ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို လက်ရှိ ထိုင်း ဒု ဝန်ကြီးချူပ် အပါအဝင် ထိုင်း အစိုးရ ဝန်ကြီးများက လာရောက် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
ထိုင်း နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Pongthep Thepkanchana နှင့် ထိုင်း နိုင်ငံ လူမှု့ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံရေး ဝန်ကြီး ဌာနမှ အကြီးအကဲ ပဝီနာ ဟောင်စကူး အပါအဝင် လူဦးရေ ၃၀ ခန့်က ဝန်ကြီးချူပ်ဟောင်း မစ္စတာ သက်ဆင်ကို တွေ့ဆုံမည် ဖြစ်သည် ဟု ထိုင်းဘာသာဖြင့် ရေးသားထုတ်ဝေသည့် http://www.ryt9.com အင်တာနက် သတင်း စာမျက်နှာတွင် ယမန်နေ့က ဖော်ပြ ထားသည်။
ထိုင်း ဝန်ကြီးချူပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ရန်ကုန်မြို့ရှိ ချက်ထရီယံ ဟိုတယ်(Hotel Chatrium)တွင် ရောက်ရှိနေ ထိုင်လျက် ရှိကြောင်းလည်း အဆိုပါ သတင်းတွင် ပါရှိသည်။
ထိုင်း ဒု ဝန်ကြီးချူပ်နှင့် အဖွဲ့က မစ္စတာ သက်ဆင်ကို တွေ့ဆုံမည့်ခရီးစဉ်နှင့် ပတ်သက်သည့် အသေးစိတ်ကို ယင်းသတင်း၌ ဖော်ပြထားခြင်း မရှိပေ။
သို့သော် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ စတင်ပြီး လတ်တလော ကာလအထိ ထိုင်း အစိုးရကို နုတ်ထွက်စေရန် ဆန္ဒပြနေသည့် အချိန်နှင့် တိုက်ဆိုင် နေသည်။
ထိုင်း လုံခြုံရေး တာဝန်ရှိသူ တဦးက မစ္စတာ သက်ဆင်သည် အိမ်နီးချင်း နိုင်ငံများတွင် နေထိုင်၍ ဆန္ဒပြပွဲများကို အနီးကပ် စောင့်ကြည့်နေပြီး ယခုလ ၇ ရက်နှင့် ၈ ရက်တွင် စင်ကာပူ နိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိ နေသည်ဟု သတင်း ရရှိကြောင်း ဧရာဝတီသို့ ပြောသည်။
မစ္စတာ သက်ဆင်၏ ယခုခရီးစဉ်နှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ထိုင်း နိုင်ငံတွင် လတ်တလော ဖြစ် ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းနှင့် ပတ်သက်ပြီး တွေ့ဆုံခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
သတင်းများ အရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆန္ဒပြမှုများ နည်းပါးသွားပြီး ဖြစ်သော်လည်း ထိုင်းအစိုးရနှင့် တောင်သူ လယ်သမားများ အကြား ဖြစ်ပွား နေသည့် ဆန် အကြွေး ပြဿနာကို အတိုက်အခံ ခေါင်းဆောင် ဆူထေ့ပ် သပ်ဆူဗန် က ကူညီရန် စီစဉ်နေကြောင်း သိရသည်။
လက်ရှိ အစိုးရ တာဝန်ယူထားသည့် သက်ဆင်၏ ညီမဖြစ်သူ ဝန်ကြီးချုပ် ယင့်လတ်က အတိုက်အခံ အဖွဲ့အစည်းများ၏ ဆန္ဒပြမှု အပြင် တောင်သူလယ်သမားများ၏ ဆန္ဒပြမှုကိုလည်း ရင်ဆိုင်နေရသည်။
မစ္စတာ သက်ဆင် ထိုင်းဝန်ကြီးချုပ် တာဝန်ယူခဲ့စဉ်က အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး အထူးသဖြင့် မြန်မာ နိုင်ငံတွင် ထိုစဉ်က အာဏာ ရယူထားသည့် စစ်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့ကာ ဆက်သွယ်ရေး လုပ်ငန်းတွင် ငွေ အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၀၄ ခုနှစ်တွင် ထိုင်း အစိုးရက ယခင် စစ်အစိုးရ အာဏာပိုင်များကို ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ ၄၅ သန်းခန့် ချေးပေးခဲ့ကြောင်း သတင်းများက ဖော်ပြသည်။
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ ထိုင်းသည် တရုတ် နိုင်ငံပြီးလျှင် မြန်မာ နိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး မြှုပ်နှံလုပ်ကိုင်သည့် နိုင်ငံ ဖြစ်သည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းက မစ္စတာ သက်ဆင်သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ၍ အာဆီယံ အနာဂတ် အပါအဝင် ဒေသတွင်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြီးခဲ့သည့်နှစ် ဧပြီလက မြန်မာနိုင်ငံသို့ တိတ်တဆိတ် ရောက်ရှိလာပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြင်ဦးလွင်တွင် တွေဆုံခဲ့ကြောင်း ၎င်း၏ ကိုယ်ပိုင် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။
မစ္စတာ သက်ဆင်သည် ၂၀၀၆ ခုနှစ်တွင် အာဏာ အလွဲသုံးစား လုပ်မှု၊ အကျင့်ပျက် ခြစားမှု စသည့် စွပ်စွဲချက်များဖြင့် ထိုင်း စစ်တပ်၏ အာဏာ သိမ်းယူမှုကို ခံခဲ့ရပြီးနောက် ဒူဘိုင်း၊ မွန်တီ နီဂရိုး၊ ပြင်သစ်၊ ဗြိတိန် နိုင်ငံများသို့ လှည့်လည် သွားလာ နေ ထိုင်ခဲ့သည်။
မစ္စတာ သက်ဆင်သည် ၎င်းအပေါ် စွဲဆိုထားသည့် အမှုများကို ရင်ဆိုင်ရန် ထိုင်း တရားရုံးချုပ်မှ ဆင့်ခေါ်ထားမှုကို ခံထားရ သည့် အပြင် အတိုက်အခံ ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင် အဖိဆစ် ဝေ့ချာချီဝက ဝရမ်းထုတ်ခြင်း ခံထားရသည့် မစ္စတာ သက်ဆင် ကို ဖမ်းဆီး၍ ထိုင်း တရားဥပဒေ အတိုင်း ရင်ဆိုင် ခိုင်းသင့်ကြောင်း သက်ဆင်၏ ညီမဖြစ်သူ ဝန်ကြီးချူပ် ယင့်လတ် ရှင်နာဝပ် အာဏာ ရှိစဉ်က တိုက်တွန်းခဲ့ဖူးသည်။