၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို အုပ်ချုပ်နေသည့် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဌ ဦးပယ်ဆုံချိန်အား လက်ရှိအချိန်တွင် ကိုးကန့်ဒေသ ရပ်တည်မှု၊ အကောင်အထည် ဖော်နေသည့် စီးပွားရေးဇုန်နှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် မေခ က စက်မှုဇုန် တည်ဆောက်နေသည့် ကိုးကန့်ဒေသ၏ မြို့တော် တခုဖြစ်သော လောက်ကိုင်မြို့သို့ သွားရောက်စဉ် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
အဆိုပါ စီးပွားရေးဇုန် စီမံကိန်းမှာ ကိုးကန့်ဒေသ၏ ပထမဆုံး စီးပွားရေးဇုန် ဖြစ်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ၏ ပထမဆုံး တည်ဆောက်ခွင့် ရမည့် စီးပွားရေးဇုန် တခုလည်း ဖြစ်ပါသည်။
မေး။ ။ လက်ရှိ ကိုးကန့်ဒေသ စီးပွားရေးက ဘယ်အပေါ်မှာ အခြေခံရပ်တည် နေတယ်လို့ ပြောလို့ရမလဲ။
ဖြေ။ ။ စိုက်ပျိုးရေးကို အားကိုးနေတယ်လို့ ပြောနိုင်ပါတယ်။ လူဦးရေ ၇၀ ရာခိုင်နှုန်းက စိုက်ပျိုးရေးနဲ့ သူတို့ဘဝကို ဖြေရှင်း နေ တယ်လို့ ပြောနိုင်ပါတယ်။ ဒေသ စီးပွားရေးက လက်ဖက် စိုက်တယ်။ လယ်စပါး၊ တောင်ယာ စပါး၊ ပြောင်းဖူး စိုက်တယ်။ ကြံ စိုက် တာလည်း ရှိတယ်။ ကိုးကန့် အဖွဲ့ကတော့ ကိုးကန့်ဒေသ ကူးသန်းရောင်းဝယ်ရေးနဲ့ လယ်ယာ ထွက်ကုန်တွေကနေ အခွန်ကောက် ပြီး ရပ်တည်တယ်။
ဥပမာ- ကြံဆို ၁ တန်ကို တရုတ် ယွမ်ငွေ ၁၀ ကောက် ပါတယ်။ အခုအချိန်မှာ ကိုးကန့် ပြည်သူတွေ အနေနဲ့ နေထိုင်မှုဘဝ မြင့် တက် လာတယ်။ လက်ရှိ ဒေသ ဖွံ့ဖြိုးရေး အတွက် ၁၂၅ စက်မှု ရပ်ကွက်ကို စတင် အကောင်အထည် ဖော်ဖို့ လုပ်နေတယ်။ အခြေ ခံ အဆောက်အအုံတွေ စလုပ်နေပြီ။ ဒီဟာကို အကောင်အထည် ဖော်တာ ၂နှစ်လောက် ရှိပြီ။ ဒီဟာ အကောင်အထည် ပေါ်လာ ရင် ကိုးကန့်ဒေသ ဒီထက် ဖွံဖြိုး လာမယ်။
မေး။ ။ ၁၂၅ စက်မှုဇုန်မှာ ရင်းနှီးမြှုပ်နှံမှုကို တရုတ်ဘက်ကိုပဲ ဦးတည် ရင်းနှီး မြှုပ်နှံ ခွင့်ပြုမှာလား။ ဘယ်လို အခန်းကဏ္ဍက သူတို့ ပါဝင်မှာလဲ။
