Ethnic Issues

ရခိုင် အမျိုးသား ညီလာခံ ကျင်းပရန် စီစဉ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်း ပြည်ပရှိ ရခိုင်နိုင်ငံရေး အင်အားစုများနှင့်ရခိုင်လူမှု အဖွဲ့ အစည်းများ၊ ပြည်သူများ စသည့် အလွှာပေါင်းစုံ ပါဝင် မည့် ရခိုင် အမျိုးသား ညီလာခံကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ လာမည့် ဧပြီလတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်အမျိုးသား ညီလာခံကို ၂၀၁၄ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားရာ ထိုညီလာခံသို့ နိုင်ငံရေး ပါတီများ၊ ရခိုင် လက်နက်ကိုင်အဖွဲ့များ၊ လူမှုရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာရောက် တတ်သိ ပညာရှင်များ၊ ရခိုင်ပြည်သူများ စသည်ဖြင့် တက်ရောက်ကြမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ အထွေထွေ အတွင်းရေးမှူး ဦးလှစော က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

ရခိုင်တမျိုးသားလုံး ပါဝင်မည့် ညီလာခံ ဖြစ်မြောက်ရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲ တရပ်ကို ချင်းမိုင်မြို့ ၌ ဖေဖော်ဝါရီ လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယင်း ညှိနှိုင်း ဆွေးနွေးပွဲနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်။

အကြိုညှိနှိုင်း ဆွေးနွေးပွဲသို့ ရခိုင် နိုင်ငံရေး ပါတီများ၊ လက်နက်ကိုင် အဖွဲ့များနှင့် ရခိုင် လူမှုအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ရခိုင် အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး အစည်းအဝေးမှ ရခိုင်အမျိုးသား သွေးစည်း ညီညွတ်ရေး၊ အမျိုးသား တန်းတူရေး နှင့် တရားမျှတရေး၊ လုံခြုံ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ရခိုင် လူ့ဘောင်သစ်တရပ် ပေါ်ထွန်းရေး စသည့် အချက် ၃ ချက် ကို ညီလာခံ၏ ရည်မှန်းချက် မူဝါဒ အဖြစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ဦးလှစော က ဆက်လက်ပြီး ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် ရခိုင် တော်လှန်ရေးသမား တချို့သည် နာမည်ပျက်စာရင်း သတ်မှတ်ခံ ထားရသည့် အတွက် ပြည်တော် ပြန်လာပါက ၎င်းတို့၏ လုံခြုံရေးကို အစိုးရ အနေဖြင့် အာမခံပေးရန် လိုအပ်ကြောင်း ပြောသည်။

၎င်းက“နာမည်ပျက် စာရင်းဝင် ပုဂ္ဂိုလ်တွေလာရင် အဖမ်းမခံရဖို့၊ သူတို့ရဲ့ လုံခြုံရေးကို အာမခံပေးဖို့အတွက် အစိုးရနဲ့ညှိနှိုင်း ရဦး မှာပါ၊ ညီလာခံ ဖြစ်မြောက်ရေးအတွက် အစိုးရရဲ့ အကူအညီ၊ MPC တို့ရဲ့ အကူအညီတွေ အများကြီး လိုအပ်ပါတယ်”ဟု ပြောဆိုသည်။

ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး အတွက် အဖွဲ့ဝင် ၇ ဦး ပါဝင်သည့် ကော်မတီ တရပ်ကို ဖွဲ့စည်းထားပြီး ထိုကော်မတီ သည် ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရန် အစိုးရနှင့်ဆွေးနွေး သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ညီလာခံ၌ အလွှာပေါင်းစုံ ပါဝင်ဆွေးနွေး ကြမည်ဖြစ်ကာ အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ် ၇၀၀ ဝန်း ကျင်နှင့် ရခိုင်ပြည်သူ အများအပြားလည်း တက်ရောက်ကြမည်ဟု ခန့်မှန်းထားကြောင်း၊ လုံခြုံရေးကို သက်ဆိုင်ရာ အစိုးရ အ ဖွဲ့နှင့် ပူးပေါင်း၍ ဒေသခံ ပြည်သူများက ဝိုင်းဝန်း ဆောင်ရွက်မည်ဖြစ်ကြောင်း ညီလာခံဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ ခေါင်းဆောင် ဦးသာဘန်း က ဧရာဝတီ ကို ပြောသည်။

၎င်းက “ရခိုင် တမျိုးသားလုံးက တက်ရောက် ဆွေးနွေးကြမှာ ဆိုတော့ ဒီညီလာခံဟာ ရခိုင်လူမျိုးတွေ အတွက် အရေးကြီး ပါ တယ်၊ ညီလာခံကနေ ရခိုင်ပြည်သူတွေနဲ့ရခိုင်ပြည်ရဲ့ တည်ငြိမ်အေးချမ်း၊ ဖွံဖြိုး တိုးတက်စေနိုင်မယ့် မူဝါဒတွေ ချမှတ်နိုင် မယ်၊ ဒါတွေကို ဆက်လက် အကောင်အထည် ဖော်သွားကြမယ်”ဟု ပြောဆိုသည်။

ရခိုင်ဒေသတွင် ထုတ်လုပ်နေသည့် ရွှေသဘာ၀ ဓာတ်ငွေ့စီမံကိန်း အပါအဝင် ဒေသထွက်သယံဇာတများကို ရခိုင်ပြည်သူများပါ မျှဝေခံစားခွင့် ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင် ဖန်တီး၍ ဖွံဖြိုး တိုးတက်သည့် လူ့ဘောင်သစ်တရပ် ပေါ်ပေါက်လာရန် ညီလာခံကဆုံးဖြတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်းလည်း ဦးသာဘန်းကဆိုသည်။

ထို့အတူ ရခိုင်ပြည်တွင်း၌ ဖြစ်ပွားနေသည့် ပဋိပက္ခများကိုလည်း ဥပဒေဘောင်အတွင်းမှ အမြန်ဆုံး ဖြေရှင်းနိုင်ရန် အစိုးရကို တိုက်တွန်းသွားမည်ဟု ချင်းမိုင် ဆွေးနွေးပွဲ တက်ရောက်လာသည့် ရခိုင်နိုင်ငံရေး အင်အားစု အဖွဲ့များ က ပြောသည်။

ရခိုင်အမျိုးသား ညီလာခံသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်၊ ပြည်ထောင်စုအစိုးရ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင် ရေး အဖွဲ့ ခေါင်းဆောင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC)မှ တာဝန်ရှိသူများ စသည်တို့ကိုလည်း ဖိတ်ကြား သွားမည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading