မြန်မာအစိုးရအနေဖြင့် စာနယ်ဇင်းများ၏ ဝေဖန်ထောက်ပြမှုကို လက်ခံရန်နှင့် စာနယ်ဇင်းသမားများက ရာဇဝတ်မှုဆိုင်ရာ ပုဒ်မများ အသုံးပြု၍ အရေးယူအပြစ်ပေးခြင်းကို ဖေယ်ရှားပေးရန် လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ (HRW) က တောင်း ဆိုလိုက်သည်။
အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာလုံး ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်သော HRW ၏ အမှုဆောင် ဒါရိုက်တာ Kenneth Roth က မြန်မာအစိုးရ အဆင့်မြင့် အရာရှိများနှင့် တွေ့ဆုံခဲ့ပြီးနောက် ယခုလ ၆ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။ HRW အဖွဲ့က ယခုနှစ်အတွက် ၎င်းတို့၏ ဒါရိုက်တာ အဖွဲ့ နှစ်ပတ်လည် အစည်းအဝေးကို မြန်မာနိုင်ငံတွင် ကျင်းပရန် ရွေးချယ်ခဲ့ပြီး ၂၀၁၁ ခုနှစ် အရပ်သား အမည်ခံ အစိုးရတာဝန်ယူပြီးနောက်ပိုင်း ပြုလုပ်ခဲ့သည့် ပြုပြင်ပြောင်းလဲရေးများထဲမှ အရေးပါသည့် အချက်များကို အလေး ပေးဆွေးနွေးခဲ့ကြသည်။
ယခုလ ၅ ရက်နေ့က သမ္မတဦးသိန်းစိန်နှင့် နေပြည်တော်တွင် ပြုလုပ်ခဲ့သော ဆွေးနွေးမှုသည်လည်း တိုးတက်မှုရှိကြောင်း Kenneth Roth ကပြောသည်။ သို့သော်လည်း အခြား တာဝန်ရှိသူများကမူ ပူးပေါင်းဆောင်ရွက်ရန် စိတ်ဆန္ဒနည်းပါး ကြသည်ဟုလည်း သူကဆိုသည်။
“ကျနော်တို့ အချက်တော်တော်များများ ပြောခဲ့ကြပါတယ်။ သူကလည်း စိတ်ဝင်တစားဆွေးနွေးပါတယ်။ ဒါ ကြောင့် ပြုပြင်ပြောင်းလဲရေးကို သူ လုပ်မယ်ဆိုတာကတော့ ရှင်းပါတယ်” ဟု Kenneth Roth က သမ္မတနှင့် တွေ့ဆုံမှုကို ပြန် ပြောပြသည်။
“ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် သမ္မတရဲ့ ထိပ်တန်းအကြံပေး ပုဂ္ဂိုလ်တွေ၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ ပြန်ကြားရေး စတဲ့ဌာနတွေက အရေးပါတဲ့ ဝန်ကြီးတွေနဲ့ တွေတဲ့အခါမှာတော့ တချို့က ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ သေသေချာချာ ဆုံးဖြတ်ထားတဲ့ သူရှိသလို တချို့ကတော့ ဒါကို အရှိန်လျော့သွားစေချင်ကြတဲ့အတွက် အစိုးရ အဖွဲ့ထဲမှာ ကွဲနေတာ သေချာလာပါတယ်” ဟုလည်း သူကဆိုသည်။
မြန်မာနိုင်ငံတွင် မထုတ်ဝေမီ စာပေစိစစ်ရေးသို့ ကြိုတင် တင်ပြရသည့် စနစ်ကို ၂၀၁၂ ခုနှစ်တွင် ပယ်ဖျက်လိုက်ပြီး မီဒီယာ လွတ်လပ်ခွင့် တိုးတက်မှုရှိလာသည်ကို ချီးကျူးခဲ့သော်လည်း လတ်တလောအချိန်တွင် မီဒီယာများအပေါ် ဖိအားပေး နေခြင်းကို ထောက်ပြခဲ့သည်။
