ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ်တွင် ဆောက်လုပ်မည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ဆိုးကျိုး ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဒေသခံများက ကန့်ကွက်နေကြောင်း သိရသည်။
ကွမ်းခြံကုန်း မြို့နယ်အတွင်း ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်မည့် စီမံကိန်းနေရာသည် တော် ကလိပ် ကျေးရွာ၊ တော်ကဆော့ ကျေးရွာ၊ ကုန်းကြီး ကျေးရွာ၊ တော်ကေး ကျေးရွာ၊ တော်ခလူး ကျေးရွာနှင့် ပီလခတ် ကျေးရွာတို့ကို အဓိက ထိခိုက်နိုင်သည်ဟု ဆိုသည်။
အဆိုပါ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံစီမံကိန်းနှင့် ပတ်သက်ပြီး ထွက်လာမည့် စွန့်ပစ် ပစ္စည်းများကြောင့် ကျန်းမာရေး ထိခိုက်မှု၊ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် လေထု ညစ်ညမ်းမှုများ ဖြစ်လာမည်ကို စိုးရိမ်ပူပန်မှုများ ဖြစ်နေကြောင်း ဒေသခံတဦး ဖြစ်သည့် ဦးမျိုးမြင့်ဇော်က ဧရာဝတီသို့ ပြောသည်။
“စက်ရုံ တည်ထောင်ရင် ကျန်းမာရေးနဲ့ လယ်ယာတွေ ဘာမှ မထိခိုက်ရင် မပြောပါဘူး။ ဒေသခံတွေ သဘောမတူဘဲ ဆက်လုပ် မယ် ဆိုရင် နောက်ဆက်တွဲ အနေနဲ့ ဒေသ လုံခြုံမှုတွေ၊ ငြိမ်းချမ်းမှုတွေ ပျက်ပြယ် နိုင်တယ်”ဟု ဦးမျိုးမြင့်ဇော်က ပြောသည်။
လက်ရှိ ဆောက်လုပ်မည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ စီမံကိန်းသည် ကျေးရွာနှင့် နီးစပ်နေကြောင်း၊ လျာထားသည့် စီမံကိန်းနေရာသည် လယ်ကွင်းနှင့် မြက်ခင်း လွင်ပြင်များ မဟုတ်ကြောင်း၊ ကျေးရွာနှင့် နီးသဖြင့် ကျေးရွာများ ပြောင်း ရွှေ့ ခံရမည်ကို စိုးရိမ်နေကြောင်း ကွမ်းခြံကုန်းမြို့နယ် တော်ကလိပ် ကျေးရွာမှ ဒေသခံများက မီဒီယာများနှင့် ယမန်နေ့က တွေ့ဆုံ စဉ် ပြောဆိုခြင်း ဖြစ်သည်။
“အခု ဆောက်တဲ့ စက်ရုံက ကျမတို့ ကျေးရွာနဲ့ အရမ်း နီးတယ်၊ စက်ရုံ ဆောက်ရင်တော့ ကျေးရွာတွေ တရွာလုံး ဖျက်ရမှာ၊ ကျမ တို့ကတော့ စက်ရုံ မဆောက်ဖို့အတွက် ဆက်ပြီး ကန့်ကွက် သွားမယ်၊ ဆန္ဒပြမှုတွေ ပြုလုပ် သွားမယ်”ဟု တော်ကလပ် ကျေးရွာမှ အမျိုးသမီး တဦးက ဆိုသည်။
စက်ရုံဆောက်ရန် လျာထားသည့် နေရာသည် ယခင်က အေးရှားဝေါလ် ကုမ္ပဏီမှ လယ်ယာ စိုက်ပျိုးရန် ဒေသခံ တောင်သူများထံ မှ ဝယ်ယူထားခဲ့ပြီး ပြီးခဲ့သည့်လ ၁၈ ရက်တွင် ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်မည့် ကောင်းမြတ် သောမြေ ကုမ္ပဏီက ပြန်လည် ဝယ်ယူလိုက်ခြင်း ဖြစ်ကြောင်း၊ စက်ရုံ တည်ဆောက်ရန် အတွက် မြေဧက ၄၀၀ကျော် လျာထားကြောင်း ဒေသခံများက ပြောသည်။
စက်ရုံ တည်ဆောက်ရန် အတွက် ပတ်ဝန်းကျင် အကျိုးသက်ရောက်မှု လေ့လာ ဆန်းစစ်ခြင်း အဖွဲ့မှ ဦးညီညီလွင်က “ကျနော်တို့က စစ်ဆေး ထားတာတွေ အားလုံးကို ကျေးရွာတွေကို ချပြဖို့ ရှိပါတယ်။ ကျနော်တို့ တွေ့ရှိသမျှကို ပြောပြမှာပါ။ ဆိုးကျိုးတွေကို ဘယ် လို လျော့ပါးအောင်၊ သက်သာအောင် လုပ်မှာလဲ ဆိုတာ ရှင်းပြ သွားမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ကောင်းမြတ်သောမြေ ကုမ္ပဏီက အကောင်အထည်ဖော် တည်ဆောက် သွားမည် ဖြစ်သည်ဟု ဆိုသည်။
ယင်းကုမ္ပဏီကို ၂၀၀၈ ခုနစ်မှ စတင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ အတွင်းရှိ စီမံကိန်းကြီးများ ဖြစ်သော ကျောက်ဖြူ ရေနံစိမ်း သိုလှောင်ကန် ဆိပ်ခံတံတား တည်ဆောက်ခြင်း၊ ရန်ကုန်မြို့ ကမ်းနားလမ်းသစ် ဖောက်လုပ်ခြင်းနှင့် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်း များတွင် ပါဝင်လုပ်ကိုင်သည့် ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။