မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ်တွင် အစိုးရ စစ်တပ်က ကာကွယ်ရေးပစ္စည်း စက်ရုံဆောက်လုပ်ရန် မြေ ဧက သုံးသောင်း ခန့် သိမ်းယူမှု ဖြစ်ပွားခဲ့ကြောင်း ကွင်းဆင်း စုံစမ်းမှုအရ သိရှိရသည်။
ထိုသို့ သိမ်းယူရာ၌ လယ်ယာမြေ ဧက ၇၁၅ ဧက ပါဝင်ပြီး လူဦးရေ ၁၀၀၀ ကျော်နေထိုင်သည့် ဒေသခံရွာ ၃ ရွာလည်း ပြောင်း ရွှေ့ပေးရမည် ဖြစ်သည်။
အမှတ် ၂၅ ကာကွယ်ရေး ပစ္စည်းစက်ရုံ ဆောက်လုပ်ရန် အတွက် မြေယာရှင်းလင်းရေး လုပ်ငန်းများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ မှ စတင် စစ်တပ်က လုပ်ဆောင်လာရာ ဒေသခံများနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သည်။
ဒေသခံများက လမ်းပိတ်ဆို့ခြင်း၊ စစ်သားများနှင့် အပြန်အလှန် အချင်းများခြင်းတို့ ဖြစ်ပွားခဲ့ပြီး စစ်တပ်ကလည်း လက်နက် အပြည့် အစုံ ပါဝင်သော စစ်ကားနှစ်စီးဖြင့် တပ်ဖြန့်ထားမှုများ ပြုလုပ်ခဲ့သည်။
ထိုဆောမြို့နယ်တွင် တပ်မတော် ကာကွယ်ရေးပစ္စည်း(ကပစ) ထုတ်လုပ်မှု အရာရှိချုပ်ရုံးက လက်နက်စက်ရုံ တည်ဆောက်ရန် ဆောမြို့နယ် အတွင်းရှိ ပေါက်ပံ့ဆိုင်း၊ ငလယ်ခုံ၊ ငှက်ပြာကျင်း ကျေးရွာ ၃ ရွာမှ လယ်ယာမြေများကို လယ် မြေ တဧကလျှင် ကျပ် ၅၀၀၀ ၊ ယာမြေ တဧကလျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ၂၀၁၁ ခုနှစ်မေလ ၂၁ ရက်နေ့တွင်“အိမ်နှင့်လယ်ယာမြေ ရွှေ့ပြောင်းစရိတ် ပေး ချေပွဲ” ခေါင်း စဉ်ဖြင့် အခမ်းအနားတခု ပြုလုပ်ပြီး ကပစ အမှတ် (၂၅) က အတင်းအကျပ် ပေးချေ၍ လက်မှတ်ထိုးခိုင်း ခဲ့သည် ဟု ပေါက်ပံ့ဆိုင်း ရွာတွင် နေထိုင်သူ ကိုကံထူးအောင် က ပြောသည်။
“စစ်တပ်က လျော်ကြေးလာပေးတဲ့နေ့က ရွာထဲကို သူတို့တွေဝင်လာပြီး ဒီနေရာမှာ လူစုခိုင်းလိုက်တယ်၊ ပြီးတော့ သူတို့မှာပါတဲ့မြေ လျော်ကြေးပေးတယ်ဆိုတဲ့ ဗီနိုင်းစကြီးကို ထောင်ပြီး လျော်ကြေးငွေကို မယူမနေရ ယူခိုင်းတယ်၊ ဒါပေမယ့် သူတို့ လျော်ကြေး လာ ပေးတဲ့နေ့က ၂၀၁၁ ခုနှစ် မေလ ၂၁ ရက်နေ့ ဗီနိုင်းမှာရေးထားတာက မတ်လ ၁ ရက်နေ့ ဒိတ်နဲ့ ရေးထားတယ်၊ ပုံစံက ဟိုဘက် စစ် အစိုးရ လက်ထက်က သိမ်းခဲ့တဲ့ ပုံစံမျိုးလုပ်သွားတာ”ဟု ကိုကံထူးအောင်က ဆိုသည်။
စစ်တပ်မှ သိမ်းယူသည့် မြေနေရာဖြစ်သွားသောကြောင့် ကပစ နယ်မြေဟု သတ်မှတ်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက ဒေသဖွံ့ဖြိုးရေး အကူအညီများ မပေးတော့ကြောင်း၊ နောက်ပိုင်းတွင် ဒေသခံများက နိုင်ငံတကာ အဖွဲ့အစည်းများထံသို့ တရားဝင် စာတင်ပြီး ကူညီထောက်ပံ့မှုများ ပေးအပ်ရန် တောင်းခံမှသာ ဖွံ့ဖြိုးရေး အကူအညီတချို့ ပြန်လည် ရရှိခဲ့ကြောင်း ဒေသခံများက ပြောပြသည်။