ပြီးခဲ့သည့် လအတွင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အကြမ်းဖက်မှုတခု ဖြစ်ပွားခဲ့ပြီး ဒါဇင်နှင့် ချီသော ရိုဟင်ဂျာ မူဆလင်များ သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် ကုလသမဂ္ဂတို့က သတင်းများထုတ်ပြန်ခဲ့ပြီးနောက် မြန်မာ အစိုးရက စွပ်စွဲမှုများကို ဒေါသတကြီးတုန့်ပြန်ခဲ့ပြီး သတင်းများကို ပယ်ချခဲ့သည်။ ထိုသတင်းကို ရေးသားခဲ့သည့် AP သတင်းဌာနမှ သတင်းထောက်များကိုလည်း ပြန်ကြားရေးဝန်ကြီး ဌာနသို့ ခေါ်ယူပြီး သတိပေးခဲ့သည်။
ပဋိပက္ခဖြစ်ပွားပြီး နောက်ပိုင်းပေါ်ပေါက်ခဲ့သည့် မီးလောင်မှုတွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ခဲ့သည်ဟု ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းဌာသို့ပြောကြားခဲ့သော မွတ်ဆလင် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကိုလည်း အစိုးရက စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
ထိုနည်းတူပင် မကွေးတိုင်း ပေါက်မြို့နယ်မှ စစ်တပ်ပိုင် ကာကွယ်ရေးပစ္စည်း စက်ရုံတရုံသည် ဓာတုလက်နက်များ ထုတ်လုပ်သည့် စက်ရုံတခုဖြစ်သည်ဆိုသော သတင်းရေးသားခဲ့သည့် Unity ဂျာနယ်မှ အမှုဆောင်အရာရှိတဦးနှင့် သတင်းထောက် ၄ ဦး ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စာနယ်ဇင်းလွတ်လပ်ခွင့် ရရှိရေး ဆောင်ရွက်သူများက ၎င်းတို့ကို ပြန်လွှတ်ပေးရန် တောင်းဆိုနေကြသည်။
အကြောင်းအရာ တစုံတခုကို ဦးတည်ရည်ညွှန်းခြင်း မပြုသော်လည်း Kenneth Roth က တာဝန်ရှိသူများ နှစ်ချိုက်ဖွယ်ရာ မရှိသည့် သတင်းရေးသားမှုများကို အစိုးရအနေဖြင့် သည်းခံပေးဖို့ တောင်းဆိုလိုက်သည်။
“စာနယ်ဇင်းဆိုတာ အစိုးရရဲ့ အာဘော်ကို ဖော်ပြပေးရတာ မဟုတ်ဘူးဆိုတာကို ခုချိန်အထိ အစိုးရရဲ့ တချို့ အစိတ်အပိုင်း တွေက လက်မခံသေးပါဘူး။ မီဒီယာဆိုတာ အစိုးရနဲ့ စစ်တပ်အတွက် ဝါဒ ဖြန့်ချီပေးရုံပဲ မဟုတ်ပါဘူး။ အစိုးရက သဘော မတူသည် ဖြစ်စေ၊ မိမိကိုယ်ပိုင် သဘောထားနဲ့ မတိုက်ဆိုင်သည်ဖြစ်စေ အရှိအတိုင်း လွတ်လပ်စွာ တင်ပြပေးရမှာ ဖြစ်ပါတယ်။ ကောင်းမွန် ပြည့်စုံတဲ့ မီဒီယာ ပတ်ဝန်းကျင်မှာ ကွဲပြားခြားနားတဲ့ အသံတွေ၊ အချေအတင် ငြင်းခုန်မှုတွေ ရှိနေပါတယ်” ဟု သူကဆိုသည်။ “အဲဒါကို လက်ခံဖို့၊ ခြိမ်းခြောက်မှုတခုလို့ မမြင်ဘဲ လက်ခံသင့်တဲ့ အစဉ်အလာတခုလို့ လက်ခံဖို့က အခုမှ ပြောင်းလဲလာနေတုန်း ရှိသေးတယ်လို့ ကျနော်ထင်ပါတယ်။”
