`ဝ´ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က စစ်သည် ၃၀ ဦးကို တရုတ်နိုင်ငံတွင် ရဟတ်ယာဉ်မောင်းသင်တန်း တက်ရန် စေလွှတ်မည်ဖြစ်ကြောင်း `ဝ´ တပ်ဖွဲ့နှင့် နီးစပ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များထံမှ သိရှိရသည်။
UWSA ဌာနချုပ်တည်ရှိရာ ပန်ဆန်းမြို့သို့ မကြာသေးမီက သွားရောက်လည်ပတ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တချို့၏ အဆိုအရ UWSA သည် တရုတ်နိုင်ငံတွင် လေယာဉ်မောင်းသင်တန်း တက်ရောက်မည့် စစ်သည် ၃၀ ဦး ရွေးချယ်ထားပြီးဖြစ်သည်ဟု UWSAမှ အရာရှိများက ပြောဆိုကြကြောင်း သိရှိရသည်။
“သူတို့ (UWSA အရာရှိ) ပြောတာက တရုတ်နိုင်ငံမှာ ရဟတ်ယာဉ် မောင်းသင်ဖို့ သင်တန်းသား ၃၀ ရွေးထားပြီးပြီ လို့ ပြောတယ်။ ဘာကြောင့် သင်ခိုင်းတာလဲဆိုတာ မပြောဘူး။ ဒါပေမယ့် သူတို့ဆီမှာ ကြီးမားတဲ့ စစ်ရေး ရည်ရွယ်ချက်ရှိမယ်လို့တော့ ကျနော်ထင်တယ်” ဟု ပန်ဆန်းမြို့သို့ သွားရောက် လည်ပတ်ခဲ့သော ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)မှ အမည်မဖော်လိုသော အရာရှိတဦးက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။
ပန်ဆန်းမြို့သို့ မကြာသေးမီက သွားရောက်လည်ပတ်ခဲ့သော ကရင်နီတိုးတက်ရေးပါတီ(KNPP) မှ အရာရှိတဦးကလည်း `ဝ´ သင်တန်းသားများ တရုတ်နိုင်ငံ စေလွှတ်မည်ဆိုသော သတင်း UWSA ခေါင်းဆောင်ပိုင်း ထံမှ သိရှိခဲ့ရသည်ဟု ထောက်ခံပြောဆိုသည်။
ယမန်နှစ်က UWSA သည် စစ်ဘက်သုံးရဟတ်ယာဉ်များ ပိုင်ဆိုင်နေသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပြီး ယခု အမောင်းသင် သင်တန်းသား စစ်သည်များ စေလွှတ်မည်ဆိုသော သတင်းသည် `ဝ´ တပ်ဖွဲ့တွင် ရဟတ်များ ပိုင်ဆိုင်သည်ဆိုသော ယူဆချက်များအပေါ် ပိုမို ခိုင်မာလာစေသည်။
အဆိုပါ တိုင်းရင်းသား စစ်အရာရှိများက `ဝ´ တပ်ဖွဲ့တွင် ရဟတ်ယာဉ် ၂ စီး ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ပြီး ပန်ဆန်းတွင် ရဟတ်ယာဉ် ဆင်းသက်နိုင်သည့် ကွင်းများ မြင်တွေ့ခဲ့ရကြောင်း၊ သို့ရာတွင် ရဟတ်ယာဉ်များကို မမြင်တွေ့ခဲ့ရကြောင်း၊ `ဝ´ တပ်ဖွဲ့ သည် မြေပြင်မှ ဝေဟင်ပစ် နှင့် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျဉ်များနှင့် AK-47 ရိုင်ဖယ်သေနတ်၊ ဖောက်ခွဲရေး ပစ္စည်းများ အပါအဝင် လက်နက်များ ထုတ်လုပ်နိုင်သော စက်ရုံတခုလည်း ပိုင်ဆိုင်ထားကြောင်း ပြောဆိုကြသည်။