ဖြေ။ ။ ကျနော်တို့ စက်မှုဇုန်က နိုင်ငံတော် မူဝါဒ အတိုင်းပဲ။ သမ္မတကြီး ပြောတဲ့ အတိုင်း လုပ်ဆောင်မှာပါ။ တရုတ် နိုင်ငံပဲ မဟုတ် ဘူး။ နိုင်ငံတကာက ဘယ်နိုင်ငံမဆို လာရောက် ရင်းနှီးတာ လက်ခံ သွားမှာပါ။ ဆန္ဒရှိတဲ့ မည်သည့် လုပ်ငန်းရှင် မဆို ပြည်တွင်းပြည် ပ အကုန်လုံးကို လက်ခံသွားမှာပါ။ သူတို့က ရင်းနှီးသူ အနေနဲ့ပဲ လုပ်ခွင့် ရှိမယ်။ ဘာမှ ပိုတာ မရှိပါဘူး။
မေး။ ။ လက်ရှိမှာ ကမ္ဘာလှည့် ခရီးသည်တွေကို တရားဝင် လာခွင့် မပေးထားဘူး ဆိုတော့ ဒီအပိုင်းနဲ့ ပတ်သက်ပြီး အစိုးရပိုင်းနဲ့ ဘယ်လို ညှိနှိုင်းထားလဲ။ ပြည်တွင်း လုပ်ငန်းရှင်တွေတောင် လာတာနည်းတယ်။ ဒါက ဘာကြောင့် ဖြစ်နေတာလဲ သိပါရစေ။
ဖြေ။ ။ ဒါကတော့ ကိုးကန့်ဒေသ သမိုင်းကြောင်းနဲ့ ပတ်သက်မယ် ထင်တယ်။ တလျှောက်လုံးက တည်ငြိမ်မှု မရှိတဲ့အတွက် ဒီလို တွေရှိမှာပါ။ ကိုးကန့်က လုပ်ငန်းရှင်တွေ ပြည်မထဲကိုဝင်ပြီး အောင်မြင်တဲ့ လုပ်ငန်းရှင်အဖြစ် လုပ်ဆောင်တာ ရှိပါတယ်။ ဒါကို ကြည့်ရင် ကိုယ့်ဒေသတွင်းမှာ ဘာလို့ သူတို့မလုပ်လည်း ကြည့်ရင် တည်ငြိမ်မှု မရှိတော့ ဘယ်သူက လာလုပ် မလဲပေါ့။ အဓိက ကတော့ ၂၀၀၉ ကိုးကန့် အရေးအခင်းကြောင့် ကိုးကန့်ဒေသက ပိုပြီး ခြောက်ကပ်ခဲ့တယ်။ ၂၀၁၁ နောက်ပိုင်းမှ တည်ငြိမ် လာတာ ပေါ့။ အခုကျတော့မှ စက်မှုဇုန်တွေ လုပ်လာတာပေါ့။ ဒေသကလည်း တရုတ်နိုင်ငံနဲ့ နီးစပ်တယ်။ ကိုးကန့် ဘာသာ စကားက တရုတ် စကားနဲ့ နီးစပ်တော့ ကိုးကန့် ဒေသ အတွင်းကို တရုတ်ဘက်က ရင်းနှီးမြှုပ်နှံမှု တလျှောက်လုံးတော့ လုပ်ပါတယ်။
မေး။ ။ စက်မှုဇုန် လုပ်ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမှု လက်ခံမယ်ဆို လုံခြုံရေးကို တာဝန်ယူ နိုင်ပါ့မလား။
ဖြေ။ ။ ပြောမယ် ဆိုရင် လက်ရှိ အနေနဲ့ တပ် ရှိတယ်၊ တပ်မ ၁၁ ရှိတယ်။ ဒေသ လုံခြုံရေး အရ ရဲတပ်ဖွဲ့ ရှိတယ်။ ဒေသကို တစုံတရာ အနှောင့်အယှက် ပေးတာကတော့ ရှုံးနိမ့်တဲ့ ဦးဖုန် အဖွဲ့ပေါ့။ အန္တရာယ် ပေးနိုင်တာလည်း ဒီအဖွဲ့ပဲ ရှိတာပါ။ ဒါပေမယ့် လည်း သူတို့အနေအထားနဲ့ အလုံးအရင်း လာသိမ်းဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးပေါ့နော်။ အနှောင့်အယှက် ပေးနိုင်တာ ရှိကောင်း ရှိနိုင် ပေမယ့် လာရင်းနှီးမယ့် သူတွေကို ပြောနိုင်တာကတော့ သူတို့ အသက် အိုးအိမ် စည်းစိမ်ကို ဦးစီး အဖွဲ့အနေနဲ့ ကာကွယ် ပေးနိုင်ပါတယ်။
