဌာနေတိုင်းရင်းသား အစွဲ၊ အိမ်ရှင်-ဧည့်သည် အခွဲ ရဲ့ အကြောင်း/အကျိုး မဲ့မှု၊ အမြင်ကျဉ်းမြောင်းမှု သဘောကို မြင်အောင်သာ စကားချပ် အနေနဲ့ ထည့်ဆိုခြင်းပါ။ ထားပါ။ Soft Power တွေမှာ အမြစ်တွယ်နေတဲ့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု အမြင်၊ သဘောတွေ ကိစ္စ ဆက်ပါမယ်။
စာပေ၊ သဘင်၊ ရုပ်ရှင် အားလုံး လိုလိုမှာ ချစ်တီး ဆိုရင် ငွေတိုးချေးစားသူ၊ မကောင်းသူ၊ အိန္ဒိယ အနွယ် နှာခေါင်းရှည်ရှည် ဆိုရင် မုဒိမ်းကောင်၊ လူယုတ်မာ၊ အနည်းဆုံး နှာဗူး၊ တရုတ် ပေါက်ဖော် ဆိုရင် စီးပွားသောင်းကျန်း၊ မောက်မာ ရိုင်းစိုင်းသူ၊ ရှမ်း၊ ကရင်၊ ကချင် ဆိုရင် သူပုန်၊ ဓားပြ အစရှိသလို ပုံဖော်မှု က အများစု ဖြစ်နေတယ်။
လူနည်းစု အနွယ်ဝင်တွေ ထဲက ချင်းမ၊ ရှမ်းမ၊ ကချင်မတွေ ဆိုရင် ပြုစားတတ်သူ၊ ဒါမှမဟုတ် ရဖို့ လွဲသူ စသလို မဟုတ်တယုတ်တွေလည်း ပုံဖော်တတ်ကြတယ်။
ကောင်းမွန်တဲ့ အဓိပ္ပာယ် နဲ့ အခြေတည်လာခဲ့တဲ့ စကားပုံ တချို့ကိုတောင် ကပြက်ကချော် ပြုရင်း လူမျိုးရေး ခွဲခြားမှုတွေ လုပ်တတ်ကြသေးတယ်။ ဥပမာ – “ရှမ်းရိုး လင်ကိုး” ကို မဟုတ်ကဟုတ်က အမြင်နဲ့ ရှမ်းမများ ရိုးတဲ့သူတောင် လင်ကိုးယောက် တော့ ယူတဲ့ သဘော လုပ်တတ်ကြတယ်။
ဒါတွေ အပြင် နောက်ထပ် ဆိုးတဲ့ အချက်တခုက စကားလုံး အသုံးတွေက အဆင့်မတန်း မရှိတာပါ၊ မတူကွဲပြားတဲ့ တဖက် လူအုပ်စု တခုခု ကို ထိခိုက်၊ နစ်နာ၊ ချိုးနှိမ် ရင့်သီး ဖြစ်စေတာမျိုးတွေ၊ အစွဲ ကောက်ချက်ချ အသုံးအနှုန်းတွေဟာ ဗမာပြည်က မီဒီယာ မျိုးစုံ၊ အထူးသဖြင့် အပေါစား ရုပ်ရှင်၊ ဗွီဒီယို တွေမှာ မြင်တွေ့ခဲ့ရ၊ မြင်တွေ့နေရတယ်။
(စကားချပ် – ဗမာ့ ရုပ်ရှင် ရဲ့ တသမတ်တည်း ပုံစံကားချပ်ချ ရုပ်လုံးဖော်မှုတွေက လူမျိုးရေး/ဘာသာရေး အခြေခံ မှ မဟုတ်၊ ဆင်းရဲသား (သို့မဟုတ်) ကျေးတောရွာသား ဆိုရင် အမြဲ မူးရစ်ရမ်းကားနေတတ်သူတွေ၊ တက္ကသိုလ်ကျောင်းသား ဆိုရင် အမြဲ ဖွန်ကြောင်နေတတ်သူတွေ စသဖြင့် တလွဲ ပုံသေချ ပုံဖော်တတ်တာတွေ ရှိပါသေးတယ်။)