“စစ်တပ်က ဘာမပြောညာမပြောနဲ့ လယ်တွေကို စက်တွေနဲ့ ဝင်ထိုးတယ်၊ လက်နက်အပြည့်အစုံနဲ့ စစ်ကားတွေ ဝင်လာတယ်၊ သူတို့အခုအထိ တပ်ချထားတုန်းပဲ၊ ကျနော်လိုက်ပြလို့ ရတယ်၊ ခြိမ်းခြောက်တယ်၊ သူတို့ စဝင်လာတုန်းက ဆိုရင် ဒီမှာ လယ်သိမ်း တဲ့ အကြောင်းကို မပြောနဲ့၊ ဘယ်သတင်းဌာနကိုမှ အသိမပေးနဲ့ ၊ ပြောလို့ သတင်းပေါက်ကြားရင် ပြင်းပြင်းထန်ထန် အရေးယူမယ် လို့ ပြောတယ်၊ အခုနောက်ပိုင်းကျမှ ကျနော်တို့ ဘယ်လိုမှ သည်းမခံနိုင်တော့လို့ ရွာထဲကို စစ်ကားတွေ ပေးမဖြတ်တော့မှ အခုလို ညှိနှိုင်းမှုတွေ လုပ်လာတာ”ဟု ပေါက်ပံ့ဆိုင်းရွာသား တဦးဖြစ်သည့် ကိုကျော်အောင်ကလည်း ပြောသည်။
ထိုသို့ စစ်တပ်နှင့် ဒေသခံများကြား နှစ်ဘက်တင်းမာမှု ရှိလာသည့်အတွက် ကပစမှ ဗိုလ်ချုပ်များနှင့် ဒေသခံများ၏ တောင်းဆိုမှုအရ လွှတ်တော်မှ ဖွဲ့စည်းပေးထားသော မကွေးတိုင်းဒေသကြီး လယ်ယာမြေစုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဦးလှဆွေက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နှစ်ဘက်စလုံးနှင့် တွေ့ဆုံပြီး ပြဿနာ အဖြေရှာရန် ကြိုးပမ်းခဲ့သည်။
ဒေသခံများက ၎င်းတို့ နှစ်ပေါင်းများစွာက နေထိုင်လာခဲ့သော ဒေသကို မစွန့်လွှတ်လိုဘဲ ထိုဒေသတွင်ပင် ဆက်လက်နေထိုင် လုပ်ကိုင် စားသောက်လိုကြောင်း တင်ပြခဲ့သည်။
စစ်တပ်ဘက်ကလည်း တိုင်းပြည်၏ အရေးကြီးသော ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရန် လုပ်ငန်းများ မဖြစ်မနေ ဆက်လက် အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
ရွာသားများ ပြောင်းရွှေ့ပေးပါက ပေ ၆၀ x ၆၀ မြေကွက်များ အစားပြန်ပေးပြီး အိမ်ရာများ ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း၊ အိမ် ပြောင်းရွှေ့ရာတွင်လည်း ပြောင်းရွှေ့မှု အားလုံးအတွက် တာဝန်ယူပေးမည် ဖြစ်ကြောင်း၊ အိမ်နှင့် လယ်ယာမြေများ မပြောင်း ရွှေ့မီ လုပ်ငန်းလုပ်ဆောင်ရာတွင် လယ်မြေများကို ထိခိုက်ခဲ့ပါက တဧကလျှင် အနည်းဆုံး ကျပ် သိန်း ၂၀ လျော်ကြေးပေးမည် ဖြစ်ကြောင်း စစ်တပ် အရာရှိများက ပြောဆိုသည်။
