အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ၏ အမျိုးသား ကျန်းမာရေး ကွန်ရက်မှ ရွေ့လျား ဆေးကုသမှုဖြင့် ဝန်ဆောင်မှုပေးရန် စီစဉ် နေကြောင်း သိရသည်။
ရွေ့လျား ဆေးကုသမှုကို မကြာခင်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ကော့မှူး မြို့နယ်တွင် စီစဉ်ထားကြောင်း၊ ရွေ့လျား ကုသမှုတွင် ခွဲစိတ်မှုများလည်း ပါမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တွင် လည်း ကျန်းမာရေး ဝန်ဆောင်မှုကို လုပ်ဆောင်နေကြောင်း NLD အမျိုးသား ကျန်းမာရေး ကွန်ရက်မှ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း က ပြောကြားသည်။
“လက်ရှိမှာ ဆရာဝန် ၃၀ ကို ဆရာဝန်အသင်းနဲ့ ချိတ်ဆက်ပြီး သင်တန်းတွေ ပေးနေပါပြီ။ ရွေ့လျား ဆေးကုသမှုကို တနိုင်ငံ လုံး အတိုင်းအတာဖြင့် ပြုလုပ်သွားဖို့ ရှိပါတယ်။ အသေးစား ခွဲစိတ်မှုတွေပါ လုပ်သွားမှာပါ”ဟု ဒေါက်တာ တင်မျိုးဝင်းက ဆိုသည်။
ကျန်းမာရေး ဝန်ဆောင်မှုအနေဖြင့် အထူးကုဆရာဝန် ၂၀ ခန့်၊ အထွေထွေ အထူးကု ဆရာဝန် ၃၀ ခန့် ဖြင့် ကုသပေးနေပြီး တိုင်း ဒေသကြီး သုံးခုနှင့် ပြည်နယ်များရှိ အမြို့မြို့အနယ်နယ်ကို သွားရောက်ကုသပြီး ဆေးပညာပေးမှုများလည်း ပြုလုပ်နေကြောင်း လည်း ဇန်နဝါရီလ ၈ ရက်တွင် ကျင်းပသည့် ကျန်းမာရေး ကွန်ရက်ရန်ပုံငွေပွဲတွင် ပြောကြားသွားခြင်း ဖြစ်သည်။
ယင်း ရန်ပုံငွေပွဲကို တက်ရောက်လာသည့် NLD ဥက္ကဌ ဒေါ်ဆောင်ဆန်းစုကြည် က“မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ အစွမ်းအစကို အပြည့်အဝ သုံးဖို့ ကိုယ်နေတဲ့ ပတ်ဝန်းကျင်အတွက်၊ ကိုယ်နေတဲ့ နိုင်ငံအတွက်၊ ကိုယ်နေတဲ့ ကမ္ဘာအတွက် အပြည့်အဝ သုံးနိုင်ဖို့ အတွက် ကျန်းမာရေး ကွန်ရက်ကို တည်ထောင်ရတာပါ”ဟု ရန်ပုံငွေပွဲတွင် ပြောကြားသည်။
ကျန်းမာရေး ဘက်မှ လုပ်ပေးနိုင်သည့် ပုဂ္ဂိုလ်များနှင့် ကျန်းမာရေးကိုလိုအပ်သည့် ပုဂ္ဂိုလ်များကို ဆက်နွယ်ပေးသည့် ကွန်ရက် ဖြစ် ကြောင်း၊ ပညာရေး ကွန်ရက်လည်း ဖွဲ့စည်းခဲ့ကြောင်း၊ ကျန်းမာရေး ကွန်ရက်သည် အများ၏ စေတနာပေါ်အခြေခံပြီး ထူထောင် ခဲ့ ကြောင်း ဒေါ်ဆောင်ဆန်းစုကြည်က ပြောသည်။
အမျိုးသား ကျန်းမာရေး ကွန်ရက်ကို ၂၀၁၃ ခုနစ် ဖေဖော်ဝါရီ ၈ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွန်မှုဖြင့် စတင်ဖွဲ့စည်း ခဲ့ပြီး ၂၀၁၃ ခုနစ် ဧပြီ လကုန်မှစတင် ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။
ထိုရန်ပုံငွေပွဲတွင် အနုပညာရှင်များ ဖြစ်ကြသည့် ဟန်ထွန်း၊ Rဇာနည်၊ G လတ်၊ သအို၊ လင်းလင်း၊ ထွန်းအိန္ဒြာဗို၊ ဆုန်သင်းပါရ်၊ ချစ် သုဝေ နှင့် သီးလေးသီး၊ ဂေါ်ဇီလာ တို့ကလည်း ပါဝင် ဖျော်ဖြေခဲ့သည်။