စာရေးသူ အနေနဲ့ တိုင်းရင်းသား ပြဿနာ အကြောင်း ဆွေးနွေးရင် ပြည်နယ်ဒေသတွေမှာ အခြေခံ အဆောက်အအုံ Infrastructure ချို့တဲ့မှုကို ထည့် ဆိုလေ့ရှိတယ်။ ချင်းပြည် မှာ ရုပ်ရှင်ရုံ ဆိုရင် ပြည်မ နဲ့ ယှဉ်ရင် အတော် နောက်ကျ မှ သာ ရှိလာတဲ့ အကြောင်းကို ဥပမာ ပြုပြရင်းနဲ့ တဖက်ကလည်း ဒါလည်း တမျိုး ကောင်းပါတယ်၊ ဗမာ့ရုပ်ရှင် ပြ လို့လည်း မတူကွဲပြားတဲ့ လူမျိုးစုချင်း ချစ်ကြည်ရင်းနှီးမှု တိုးပွားဖို့ လမ်းထက် အမုန်းပွားဖို့ လမ်းက များပါတယ်လို့ အမြဲဆိုရတယ်။
တကယ်တော့ လူထု ဖျော်ဖြေရေး မှာ အဓိက ကျတဲ့ ရုပ်ရှင်ဟာ လူထု ပညာပေးရေး မှာလည်း အင်မတန် အရေးပါတယ်။ အထူးသဖြင့် ဘာသာစကား မတူသူ၊ စာပေ မတူသူတွေကြားကို ထိုးဖောက် ဝင်ရောက် ချင်ရင်၊ ထိစပ် နီးကပ်ချင်ရင် အရုပ် အဓိက နဲ့ ပုံဖော် တင်ဆက်တဲ့ အနုပညာ ကြားခံပစ္စည်း ရုပ်ရှင်က သိပ်အရေးကြီး၊ အရေးပါတယ်။ ဒါပေမယ့် ဆိုခဲ့သလို ပဲ ဗမာ့ ရုပ်ရှင်၊ ဗွီဒီယို အဆင့်က ဆိုးလှတယ်။ နောက်ပိုင်းခေတ်တွေမှာ ပိုလို့ ဆိုးခဲ့တယ်။ နော်ရင်မွှေး ကို အကောင်း လုပ်ကြည့်ခဲ့ရတယ်။ အနုပညာ အား အပြည့် နဲ့ ကားတွေမှာ အကယ်ဒမီ မရခဲ့တဲ့ ဇင်ဝိုင်း တယောက် လက်နက်ချပြီး ကရင်သူပုန် (လူမိုက်ကြီး ပုံဖော်) လုပ်ပြတော့ မှ အကယ်ဒမီ ရခဲ့ရတယ်။
မတူကွဲပြားမှုတွေ၊ သဘာဝ အလျောက် အားနည်းမှုတွေကို အခြေပြုပြီး ချိုးနှိမ်မှု၊ ပြယ်ရယ်ပြုမှုက ဗမာ့ ရုပ်ရှင်မှာ အသားကျနေတာက ဗမာ့ ရုပ်ရှင် ပေါ်ဦးကတည်းကပါပဲ။ ကိုယ် ခန္ဓာ မကျန်းမာသူ၊ အင်္ဂါ ချို့တဲ့ သူ၊ စကားမပီသူ ကို လူပြက် လုပ်ခိုင်းတတ်ကြတယ်။ မိန်းမလျာ ဆိုတာ ဗမာ့ ရုပ်ရှင် နဲ့ ဝတ္ထုဇာတ်လမ်းတွေမှာ ဖိနှိပ်စရာ၊ ဟာသ လုပ်စရာ အမြဲ ဖြစ်နေတယ်။ အသားအရောင်မည်းသူ ဟာ အမြဲတမ်း လူရာမဝင်သလို၊ ရယ်စရာ ဖြစ်နေသလို ပုံဖော်ကြတယ်။
ရပ်ထဲ ရွာထဲ မှာ ဆိုရင်လည်း အသား၊ အရောင် ညိုသူ၊ မည်းသူ ဆိုရင် ချစ်စနိုးနဲ့ ခေါ်ရင်တောင် ကပ္ပလီလေး၊ နီဂရိုးလေး၊ ကုလားလေး ဟေ့ လုပ်တတ်ကြတယ်။ ဒါမျိုး အသားအရောင် အပေါ် အခြေခံ ပြောဆို သုံးနှုန်းနေမှုတွေက မကောင်းတဲ့ အဓိပ္ပာယ်၊ နစ်နာလိုစိတ် မရှိဘူး ဆိုရင်တောင်မှ ရှောင်ရမယ်၊ မပြောဆို၊ မသုံးနှုန်းအပ်ဘူး ဆိုတာ ပညာတတ်၊ ပညာမတတ်၊ ပညာမတတ်တတတ် အားလုံး ဘယ်သူမှ အလေးဂရု မပြုတတ်ကြဘူး။
ဒီလို အသေးအဖွဲတွေ၊ အကြီးအမားတွေ အားလုံးဟာ မီဒီယာ ကြားခံ စုံမှာ၊ လူမှုအသိုင်းအဝန်းမှာ အသားကျ အမြစ်တွယ် နေခဲ့ပါပြီ။ ဒီလို အနေထားနဲ့ ဘယ်လို ဘာသာရေး၊ လူမျိုးရေး အခြေခံ ခွဲခြားမှုတွေ၊ အမုန်းတွေ ပျောက်အောင်လုပ်လို့ ရမလဲ၊ တိုင်းရင်းသား ပြဿနာ၊ လူနည်းစု ပြဿနာ ဘယ်ပုံ ဖြေရှင်းနိုင်မလဲ၊ “သွေးချင်းညီအစ်ကိုများ စည်းလုံးခြင်းရဲ့ အင်အား” အော်တတ်ပေမယ့် တဖက်ကလည်း “ကြီးမြတ်လေသော မဟာ မြန်မာ” စိတ် အခံ နဲ့ က ဘယ်လို ဒီ ပြဿနာ အစုစု ကို အမှန်တကယ် ပြီးမြောက် ဖြေရှင်း တိုင်းပြည် ငြိမ်းချမ်း ဖွံဖြိုးတိုးတက်စေမလဲ၊ “အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသား တိုင်းပြည်” လုပ်ချင်၊ “မြန်မာစာ သည် တို့ စာ” လုပ်ချင်နေမှုတွေ နေရာတကာမှာ များမှတော့ ဘယ်လို ဘာသာရေး ပဋိပက္ခတွေ ကင်းနိုင်မလဲ၊ ပြည်တွင်းစစ်မီး ငြိမ်းနိုင် ပါ့မလဲ။
အဆိုးဆုံး အချက် ကတော့ ပညာရေး စနစ်မှာ ဘာသာ တခု၊ လူမျိုး တခု တည်း ကို စံ သတ်မှတ် ပြဋ္ဌာန်းခြင်းပါ။ ရှင်းအောင် ဆိုရရင် မြန်မာ လူမျိုး တမျိုး၊ ဗုဒ္ဓဘာသာ တဘာသာ တည်းကိုသာ ဗဟိုပြု သင်ရိုးညွှန်းတမ်း တည်ဆောက်ထားခြင်းပါ။ တိုင်းပြည်မှာ မှီတင်းနေထိုင်နေသူ ဘာသာစုံ၊ လူမျိုးစုံ အားလုံးရဲ့ သဘော၊ သဘာဝ တွေ ကို ပညာရေး စနစ်မှာ လျစ်လျူရှု ချန်ထားမှု က လူ့အဖွဲ့အစည်းအတွင်း အမုန်းတွေ၊ ရန်ငြိုးတွေ၊ အာဃာတတွေ မလျော့နိုင်၊ မပျောက်နိုင်၊ ပဋိပက္ခတွေဖြစ်၊ စစ်မီးတွေ ဆက်လက် တောက်နေရခြင်း ရဲ့ အဓိက အကြောင်းကြီး တရပ် ဖြစ်တယ်။
မတူကွဲပြားသူချင်း ချစ်ခင် ရင်းနှီး၊ နားလည်မှု တည်ဆောက်နိုင်ဖို့ဆိုတာက တယောက် နဲ့ တယောက် အရင် သိမှ၊ တယောက် ဓလေ့၊ ထုံးစံ၊ ယဉ်ကျေးမှု ကို တယောက် နားလည်မှ ဖြစ်နိုင်မှာပါ။ ဒါတွေကို ကလေး ဘဝ အခြေခံ ပညာရေး စနစ်မှာ လေ့လာခွင့် သိခွင့် မရခဲ့ရင် ဒီကလေး ကြီးတဲ့ အချိန် လူ့အဖွဲ့အစည်း အတွင်း ဝင်တဲ့ အခါမှာ မတူကွဲပြားမှုတွေကို လက်သင့်မခံနိုင်၊ မိမိနဲ့ မတူညီသူတွေကို နားမလည်နိုင် ဖြစ်ကာ အမြင်လွဲမှုတွေ အခြေတည်၊ အမုန်းတွေ ထားမိ လာခြင်းဟာ တကယ်တော့ မဆန်းလှပါဘူး။ ပညာရေး စနစ်ကမှ ငယ်စဉ်ကတည်းက ထိန်းကျောင်းပေးမှုမျိုး မရှိခဲ့တာကိုး။