ကပစ ၂၅ စက်ရုံမှူး ဗိုလ်မှူးကြီး မြသိန်းထွန်းကလည်း“အခုလယ်သိမ်းရင် တဧကကို သိန်း ၂၀ ပေး မယ်၊ ကျနော်တို့ တပ်စည်းကမ်း အရတော့ တဧက ကျပ် ၅၀၀၀ ထက်ပိုပေးလို့ မရဘူး၊ ဒါပေမယ့် သူတို့ကိုလည်း ရစေချင်တယ်၊ အခုလျော်ပေးလို့ရှိရင် ကုမ္ပဏီကပဲ လာပေးပေး၊ တပ်ကပဲ လာပေးပေး ရရင် ယူထားလိုက်စေချင်တယ်”ဟု ပြောသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လယ်ပိုင်းက ကျင်းပသော ဒေသခံများနှင့် မကွေးတိုင်း လယ်ယာမြေကော်မရှင် ဥက္ကဋ္ဌ ၊ အမျိုးသားလွှတ် တော် ကိုယ်စားလှယ် ဦးလှဆွေနှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာသူ ဒေသခံ အမျိုးသမီးတဦးက လက်ရှိ၎င်းတို့ နေထိုင်ရသည်မှာ လုံခြုံမှု မရှိကြောင်း ပြောဆိုသည်။
“ကိုယ့်မြေကို ဘယ်နေ့စက်နဲ့ လာထိုးမလဲဆိုပြီး ထိတ်လန့်နေရတာ၊ ကျမတို့ တောသူတောင်သား တွေကလည်း စစ်တပ်ကို မယုံ ဘူး၊ အခုလို စစ်တပ်နဲ့လည်း နီးနီးကပ်ကပ် မနေချင်ဘူး၊ ရွာ ရွှေ့ရမယ်ဆိုရင်လည်း လွတ်လွတ် ကျွတ်ကျွတ်ကိုပဲ ပြောင်းချင်တယ်၊ သူတို့ကို မမြင်ချင်တော့ဘူး၊ သူတို့လုပ်မဲ့ စီမံကိန်းက အခုစီးနေတဲ့စလင်းချောင်းကို ပိတ်လိုက်မှာ၊ စလင်းချောင်း ပိတ်လိုက်ရင် ရွာ ၄ ရွာလောက် ရေနက်ကွင်းတွေ ဖြစ်သွားမှာလို့ ပြောကြတယ် ၊ ဘာမှ စိုက်ပျိုး စားသောက်လို့ရမှာ မဟုတ်ဘူး”ဟု ပြောဆိုသည်။
ယင်းတွေ့ဆုံပွဲတွင် အခြားဒေသခံတဦးဖြစ်သူ ဦးကျော်သိန်းကလည်း “ကျနော်တို့ကတော့ တတ်နိုင်ရင် ပြောင်မပေးချင်ဘူး၊ ဒါပေ မယ့် ပြောင်းမပေးလည်း မရဘူးဆိုတော့ ကျနော်တို့ လယ်ယာတွေ ပြန်လိုချင်တယ်၊ ကျနော်တို့ အိမ်တွေကိုရော ဒီအတိုင်း ပြန် ဆောက် ပေးမှာလား၊ သူတို့ ဆောက်ပေးမယ့် တန်ဖိုးနည်းဆိုတဲ့အိမ်က ကျနော်တို့နေတဲ့ နွားတင်းကုတ်၊ ဂိုဒေါင်တွေလောက်ပဲ ရှိတာ”ဟု ပြောသည်။
ဒေသခံ ရွာသားများနှင့် တွေ့ဆုံအပြီး စစ်ဘက်တာဝန်ရှိသူများနှင့်လည်း ဧရာဝတီက တွေ့ဆုံခဲ့ရာ ဒေသခံများ ကျေနပ်ရန် ဆောင် ရွက်ပေးမည် ဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု အရာရှိချုပ်ရုံးမှ ဗိုလ်မှူးကြီး ညိုမြင့်က ပြောဆိုသည်။
“ကျနော် စစ်သားတွေကို ရွာထဲကို လွှတ်လိုက်တော့ လက်နက်တွေနဲ့မို့လို့ လမ်း ဆင်းမလျှောက်ခိုင်းဘူး၊ ပြည်သူတွေ ထိတ်လန့်မှာ စိုးလို့၊ ကားပေါ်မှာပဲ ထိုင်ခိုင်းထားတယ်၊ ကျနော်တို့က စစ်ပဲတိုက်တတ်တာ၊ ရန်သူကို ဘယ်လိုတိုက်ရမလဲ ဆိုတာပဲ သိတယ်၊ ဒါပေမယ့် ပြည်သူကိုတော့ အဲဒီလိုသွားလုပ်လို့ မရဘူး၊ ခေတ်က ပြောင်းသွားပြီ၊ သူတို့ ကျေနပ်အောင် ကျနော်တို့ လုပ်ပေးမယ်”ဟု ၎င်း က ဆိုသည်။