မေး။ ။ ဒီမှာ ရင်းနှီးလိုတဲ့ ပြည်တွင်း၊ ပြည်ပက လုပ်ငန်းရှင်တွေကို အစိုးရ ချမှတ်ထားတဲ့ ဥပဒေ အတိုင်း လိုက်နာ ရင်းနှီးခွင့်ပြုမှာလား။ ဦးစီး အဖွဲ့က သီးခြား သပ်သပ် ထုတ်ထားတဲ့ ဥပဒေတွေရော ရှိမှာလား။
ဖြေ။ ။ အဓိကတော့ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေ အတိုင်း လိုက်နာပြီး ရင်းနှီးမြှုပ်နှံ နိုင်ပါတယ်။ ဦးစီးအဖွဲ့ အနေနဲ့ ကတော့ ဥပဒေ သပ်သပ်တော့ မရှိဘူး။ တောင်းဆိုချင်တာ ကတော့ တိုင်းရင်းသား ဓလေ့ထုံးစံကို လေးစား လိုက်နာဖို့ပဲ တောင်း ဆို ပါတယ်။ အချုပ် ပြောရရင် နိုင်ငံတော်ရဲ့ တရားဥပဒေ၊ စည်းမျဉ်း လိုက်နာရမယ်။ ဒါက အဓိက ဖြစ်တယ်။ အဲဒီနောက်မှာ ဒေသ ကို အကျိုးပြုမယ်ဆို လှိုက်လှိုက် လှဲလှဲ ကြိုဆိုမှာပါ။ စက်မှု ရပ်ကွက် အကောင်အထည် ဖော်တော့လည်း ဒီမှာ အလုပ်များများ ပေးနိုင်မယ့် အထည်ချုပ် လုပ်ငန်းတွေ၊ ကားတာယာ လုပ်ငန်းတွေ လုပ်ဖို့ အတွက် တဖက်နိုင်ငံ တရုတ်နဲ့ ဆွေးနွေး ထားတာရှိပါတယ်။ စောစောထဲက လုပ်ဆောင်နေတာ ရှိပေမယ့် တချို့သော သတ်မှတ်ချက်တွေကြောင့် ကြန့်ကြာ ခဲ့ရတာတွေ ရှိပါတယ်။ ဥပမာ နယ်စပ်မျဉ်းရဲ့ဘယ်လောက် အတွင်းမှာ စက်မှုဇုန် မလုပ်ရတာ ရှိတယ်။ ဒီလို အချက်တွေ ရှိတော့ နည်းနည်း နှောင့်နှေးတာ ဖြစ် တာပေါ့။ အခုတော့ လုပ်ငန်း သဘောအရ လုပ်နေပါတယ်။
မေး။ ။ ရင်းနှီးမြှုပ်နှံဖို့ လာတဲ့သူတွေက ဒီမှာ လာလုပ်မယ်ဆိုရင် အစိုးရ သတ်မှတ်ထားတဲ့ အခွန်အတိုင်း ကောက်သွား မှာလား။ ဦးစီးအဖွဲ့ ကရော အခွန် ဘယ်လို ကောက်ဦးမှာလဲ။
ဖြေ။ ။ ဒေသ သတ်မှတ်ချက်ပေါ့။ နိုင်ငံတော်က သတ်မှတ်ထားတာတဲ့ အတိုင်း ကောက်တဲ့ အပိုင်းတွေ ရှိတယ်။ ဒေသအနေနဲ့ လုပ်ထုံးလုပ်နည်း ကောက်ခံမှု အရ ကျနော်တို့က လုပ်ငန်းအပေါ် မူတည်ပြီး ကောက်ခံတာ ရှိမှာပါ။ အခွန်ကောက်ဖို့က နိုင်ငံတော် အပြင် ရင်းနှီးမြှုပ်နှံမှု အရ ကျနော်တို့ဘက်က ၂ရာခိုင်နှုန်း ကောက်ဖို့ စီစဉ်ထားတာ ရှိပါတယ်။