ယမန်နှစ် ဧပြီလက ထုတ်ပြန်ခဲ့သော Jane Intelligence Review တွင် ဖော်ပြချက်အရ တရုတ်နိုင်ငံသည် ဒုံးကျဉ်များ တပ်ဆင်ထားသော Mil Mi-17 ‘Hip’ ရဟတ်ယာဉ်များ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး မြန်မာ့ရေးရာ ကျွမ်းကျင်သူ ဝါရင့်သတင်းစာဆရာ ဘာတေးလင့်တနာကလည်း `ဝ´ ဒေသ၏ အရှေ့မြောက်ပိုင်း ပန်ဝေ ဒေသအနီး သွားလာရခက်ခဲ၍ လူသူမြင်တွေ့နိုင်ခြေ နည်းပါးသည့် နေရာတွင် ရဟတ်ယာဉ် ၂ စီး အသင့်အနေထား တပ်ချထား ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လတွင် သတင်းရေးသားခဲ့သည်။
ကချင်လွတ်မြောက်ရေးတပ်မတော်မှ အရာရှိတဦးကမူ `ဝ´ တပ်ဖွဲ့၏ ပန်ဆန်းဌာနချုပ်တွင် ရဟတ်ယာဉ်များ တွေ့မြင်ခဲ့ရပြီး သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသည့် သာမန် ရဟတ်ယာဉ်များသာဖြစ်ကြောင်း၊ အဆိုပါ ရဟတ်ယာဉ် များကို တရုတ်နိုင်ငံတွင် လေ့ကျင့်သင်ကြားထားသည့် `ဝ´ လေယာဉ်မှူးများ မောင်နှင်ကြဖွယ်ရှိ ကြောင်း ၂၀၁၃ ခုနှစ်၊ သြဂုတ်လတွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
တရုတ်အစိုးရနှင့် `ဝ´ တပ်ဖွဲ့ တာဝန်ရှိသူများက ရဟတ်ယာဉ်များ ပေးပို့ ပိုင်ဆိုင်ထားပြီဆိုသော သတင်းများကို ငြင်းဆိုထားပြီး ရန်ကုန်အခြေစိုက် `ဝ´ တပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က သတင်းများသည် အခြေအမြစ် မရှိသော သတင်းများဖြစ်သည်ဟု ထုတ်ပြန်ပြောဆိုခဲ့ကြသည်။
UWSA ၏ ဒုတိယ စစ်ဦးချုပ် စိုင်းဆမ်က “ကျနော်တို့မှာ ဒီလိုရဟတ်ယာဉ်မျိုး မရှိဘူး။ အင်ဂျင်မပါတဲ့ ရဟတ်ယာဉ် တခုတော့ အများပြည်သူ လေ့လာ သိရှိဖို့ ထားတာတော့ ရှိတယ်”ဟု ယမန်နှစ် အောက်တိုဘာလက ပြောဆိုခဲ့သည်။
UWSA သည် စစ်သည်အင်အား ၂၅၀၀၀ ခန့်ရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်ပြီး မြန်မာအစိုးရနှင့် ၂၀၁၁ ခုနှစ်နှောင်းပိုင်းတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။
UWSA သည် ဘိန်းစိုက်ပျိုးထုတ်လုပ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုအဖြစ်ထင်ရှားပြီး တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးကို အဓိက သုံးစွဲနေသော အဖွဲ့အစည်းတခုဖြစ်သည်ဟု စွပ်စွဲခံထားရသည်။
သမ္မတရုံးဝန်ကြီးဦးအောင်မင်းက `ဝ´ တပ်ဖွဲ့သည် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးသည့် အဖွဲ့ဖြစ်ပြီး အစိုးရနှင့် တိုက်ပွဲ တစုံတရာ ဖြစ်ပွားခြင်းမရှိသည့်အတွက် အပစ်ရပ်ရေး ဆွေးနွေးပွဲများ မတက်ရောက်ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် `ဝ´ တပ်ဖွဲ့ကို အထင်မလွဲကြစေလိုကြောင်း ဇန်နဝါရီလအတွင်း ဧရာဝတီသတင်းဌာနနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့သည်။