ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် မြန်မာနိုင်ငံလာရောက်သည့် ခရီးစဉ်သည် အလှူအတန်း ပြုလုပ်ရန်အတွက်သာ ဖြစ်ပြီး စီးပွားရေးကိစ္စ မပါဝင်ကြောင်း မစ္စတာ သက်ဆင်၏ ဥပဒေဆိုင်ရာ အကြံပေး အရာရှိ နော့ပဒုံ ပတ္တမာ (Noppadon Pattama) က သတင်းဌာနများသို့ ပြောဆိုသည်။
မြန်မာနိုင်ငံ ရောက်ရှိနေသည့် အချိန်အတွင်း ထိုင်း လွှတ်တော်အမတ်လည်းဖြစ်သူ မစ္စတာ ဆုမ်ချိုင်း ဝေါင်းဆဝတ် (Somchai Wongsawat) နှင့်လည်း တွေ့ဆုံကြောင်း၊ မစ္စတာ သက်ဆင် က ထိုင်းနိုင်ငံရေး အခြေအနေများကို မေးမြန်းမှုများရှိကြောင်း ထိုင်း ဘာသာဖြင့် ရေးသားထုတ်ဝေသည့် http://news.mthai.com အင်တာနက် စာမျက်နာ၌ ယနေ့ သတင်း ရေးထားသည်။
“သက်ဆင် ရှင်နာဝပ်က ထိုင်းနိုင်ငံရေး အခြေအနေတွေကို မေးမြန်းပါတယ်၊ လတ်တလော နိုင်ငံရေး ရှုပ်ထွေးနေတဲ့အကြောင်း သူ့ကို ပြောပြတော့ ဘာပဲလုပ်လုပ် သေသေချာချာ လုပ်ဖို့ ပြောတယ်”ဟု ဆုမ်ချိုင်းက ပြောသည်။
၎င်းအနေဖြင့် ပြီးခဲ့သည့်အပတ်အတွင်းက မြန်မာနိုင်ငံသို့ သွားရောက်၍ မစ္စတာ သက်ဆင်နှင့် တွေ့ဆုံခဲ့ကြောင်း မစ္စတာ ဆုမ်ချိုင်းက ပြောသည်ဟု ဘန်ကောက်ပို့စ် သတင်းတွင်လည်း ဖော်ပြထားသည်။
မစ္စတာ ဆုမ်ချိုင်းနှင့် မစ္စတာ သက်ဆင်သည် သမီးယောက်ဖ တော်စပ်သည်ဟုလည်း ဆိုသည်။
မစ္စတာ ဆုမ်ချိုင်း ဝေါင်းဆဝတ်သည် ၂၀၀၈ ခုနှစ်တွင် ထိုင်းဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး လက်ရှိတွင် ပြည်သူ့ စွမ်းအား ပါတီ(PPP) မှ ရွေးချယ်ခံရသော လွှတ်တော်အမတ်ဦး တဦး ဖြစ်သည်။
ထိုင်းနိုင်ငံမှ ဝန်ကြီးတချို့က မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် မစ္စတာ သက်ဆင်ကို သွားရောက် တွေ့ဆုံခြင်းသည် ပုံမှန် အဖြစ် အပျက်တခုသာဟု ယူဆကြောင်းလည်း သူက ဆက်ပြောသည်။
ဥပဒေ အကြံပေး နော့ပဒုံ ပတ္တမာက မစ္စတာ သက်ဆင်သည် လတ်တလော ဖြစ်ပွားနေသည့် ထိုင်းနိုင်ငံရေး အခြေအနေအပေါ် စိုးရိမ်နေပြီး နိုင်ငံရေး ပြဿနာ အားလုံးကို ပြေလည်စေရန် တွေ့ဆုံ ဆွေးနွေးစေလိုကြောင်း ပြောသည်။
“အစောပိုင်းက အဖြစ်အပျက်မှာ မဝင်ပါရတဲ့ အကြောင်းအရင်းကတော့ သူ့ကို နိုင်ငံရေးမှာ ဝင်ရောက် စွက်ဖက်တယ်လို့ အပြော ခံရ မှာစိုးလို့ ငြိမ်ငြိမ်လေး နေနေရတယ်”ဟု မစ္စတာ သက်ဆင်က ပြောကြောင်း နော့ပဒုံ ပတ္တမာက ဆိုသည်။
ထိုင်းနိုင်ငံရေး လေ့လာသူများက သက်ဆင်သည် အိမ်နီးချင်း နိုင်ငံများတွင် နေထိုင်၍ ဆန္ဒပြပွဲများကို အနီးကပ် စောင့်ကြည့်ပြီး နောက်ကွယ်မှ နိုင်ငံရေး ညွှန်ကြားနေသည်ဟု ယူဆကြသည်။
နောက်ဆုံး သတင်းများအရ ဘန်ကောက်မြို့တွင် ဆန္ဒပြမှုများ နည်းပါးသွားကြောင်း၊ လက်ရှိ ထိုင်းအစိုးရက ဆန္ဒပြခေါင်းဆောင် တဦးကို ဖမ်းဆီးပြီး ကျန်ရှိနေသည့် ဆန္ဒပြခေါင်းဆောင်များပါ ဖမ်းဆီးရန် ကြိုးစားနေကြောင်း၊ ဖမ်းဆီးခံထားရသော အတိုက်အခံ အမတ် တဦးကို အာမခံဖြင့် ပြန်လည် လွှတ်ပေးရေး အတွက် ဆန္ဒပြသူများက ကြိုးစားလျက်ရှိကြောင်း သိရသည်။
မစ္စတာ သက်ဆင်သည် ထိုင်းဝန်ကြီးချုပ် တာဝန်ယူခဲ့စဉ်က အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး အထူးသဖြင့် မြန်မာနိုင်ငံတွင် ထိုစဉ်က အာဏာရယူထားသည့် စစ်အစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့ကာ ဆက်သွယ်ရေး လုပ်ငန်းတွင် ငွေအလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သူတဦးလည်း ဖြစ်သည်။