မေး။ ။ စက်မှုဇုန် တည်ဆောက်ရေး အပိုင်းမှာ နိုင်ငံတော်နဲ့ရော ဘယ်လို ညှိနှိုင်းထားတာ ရှိလဲ၊ ဥပမာ ဘယ်လောက် ဝင်ငွေရရင် နိုင်ငံတော်ကို ဘယ်လောက် ပြန်ပေးရမယ်၊ ဘယ်လောက် ခံစားခွင့်ရမယ် ဆိုတာမျိုး ညှိနှိုင်းထားတာ ရှိပါသလား။
ဖြေ။ ။ အခုမှ စလုပ်နေတော့ လောလောဆယ် သတ်မှတ်တာ မရှိသေးပါဘူး။ စလုပ်ရင် ဦးစီးအဖွဲ့နဲ့ ကုမ္ပဏီ စာချုပ် ချုပ်ရမယ်။ အစိုးရချင်း လုပ်တာ မဟုတ်ဘူးလေ။ ဒီတော့ ရှမ်းပြည်နယ် အစိုးရက ဘာတောင်းဆိုမယ် မသိသေးဘူး။ ၂၀၀၉ အရေးခင်း ဖြစ်ပြီး နောက်ပိုင်း ဦးပယ် စလုပ်တဲ့အချိန်မှာ နိုင်ငံတော်အစိုးရနဲ့ လက်တွဲပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ထားပါတယ်။ ဒီမှာ စည်ပင်တို့ ဘာတို့ကပဲ သူတို့ သတ်မှတ်ထားတဲ့ အခွန် သူတို့ ကောက်ပါတယ်။
မေး။ ။ လက်ရှိ တရုတ်နိုင်ငံ ကနေ လာရင်းနှီးတာတွေ တွေ့တယ်။ ဒီမှာ ဘယ်လို စည်းမျဉ်းနဲ့ လက်ခံထားတာလဲ။
ဖြေ။ ။ နယ်စပ်မြို့ဖြစ်တော့ ဒီနဲ့ နီးစပ်တဲ့ နိုင်ငံက လာဖွင့်တာ ရှိတယ်။ ဒီမှာ အခွန်ကောက်တာမှာ မည်သူမဆို သတ်မှတ် အခွန် အခ ကောက်ပါတယ်။ ဒီမှာ ကောက်တဲ့ အပိုင်းက အစိုးရဌာနက သူတို့ သတ်မှတ်ချက်အတိုင်း ကောက်တာ ရှိတယ်။ ဘယ်နိုင်ငံ က လာလာ အခွန်ကောက်တာ အတူတူပဲ ဖြစ်မှာပါ။ အကြမ်းဖျင်း ခန့်မှန်းခြေအရ လောက်ကိုင်မြို့ထဲမှာ တခြားနိုင်ငံက ၇၀ ရာခိုင်နှုန်း လာဖွင့်တာ ရှိပါတယ်။ ဒီတော့ ဘယ်သူမဆို လာလုပ် ဒီအခွန် အတိုင်းပဲ ကောက်ပါတယ်။ နောက် ဒေသ လူထု ပျက်စီးမှာ မဟုတ်တဲ့၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်တာ မရှိတဲ့ လုပ်ငန်း လုပ်ခွင့် ပေးပါတယ်။
မေး။ ။ ၁၂၅ စက်မှုဇုန် ပြီးလို့ လာရင်းနှီးမှုတွေ လုပ်ရင် သုံးစွဲမယ့် ငွေကြေးက ဘာငွေကြေးနဲ့ သုံးခွင့် ပြုမလဲ။ လောက်ကိုင်မှာက တရုတ်ငွေ သုံးတာဆိုတော့ ဘယ်လို ငွေကြေး သုံးမှာလဲ။
ဖြေ။ ။ လောက်ကိုင်မြို့ထဲမှာ တရုတ်ငွေသုံးတာက နယ်စပ်ဆိုတော့ အရင်က ၂မျိုး ကိုင်တယ်။ နောက်ပိုင်း ဘာလို့ မြန်မာငွေ မကိုင်လဲဆို နယ်စပ် ဒေသမှာ တချိန်က မြန်မာ ငွေကြေး ဖျက်ခဲ့တာတွေရှိတော့ မယုံကြည်တဲ့ အပိုင်းရှိလို့ ကိုင်သုံးတာ နည်းသွားတယ်။ ရင်းနှီးငွေကို တရုတ်ငွေနဲ့ပဲ လက်ခံမှာပါ။