ဗိုလ်မှူးကြီး ညိုမြင့်က ဆက်လက်ပြီး“သူတို့ရွာကနေ ဖယ်ပေးမယ်ဆိုရင် ကျနော်တို့ Transporation(သယ်ယူပို့ဆောင်ရေး) တာဝန် ယူပေးမယ်။ ကျနော်တို့ ဒီလယ်တွေကို သိမ်းထားတာ ကြာပြီ။ တခါမှ သီးစားခ မကောက်ခဲ့ဘူး။ သူတို့လုပ်စားပါစေဆိုပြီး ပေးထား တာ။ အခုက စက်ရုံအတွက် ပစ္စည်းတွေသယ်ဖို့ လမ်းမရှိလို့ လုပ်ရတာ။ ကျနော်တို့မှာလည်း အထက်ညွှန်ကြားချက်အရ အချိန် အကန့် အသတ် ရှိတယ်”ဟု ပြောသည်။
မကွေးတိုင်း လယ်ယာမြေ စုံစမ်းရေး ကော်မရှင် ဥက္ကဌ ဦးလှဆွေကလည်း ပြဿနာကို အဖြေရှာရာတွင် နည်းလမ်း ၃ သွယ်ဖြင့် စဉ်းစား ဆုံးဖြတ်ရန် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ အကြံပြုတင်ပြလိုက်ပြီး ဆက်လက်ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ပြောသည်။
ပထမ နည်းလမ်းမှာ လက်ရှိ ပြဿနာ ဖြစ်ပွားလျက်ရှိသော လယ်ယာမြေ ၇၁၅ ဧကကို လုံး၀ မထိဘဲ စစ်တပ်၏ စီမံကိန်း ဧရိယာ ကို နောက်ဆုတ်ပြီး ပြုလုပ်ရန်၊ ဒုတိယ နည်းလမ်းမှာ ရွာ ၃ ရွာကို စလင်းချောင်း ဘေးသို့ ပြောင်းရွှေ့ပေးရန်၊ တတိယ နည်းလမ်း မှာ ရွာသားများအတွက် မြေနေရာကျယ်ပြန့်ပြီး လူမှုဘ၀ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် မကွေးတိုင်းအတွင်း မြောက်ခရမ်း၊ တောင် ခရမ်း ဒေသများသို့ လုံး၀ ပြောင်းရွှေ့ပေးရန်တို့ ဖြစ်သည်။
“ပထမ နည်းလမ်းကျတော့ ဒေသခံတွေက ကြိုက်မှာ။ စစ်တပ်ဘက်ကျတော့ လုံခြုံရေး အားနည်းသွားတယ်၊ ဒုတိယနည်းလမ်းကျတော့ ရွာသားတွေ ကြိုက်မှာ မဟုတ်ဘူး၊ သူတို့မှာ နေစရာပဲ ပြန်ရမှာ၊ စိုက်ပျိုး လုပ်ကိုင်စားသောက်စရာ မြေကျန်မှာ မဟုတ်ဘူး၊ တတိယ နည်းလမ်းကတော့ နှစ်ဘက်စလုံး ကောင်းနိုင်တယ်၊ ရွာသားတွေလည်း ဆည်ရေသောက် ဧရိယာကို ပြောင်းရမယ်၊ တောင် ခရမ်း၊ မြောက် ခရမ်းဒေသဆိုတာ စစ်တပ်က စီမံခန့်ခွဲပိုင်ခွင့် စွန့်လွှတ်လိုက်တဲ့ နေရာတွေ၊ ဧက ၅၀၀၀ ကျော်တယ်၊ အကုန် လုံး စိုက်ပျိုးလို့ရတဲ့ မြေတွေချည်းပဲ”ဟု ဦးလှဆွေက ပြောသည်။
ဖေဖော်ဝါရီ ၅ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တပ်မတော် အစိုးရလက်ထက် စီမံကိန်းများဖြင့် သိမ်းယူထားသော မြေဧက တသိန်းခွဲကျော်ကို မူလပိုင်ရှင်များသို့ ပြန်လည် ပေးအပ်ရန်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခွင့်ပြုထားပြီး ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့်က ပြောကြားခဲ့သေးသည်။