သမ္မတဦးသိန်းစိန်က ဗဟို အစိုးရအဖွဲ့တွင် ဒုတိယမြောက် အမျိုးသမီးဝန်ကြီးအဖြစ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာ ခင်စန်းရီကို ပညာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ရန် လွှတ်တော်သို့ တရားဝင်တင်ပြလိုက်ကြောင်း သိရှိရသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးကို ဒေါက်တာ ခင်စန်းရီကို ပညာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ရန် သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာ ပို့ အကြောင်းကြားခဲ့ပြီး လွှတ်တော် က မကြာမီ ရက်များအတွင်း အတည်ပြုမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
သမ္မတဦးသိန်းစိန်သည် အစိုးရအဖွဲ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ် ဒေါက်တာ မြတ်မြတ်အုန်းခင် ကို ပထမဆုံးအကြိမ် ခန့်အပ်ခဲ့ပြီး ဒုတိယမြောက် ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ ခင်စန်းရီကို ထပ်မံ ခန့်အပ်ခြင်းဖြစ်သည်။
ဒေါက်တာ ခင်စန်းရီသည် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံရရာမှ ပညာရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက စီးပွားရေးပညာရှင်တဦးကို ပညာရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်မှုအပေါ် ဝေဖန်ပြောဆိုသော်လည်း သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် လွှတ်တော်သို့ တင်ပြလာခြင်းဖြစ်သည့်အတွက် ကန့်ကွက်မည်မဟုတ်ကြောင်း ပြောဆိုသည်။
“ဒေါက်တာဒေါ်ခင်စန်းရီရဲ့ ကိုယ်ရေးအကျဉ်းကို ဖတ်ကြည့်လိုက်တော့ သူက စီးပွားရေးပညာရပ်ဆိုင်ရာမှာ အတော်ကို ကျွမ်းကျင်တယ်။ ဒါပေမယ့် ပညာရေးနဲ့သက်ဆိုင်တဲ့ နယ်ပယ်မှာတော့ အတော့်ကို အားနည်းတာတွေ့ရတယ်။ စီးပွားရေး တက္ကသိုလ်မှာ စာသင်ခဲ့ဖူးတယ်ဆိုပေမယ့် သူက ပညာရှင်ပိုဆန်တာတွေ့ရတယ်။ ကျမတို့ ဖြစ်စေချင်တာက ပညာရေးနဲ့ ပတ်သက်ပြီး တကယ့်ကို ကျွမ်းကျင်တဲ့သူ၊ ပညာရေးမူဝါဒ၊ နိုင်ငံတကာ ပညာရေးစနစ်၊ မူဝါဒတွေကို နားလည်ပြီးတော့ အတွေ့အကြုံများတဲ့သူမျိုးကိုပဲ ပညာရေးဝန်ကြီးဖြစ်စေချင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတက ခန့်အပ်တာဖြစ်တဲ့အတွက် ကန့်ကွက်ဖို့လည်း မရှိဘူး´´ ဟု ဒေါ်စန္ဒာမင်းက ရှင်းပြသည်။
ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ဒေါက်တာ ခင်စန်းရီသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ B.Com (Accounting and Auditing) နှင့် M.Com (Trade and Marketing) ရရှိခဲ့ပြီး ဂျာမနီနိုင်ငံ University of Goettingen မှ စီးပွားရေး ပါရဂူဘွဲ့ရ ရှိထားသူဖြစ်သည်။
ယခုအခါ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့တွင် အမျိုးသမီး ပြည်ထောင်စုဝန်ကြီး ၂ ဦး၊ ဒုဝန်ကြီး ၆ ဦး ရှိလာပြီဖြစ်သည်။