မူလတန်းကနေ တက္ကသိုလ် အဆင့် အထိ သမိုင်း၊ မြန်မာစာ၊ ကြိုက်တဲ့ ပြဋ္ဌာန်း စာအုပ် တအုပ်အုပ်ကို ယူကြည့်ပါ။ ပဒေသရာဇ် ခေတ်စော် နံတဲ့ လူမျိုးရေး အသားပေး၊ မြန်မာ လူမျိုးကြီး ဝါဒ အခြေခံ စာ၊ ဗုဒ္ဓ ဘာသာ အခြေပြု စာ ဒါတွေပဲ အဓိက လွှမ်းမိုးနေတာ တွေ့မြင်ရမှာပါ။ “ဦးပေါင်းကျားနှင့် မြင်းကျားရှင်” လောက်နဲ့သာ အားလုံးဟာ ကြီးလာခဲ့ရတယ်။ လူနည်းစု အငွေ့အသက် သဘောပါတာဆိုလို့ “ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း” ကို အကျဉ်း သင်ရတာမျိုးလောက်ပဲ ရှိမယ်။
တိုင်းပြည်ရဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အကြောင်းကို၊ လူသားအားလုံး၊ လူမျိုးအားလုံး ချစ်ကြည်ရင်းနှီးမှုကို အထက်မှာ ထောက်ပြခဲ့သလို လူထု ဆက်သွယ်ရေး ကြားခံ ပစ္စည်း စာပေ၊ သဘင်၊ ဂီတ၊ ရုပ်ရှင် အားလုံမှာလည်း ပုံမဖော်နိုင်၊ အကျိုးထက် အပြစ်က များနေတဲ့ တင်ဆက်မှုတွေ အပြည့် ဖြစ်နေ၊ ဆိုခဲ့သလို ပညာရေး စနစ်မှာလည်း ထည့်သွင်း မသင်ပြနိုင်၊ ဒီလို အနေအထား နဲ့ တိုင်းပြည်မှာ ဘာသာရေး၊ လူမျိုးရေး အခြေခံ ပြည်တွင်းစစ်ပွဲတွေ ကမ္ဘာ့ စံချိန်တင် ရာစုဝက်ကျော် ချီ ဖြစ်နေတာ၊ လူအုပ်စုလိုက် ပဋိပက္ခတွေ ကမ္ဘာကျော် ဖြစ်နေတာဟာ နည်းတောင် နည်းသေးတယ်လို့တောင် ဆိုရမလိုပါပဲ။
ဒီ ရုပ်ရှင်၊ သဘင်၊ စာပေ၊ ဂီတ နဲ့ ပညာရေး စနစ်လို လူအများကို အင်အားတရှိ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်စေတဲ့ Soft Power မျိုးကို စာရေးသူ အနေနဲ့ ခပ်ရိုင်းရိုင်း အသုံး နဲ့ လူအများ နားစွဲအောင် ဆိုရရင် မရိုသေ့စကား “ပျော့ပျော့ ပျော့ပျော့ နဲ့ နံတတ်တဲ့ ကြောင်ချေး” တွေလို့ သတ်မှတ်တယ်။ ရုတ်တရက် အပေါ်ယံ အမြင် သဘောနဲ့ ထိရောက်မှု မရှိဘူးလို့ ထင်စေနိုင်ပေမယ့် လူကြားကို၊ လူအများကို ထဲထဲဝင်ဝင်၊ နက်နက်ရှိုင်းရိုင်း အရိုးစွဲ၊ လွှမ်းမိုးစေတာက ဘာသာရေး အဆုံးအမ အပြင်မှာ ဒီ အနုပညာ နဲ့ ပညာရေး ကဏ္ဍ နှစ်ခုက အဓိက ပါပဲ။
ဒီလို အစွမ်းထက်တဲ့ ကြောင်ချေး တွေမှာ ဆောင်းပါး တလျှောက် ဆိုခဲ့သလို အပြစ်အနာအဆာတွေ၊ ပြဿနာကို အစပြုစေတဲ့၊ ကြီးထွားစေတဲ့၊ ရေရှည်စေတဲ့ သဘောတွေ အပြည့် ဖြစ်နေတယ်။