မေး။ ။ အထူးဒေသရဲ့ ဦးစီးဌာန အနေနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ ဒေသ ရပိုင်ခွင့်ရှိတဲ့ ပြဌာန်း ဥပဒေ အတိုင်း လုပ်ပိုင်ခွင့်တွေ အပြည့်အဝ လုပ်ကိုင်ခွင့် ရှိရဲ့လား။
ဖြေ။ ။ သတ်မှတ် ဥပဒေတွေ ရှိပေမယ့် တချို့ နေရာမှာ မတူတာတွေ ခက်ခဲတွေ ရှိနေတယ်။ ပြောရရင် ထွေအုပ်လိုင်းပေါ့။ ပေး ထားတဲ့ ဥပဒေမှာ မြို့ပြကျေးရွာ တည်ဆောက်ရေး အပိုင်းမှာ ကိုယ်ပိုင် လုပ်ခွင့် ရှိတယ်။ ဒီမှာကျတော့ ကိုယ်တွေကလည်း ဥပဒေ တိုင်း နားမလည်တာ ရှိတယ်။ ဥပဒေ အနေနဲ့ အခိုင်အမာ မလုပ်နိုင်ဘူး။ ဒီတော့ ပေးထားတဲ့ အခွင့်အရေးတိုင်း စီမံကိန်းတွေ ဆွဲထားတာတွေရှိတယ်။ ဒီမှာ ထွေအုပ်လိုင်းဘက်ကျတော့ သူတို့ အမြင်နဲ့ တချို့က ပေါင်းစပ်တာတွေမှာ ခက်နေတယ်။ ပေါင်းစပ် လုပ်တာမှာ နည်းနည်း နားလည်မှု လွဲတာ ရှိတယ်။ ဖြစ်စေချင်တာကတော့ အခုလက်ရှိ ထွေအုပ်ကို ပြောင်းလဲပေးတာ ဖြစ်စေချင် တယ်။
မေး။ ။ ဒီလိုဖြစ်နေတာက အစိုးရက သတ်မှတ် ချပေးထားတာကို လက်တွေ့ လုပ်ဆောင်မှု ခက်တာက ယုံကြည်မှု အားနည်းတယ် ပြောနိုင်မလား။
ဖြေ။ ။ ယုံကြည်တာ မယုံကြည်တာထက် ထွေအုပ်ကလည်း သူ့ဘက်က သူလုပ်တာပေါ့။ ကျနော်တို့ကလည်း ဥပဒေ ဆန့်ကျင် လုပ်တာ မဟုတ်ဘူး။ ဥပဒေ ဆိုတာက ပျော့ပျော့ပြောင်းပြောင်း ဒေသ အခြေအနေနဲ့ လုပ်ရတာ ရှိတယ်။ မြင်တာကတော့ ထွေအုပ် အုပ်ချုပ်ရေးမှုး အနေနဲ့ လုပ်ဆောင်တဲ့အပိုင်းက နည်းနည်း ငြင်းခုန်မှုတွေ ရှိတာပေါ့။ နိုင်ငံတော်အနေနဲ့ ငွေဘယ်လောက် ပေး ရမလဲ ပံ့ပိုးရမယ် မဟုတ်ဘူး။ ကျနော်တို့ လိုလားတာက လမ်းညွှန်မှုပေါ့။ ဦးစားပေး ပေါ်လစီတော့ တိုင်းရင်းသားတွေ အတွက်ရှိဖို့ လိုတယ်။ အားလုံးက နိုင်ငံတော် ပေါ်လစီအတိုင်း လုပ်ရင်တော့ တော်တော် အခက်အခဲ ရှိတယ်။ ဘာတခုမှ လုပ်ရမှာ မဟုတ်ဘူး။ နိုင်ငံတော် စည်းလုံးမှု မပြိုကွဲစေတဲ့ ဘောင်အောက်မှာ ပျော့ပြောင်းတဲ့ ဥပဒေတွေ ရှိသင့်တယ်။ လိုချင်တယ်။ ဒေသနဲ့ ကိုက်ညီတဲ့ ဥပဒေမျိုးတော့ လိုချင်တယ်။ ။