Ethnic Issues

ရှမ်းပြည်နယ်နေ့ ရန်ပုံငွေများ ဒုက္ခသည်များကို ထောက်ပံ့မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၆၇ ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အနေဖြင့် ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ရန်ကုန်မြို့ပြည်သူ့ရင်ပြည်တွင် ပထမဆုံးအကြိမ် ကျင်းပကာ ရရှိလာသည့် ရန်ပုံငွေပွဲကို မြန်မာပြည်တဝှမ်းရှိ ဆင်းရဲနွမ်းပါးဒေသသို့ သွားရောက်လှူဒါန်းမည်ဟု သိရသည်။

အဆိုပါပွဲတွင်ရရှိလာသည့် ရန်ပုံငွေများကို အဓိအားဖြင့် ဆင်းရဲနွမ်းပါးသည့်ဒေသများဖြစ်သည့် စစ်ဘေးဒဏ် ခံနေရသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ကိုလည်း ပွဲဖြစ်မြောက်ရေး ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း ရှမ်းပြည်နယ်နေ့ ပွဲဖြစ်မြောက်ရေး ကော်မတီမှ ဘဏ္ဍာရေး တာဝန်ယူသည့် ဒေါ်စောသီတာထွေးက ဧရာဝတီသို့ ပြောသည်။

“ စစ်ဘေးဒဏ်ခံနေရသည့် တိုင်းရင်းသားမိသားစုဝင်တွေနဲ့ ဆင်းရဲနွမ်းပါးတဲ့နေရာဒေသ အားလုံးကို သွားရောက်လှူဒါန်းမှာပါ” ဟု ဒေါ်စောသီတာထွေးက ဆိုသည်။

ရှမ်းပြည်နယ်နေ့ ပွဲတော်အတွက် သမ္မတ၏ သဝဏ်လွှာပို့ပေးသည့်အတွက်လည်း ဝမ်းသာကြောင်း၊ ယခုကဲ့သို့ ပွဲတော်ကို လွတ်လပ်စွာ ကျင်းပခွင့်ပေးသည့်အတွက်လည်း

ကျေးဇူးတင်ကြောင်း၊ ရန်ကုန်တွင်ကျင်းပသည့် ပွဲတွင် အနယ်အရပ်ရပ်မှ ရှမ်းတိုင်းရင်းသား အုပ်စုဝင် ၁၄ဖွဲ့နှင့် အဆိုတော် ၁၇ ဦးလာရောက်ဖျော်ဖြေပေး ကြောင်းလည်း ရှမ်းပြည်နယ်နေ့ ပွဲဖြစ်မြောက်ရေးကော်မတီမှ အတွင်းရေးမှူး ဦးစိုင်ကျောက်တစ်က ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည်နယ်နေ့ကို ရန်ကုန်မြို့တွင် ၂၈ နှစ်ကျင်းပလာခဲ့ပြီး ယခုပြည်သူ့ရင်ပြင်တွင် စည်ကားစွာ ကျင်းပနိုင်ခဲ့သည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပသည့် ရှမ်းပြည်နယ်နေ့ ပွဲတော်တွင် ရှမ်းတိုင်းရင်းသားရိုးရာ အစားအသောက်များ၊ ရှမ်း အသုံးအဆောင်ပစ္စည်းများနှင့် ရှမ်းပြည်ဒေသထွက် ကုန်ပစ္စည်းများစွာလည်း ခင်းကျင်းရောင်းချထားပြီး၊ ရှမ်းတိုင်းရင်းသား လူမျိုးများဖြစ်သည့် အခါ တိုင်းရင်းသား၊ ပအိုဝ်း၊ လားဟူ၊ တအာင်း(ပလောင်)၊ ရှမ်းနီတိုင်းရင်းသားများကလည်း ပါဝင် အားဖြည့်ပေးခဲ့သည်။

ရှမ်းပြည်နယ်နေ့ ပွဲတော်ဖြစ်မြောက်ရေးအတွက်လည်း ကမ္ဘောဇဘဏ်၊ အေးရှားဝေါလ်၊ ရွှေတောင်ကုမ္ပဏီနှင့် ရွှေသံလွင် တို့မှလည်း ပါဝင်ကူညီခဲ့ကြောင်းသိရသည်။