ဆိုတော့ ဒီ ကြောင်ချေးများကို အရင် ရှင်းလင်း သုတ်သင် ပြင်ဆင်မှသာ ဗမာလူ့အဖွဲ့အစည်းမှာ စွဲကပ်နေတဲ့ လူမျိုးရေး၊ ဘာသာရေး အခြေခံ တဲ့ ပြဿနာတွေ၊ အမုန်းတွေ၊ ရန်ပွဲတွေ စစ်ပွဲတွေက အလုံစုံ ရပ်တန့် ဖြေရှင်းနိုင်မှာဖြစ်တယ်။
နိဂုံးချုပ်ရရင် ဘာသာရေး ခေါင်းဆောင်များ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေး ပွဲတွေ လုပ်နေကြတာ ကောင်းပါတယ်၊ လုပ်လည်း လုပ်ရပါမယ်။ ဒါပေမယ့် ရောဂါ ပြဿနာ ရင်းမြစ်ကို ကုစားနိုင်ဖို့ရာကတော့ ဆိုခဲ့တဲ့ Soft Power ကဏ္ဍ အသီးသီး မှာ မလိုလားအပ်တဲ့ အတွေးအခေါ်တွေ၊ သဘောထားတွေ ကို ဖယ်ထုတ်၊ အမုန်းပွားစေမယ့် အပြောအဆို၊ အကြောင်းအရာတွေကို တားမြစ်၊ ဘာသာစုံ၊ လူမျိုးစုံ ရဲ့ ဓလေ့၊ ထုံးစံ တွေ ကို သွတ်သွင်း၊ ဘာသာတခုတည်း၊ လူမျိုးတခုတည်း ချီးမြှောက် နေမှုတွေကို ရပ်၊ ဘာသာစုံ၊ လူမျိုးစုံ ချစ်ကြည်ရင်းနှီးမှုကို ရှေးရှုတဲ့ စာတွေ၊ အနုပညာ ပစ္စည်းတွေ များများ ဖန်တီး၊ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ကျား-မ၊ လိင်၊ လိင်တိမ်းညွတ်မှု စတဲ့ မတူကွဲပြားမှု အားလုံးကို ပိုမို သည်းခံ နားလည်ပေးနိုင်မှုကို ကဏ္ဍ အသီးသီးမှာ လမ်းကြောင်းပေး စတဲ့ လူအများရဲ့ အမြင်၊ သဘောထား၊ အတွေးအခေါ် ကို အကောင်းဘက် ပြောင်းလဲလာစေမယ့်၊ ရေရှည်လည်း စွဲမြဲ တည်တံ့ စေမယ့် အချက်တွေကို ဇောင်းပေး ဖော်ဆောင်၊ လုပ်ဆောင်မှ ရမှာ ဖြစ်တယ်။
ဒါကြောင့် ထိထိရောက်ရောက် တကယ် အကျိုး ကျေးဇူးရှိမယ့် Soft Power ပြုပြင်ပြောင်းလဲမှုတွေကို အဓိက အသားပေး လုပ်ဆောင်စေဖို့ လိုအပ်ကြောင်းကို “ကြောင်ချေးများကို အရင် ရှင်းပါ” ခေါင်းစဉ်တပ် ဆွေးနွေးလိုက်ရကြောင်းပါ။
စာရေးသူ သည် သြစတြေးလျနိုင်ငံတွင် အိုင်တီ နှင့် စီးပွားရေး မဟာပညာရပ်များကို လေ့လာသင်ယူခဲ့ပြီး ခေတ္တ နေထိုင်လျက်ရှိကာ အွန်လိုင်း မီဒီယာ များတွင် မျက်မှောက် ရေးရာ နှင့် အထွေအထွေဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဆက်သွယ်လိုသူများ [email protected] ထံ စာရေးဆက်သွယ်နိုင်သည်။