သူနှင့် HRW ကိုယ်စားလှယ်အဖွဲ့က အစိုးရကို မီဒီယာနှင့် ပတ်သက်သည့် ဥပဒေသစ်များသည် မီဒီယာများကို စီမံခန့်ခွဲရာတွင် ရာဇဝတ်မှုဆိုင်ရာ အရေးယူမှုမျိုး ဖြစ်မနေစေရန်လည်း တိုက်တွန်း ခဲ့သည် ဟု Kenneth Roth ကပြောသည်။
“သတင်း အမှားတွေရေးတယ်၊ သတင်း အမှားတွေရေးတယ်လို့ အစိုးရ တာဝန်ရှိသူတချို့က ပြောကြတာကို ကျနော်တို့ ကြားခဲ့ပါတယ်။ အစိုးရ အနေနဲ့ ဒီသတင်းတွေကို တုန့်ပြန်သင့်တယ်လို့ ကျနော်တို့ ဖြေခဲ့တယ်။ အပြန်အလှန် ငြင်းခုန်မှု ရှိရမယ်။ ရာဇဝတ်မှု ဥပဒေရဲ့ ပြင်းထန်တင်းကျပ်မှုကနေ မဟုတ်ဘဲ ပြောဆိုငြင်းခုန်ရင်းကနေ အမှန်တရား ပေါ်လာ စေရမယ်” ဟုလည်း သူကဆိုသည်။
HRW ၏ အာရှဒေသဆိုင်ရာ အမှုဆောင် ဒါရိုတ်တာ Brad Adams ကလည်း ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည့် အချိန်တွင် ပုံနှိပ်ထုတ်ဝေခြင်းကို အရေးယူရန်အတွက် ရာဇဝတ်မှု ဥပဒေများ မသုံးစွဲသင့်ကြောင်း တင်ပြရာ သဘောတူလက်ခံခဲ့ကြသည်ဟု ပြောသည်။
မြန်မာ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရာတွင် ရခိုင်ပြည်နယ်မှ ပဋိပက္ခများအပေါ်တွင် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုများနှင့် ပတ်သက်၍လည်း HRW က အလေးပေးဆွေးနွေးခဲ့သည်။ ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည်ဟု ယူဆရသည့် အကြမ်းဖက် သတ်ဖြတ်မှု ကို ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးသွားရန် ထပ်မံတောင်းဆိုခဲ့ကြောင်းလည်း Brad Adams ကပြောသည်။
ထို့ပြင် ကချင်ပြည်နယ်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့၏ ပဋိပက္ခများ၏ ဒဏ်ကို ခံစားနေရ သည့် စစ်ရှောင် ဒုက္ခသည်များ အတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများရရှိနိုင်ရေး သေချာအောင် ဆောင်ရွက် ပေးရန် လည်း HRW အဖွဲ့ က အစိုးရကို တောင်းဆိုခဲ့သည်။ “ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အဲဒီမှာရနေပါတယ်၊ လူတွေလည်း သွားနိုင်ပါတယ်လို့ ကျနော်တို့ကို ထပ်တလဲလဲ ပြောခဲ့ပါတယ်။ ကျနော်တို့ရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့တွေဆီက ကြားရတာတော့ တခြားဖြစ်နေတယ်။ ဒါကို စစ်ဆေး ကြည့်ရမယ်ဆိုတာ သေချာပါတယ်” ဟု Kenneth Roth ကပြောခဲ့သည်။
မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး အေဂျင်စီ ရုံးဖွင့်လှစ်ခွင့် ပြုမည်ဟု အမေရိကန် သမ္မတ အိုဘားမားကို ကတိပေးထားခဲ့သည့် အတိုင်း ဆောင်ရွက်ပေးရန်လည်း သမ္မတဦးသိန်းစိန်ကို တိုက်တွန်းခဲ့သည်ဟု Kenneth Roth က ပြောသည်။