“အရင်က ကျနော်တို့ ရှမ်းပြည်နယ်နေ့ကို ပေါ်ပေါ်ထင်ထင် လုပ်ခွင့်မရှိခဲ့ဘူး။ ရှမ်းပြည်နယ်နေ့တင်မကပါဘူး။ မြန်မာပြည်မှာ အရေးကြီးတဲ့ နေ့ကြီးရက်ကြီးဖြစ်တဲ့ အာဇာနည်နေ့တောင် ကောင်းကောင်း လုပ်ခွင့်မရခဲ့ဘူး။ အခုလို ပွင့်လင်းရာသီရောက်လာတော့ ဒီလိုပြည်သူ့ရင်ပြင်မှာ လုပ်ခွင့်ပေးတဲ့အတွက် ဂုဏ်ယူဝမ်းသာပါတယ်”ဟု ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင်ကျင်းပသည့် ရှမ်းပြည်နယ်နေ့ကို တက်ရောက်လာသည့် ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA) နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်က ပြောသည်။

၁၉၄၇ ခုနစ်မှ စ၍ တန်းတူညီမျှခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံပြီး ရှမ်းပြည်နယ်နေ့ကို စပြီးတော့မှ ကျင်းပလာခဲ့ကြောင်း၊ ရှမ်းပြည်နယ်နေ့ မရှိလျှင် ပြည်ထောင်စုနေ့ဆိုတာ ရှိလာမှာမဟုတ်ကြောင်း၊ ပြည်ထောင်စုနေ့ရှိမှသာလျှင် လွတ်လပ်ရေးကိုလည်း တိတိကျကျ ရယူနိုင်ခဲ့သည်ဟု ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းလိတ်က ဧရာဝတီသို့ ပြောသည်။

“တန်းတူညီခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဟာ အခုအခြေအနေမှာ လိုတယ်။ ကျနော်တို့ အမျိုးသားနေ့ကိုတောင် ပြည်နယ်နေ့ ပြောင်းလဲပြီး ကျင်းပခဲ့ရတယ်။ အဲ့ဒီမှာပဲ အမျိုးသား ပဒေသာ ကပွဲဆိုပြီး အဆင့်နိမ့်ပြီး ကျင်းပခဲ့ရတယ်။ ဒါတွေဟာ ဒီနေ့ထိ နည်းနည်းတိုးတက်လာပြီး ပြည်နယ်နေ့ ဆိုတာ အသိအမှတ်ခံရပြီဆိုပေမယ့် ကျနော်တို့ နဂိုရှိရင်းစွဲ ရပိုင်ခွင့်ကတော့ လုံးဝမရသေးဘူး” ဟုလည်း ဦးစိုင်းလိတ်က ပြောသည်။

ရှမ်းပြည်နယ် ပင်လုံမြို့မှ ၁၉၄၇ ခုနစ် ဖေဖော်ဝါရီ ၇ ရက်နေ့ ည ၉ နာရီမှာ ကျင်းပပြုလုပ်သော အရေးပေါ်လူထု အစည်းအဝေးကို တက်ရောက်လာကြသည့် ရှမ်းပြည်နယ် တိုင်းရင်းသား လူမျိုးပေါင်းစုံ စုရုံးပွဲမှ စတင်ဖြစ်ပေါ်လာသောကြောင့် ရှမ်းပြည်နယ်၏ အစဉ်အလာကြီးမားသော သမိုင်းလည်းဝင်နေ့ ဖြစ်သည်။ ရှမ်းပြည်နယ်နေ့ကို အကြောင်းပြုပြီး ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးထံမှ လွတ်လပ်ရေးကို တိုင်းရင်းသား အားလုံးပူးတွဲ၍ ရယူလိုကြောင်း ပြသခဲ့သော ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ပြည်နယ်နှင့် ပြည်မမှ နိုင်ငံရေး ခေါင်းဆောင်များက ၁၉၄၇ခုနစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading