သန်းခေါင်စာရင်းကို ကုတ်နံပါတ်ဖြင့် ကောက်ယူပါက လူမျိုးအမည်ပျောက်ခြင်း၊ သတ်မှတ်လူမျိုး ပမာဏ လျော့နည်းခြင်းများ ရှိနိုင်မည်ဟု တိုင်းရင်းသားများ စိုးရိမ်သကဲ့သို့ ဖြစ်မလာနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးခင်ရီက အာမခံ ပြောဆိုလိုက်သည်။
ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကျင်းပသော ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီး ဦးခင်ရီက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
“တိုင်းရင်းသားတွေ စိတ်ပူနေတာက လာမယ့်ရွေးကောက်ပွဲကြောင့် လူမျိုး (အမည်) ပျောက်သွားရင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရခြင်း၊ မရခြင်း စတာတွေကို စိတ်ပူနေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သန်းခေါင်စာရင်း ကောက်တာက ရွေးကောက်ပွဲကို တိုက်ရိုက် မသက်ဆိုင်နိုင်ပါဘူး။ သွယ်ဝိုက်တော့ သက်ဆိုင်နိုင်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေ ထင်သလိုတော့ လူမျိုးပျောက်လို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် မရတာမျိုး မရှိစေရပါဘူး” ဟု ဧရာဝတီက မေးမြန်းစဉ် ဖြေကြားခဲ့သည်။
“ဒါက နားလည်မှုလွဲနေတာပါ။ ကျနော်တို့ဆီမှာ ဥပမာ ကချင်လူမျိုး မျိုးနွယ် ၁၂ ခု ရှိတယ်ဆိုပါစို့။ ကိုယ်က ကချင်၊ ဒါပေမယ့် အနွယ်ဝင် လီဆူး တိုင်းရင်းသား၊ ကိုယ်က လီဆူးလို့ ထည့်လိုက်လည်း ကချင်ဆိုတာမှာ တယောက် အပါအဝင် ဖြစ်သွားပြီးသားပါ။ အာမခံနိုင်တာက လွဲမှားစရာမရှိအောင် လုပ်ထားပါတယ်။ မှန်မှန်ဖြေဖို့ပဲ လိုပါတယ်” ဟု ဝန်ကြီး ဦးခင်ရီက ပြောသည်။
စာရင်းတိကျစွာ ကောက်ယူနိုင်ရေးအတွက် ဖြေဆိုသူ ပြောကြားသည့် လူမျိုးအတိုင်းကိုသာ ကောက်ယူသွားမည် ဖြစ်ကြောင်း၊ စာရင်းသွင်းသူက မမှန်မကန် ဖြည့်စွက်ခြင်းကို လုပ်ဆောင်မည် မဟုတ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်း မရှိသည်မှာ နှစ်ပေါင်း ၃၀ ကြာနေပြီ ဖြစ်သောကြောင့် ယခုအခါ တိကျသော စာရင်းတခု ထွက်ပေါ်စေရန် ကောက်ခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ စစ်တမ်းကောက်ယူရာတွင် လူမျိုး၊ ဘာသာ ထည့်သွင်းကောက်ခြင်း မရှိသည့်အတွက် နိုင်ငံတကာစံနှင့် ကွဲလွဲနေသည့်အပေါ် ဧရာဝတီက မေးမြန်းရာ ဝန်ကြီး ဦးခင်ရီက “အခုကောက်တာမှာ နိုင်ငံတကာနဲ့ မတူတာက နိုင်ငံတကာမှာ လူမျိုးမကောက်ဘူး။ ဒီမှာဘာလို့ကောက်လဲ၊ နှစ်ပေါင်း ၃၀ ကြာမှ ကောက်ရတဲ့အတွက် လူမျိုး ဘယ်လောက်ရှိလဲ တိတိကျကျ မသိတော့ဘူး။ ဒီအတွက် ထည့်ကောက်တာပါ။ ဒီလိုကောက်လို့ တရားမဝင်တာတော့ မဟုတ်ပါဘူး။ သူများနိုင်ငံတွေက ၁၀ နှစ်တကြိမ် ကောက်ပါတယ်။ ကျနော်တို့ အခု ၁၃၅ မျိုးသော လူဦးရေဟာ ခန့်မှန်းခြေသာ ရှိပါတယ်။ ဒီပေါ်မှာ အခြေတည်တာပါ။ ထပ်များနိုင်ပါတယ်။ လျော့နိုင်ပါတယ်။ သိချင်လို့ တိကျစွာဖြစ်အောင် လူမျိုးထည့်တာပါ” ဟု ဖြေကြားသည်။
လက်ရှိ သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စုတစုလျှင် မေးခွန်း ၄၁ ချက်၊ အဖွဲ့အစည်းတခုလျှင် ၁၁ ချက် စသည်ဖြင့် မေးမြန်းကောက်ယူမည်ဖြစ်ပြီး ကောက်ယူရာတွင် ကုတ်နံပါတ်ရွေးရခြင်းမှာ စာရင်းကောက်ယူရာ၌ ရေတွက်မည့် စက်များသည် ကုတ်နံပါတ်တမျိုးထဲကို ဖတ်သောကြောင့်ဖြစ်ကြောင်း သိရသည်။
“လူမျိုးအမည်တွေ မှားတာတွေရှိတယ်။ တချို့က လူမျိုးနာမည် မရှိဘူး။ ကျနော်တို့မှာ ပယ်ခွင့်၊ လျှော့ခွင့် မရှိပါဘူး။ လုပ်ခွင့်လည်း မရှိပါဘူး။ ဥပဒေတွေ ရှိပါတယ်” ဟု ဝန်ကြီး ဦးခင်ရီက ပြောသည်။
ထို့အပြင် ရခိုင်ဒေသတွင် ကောက်ယူရာ၌ လုံခြုံရေးအင်အားကို အသုံးမပြုဘဲ တူရာမျိုးနွယ်စုများထဲမှ ကောက်ယူမည့်သူများ ရွေးချယ်ကာ စာရင်းကောက်ရန် စီစဉ်ထားကြောင်း သိရသည်။
“လုံခြုံရေးနဲ့ ဖိအားပေး လုပ်ဆောင်တာမျိုး မလုပ်ဘူး။ ဒါဆို အမှန်ရမှာ မဟုတ်ဘူး။ စည်းရုံးရင်းနဲ့ ကောက်ယူသွားဖို့ စီစဉ်နေပါတယ်။ တူရာမျိုးနွယ်စုတွေကို စည်းရုံးရင်း ကောက်သွားပါမယ်” ဟု ဝန်ကြီး ဦးခင်ရီက ပြောသည်။
ထို့အပြင် ဝန်ကြီးသက်တမ်းအတွင်း ပထမဆုံးအနေဖြင့် တနိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမှုကို ဆောင်ရွက်ခဲ့ဲခြင်း ဖြစ်ကြောင်း၊ ဒုတိယမြောက် အစီအစဉ်အဖြစ် နိုင်ငံသားမှတ်ပုံတင် ကတ်ပြားများတွင် နိုင်ငံတကာ အတိုင်း လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ စသည်တို့ကို မပါဝင်သည့် စမတ်ကတ်အဖြစ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။