၂၀၁၃ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလ အတွင်း မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ချိုးဖောက်မှု ၁၀၆ ခုတွင် စစ်တပ်မှ ကျူးလွန်မှု အများဆုံး ဖြစ်ကြောင်း လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက်(မြန်မာနိုင်ငံ) (ND-Burma) က ကောက်ယူခဲ့သော မြန်မာနိုင်ငံ လူ့အခွင့် အရေး အခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာကို ND-Burma က ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ၆ လ တာ အတွင်း မှတ်တမ်းတင် ကွင်းဆင်း ကောက်ယူ စုဆောင်းခဲ့ခြင်း ဖြစ်ကြောင်း၊ မှတ်တမ်းတင်ရာတွင် လူ့အခွင့်အရေး NGOများ၏ အကူအညီကို ရယူပြီး အစီရင်ခံစာ အတွက် အချက်အလက်များအား ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အတွင်းရှိ ဒေသများစွာ၌ လူ့အခွင့်အရေး ချိုးဖောက်ခံရသော အများဆုံး အမှုများမှာ လယ်ယာမြေ သိမ်းဆည်းမှုများ ဖြစ်ပြီး ညှဉ်းပန်း နှိပ်စက်မှု ၊ အဓမ္မ အခွန်အကြပ် ကောက်ခံမှုနှင့် သတ်ဖြတ်ခံရမှု တို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဆက်လက် ဖော်ပြ ထားသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွင် ND-Burma က မှတ်တမ်း တင်ထားသော အရေအတွက်ထက် ပြင်ပတွင် ပိုများနိုင်ဖွယ် ရှိပြီး ကွင်းဆင်း သတင်း ကောက်ယူသူများ သတင်းကောက်ယူ စုဆောင်းရာတွင် လုံခြုံရေးအန္တရာယ် အထူး စိုးရိမ်ရသည့် အခြေအနေများ ရင်ဆိုင် ကြုံတွေ့ ခဲ့ရသောကြောင့် သက်ဆိုင်ရာ ဒေသများ အတွင်း ကြုံတွေ့ နေရသည့် လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံးကို ကောက်ခံနိုင်သည့် အခွင့်အရေး နည်းပါးကြောင်း အစီရင်ခံစာက ဆိုသည်။
ND-Burma မှ ၂၀၁၃ ခုနှစ် ပထမ ခြောက်လတာ ကာလ ဖြစ်သော ဇန်နဝါရီလမှ ဇွန်လ အတွင်း ကောက်ခံခဲ့သော အစီရင်ခံစာ အရ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှု ၁၄၇ ခုရှိခဲ့ကြောင်း မှတ်တမ်း အစီရင်ခံစာတွင် ထုတ်ပြန် ဖော်ပြထားသည်။ လက်ရှိ အစိုးရ သက်တမ်း ၂ နှစ်ကျော် ကာလသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများ လျော့နည်းသွားခြင်း မရှိသည်ကို တွေ့ရကြောင်း အစီရင်ခံစာတွင် ဆက်လက် ရေးသားထားသည်။
ND-Burma ၏ ၂၀၁၃ ခုနှစ် ဇူလိုင်လ မှ ဒီဇင်ဘာလ အထိ မှတ်တမ်း တင်ထားသော လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုကို သိမ်းယူ ဖျက်ဆီးမှု ၃၅ မှု၊ မတရား ဖမ်းဆီးမှုများနှင့် ထိန်းသိမ်း ချုပ်နှောင်မှု ၄ မှု၊ အတင်း အဓမ္မ စေခိုင်းမှု ၆ မှု၊ အတင်း အဓမ္မ ရွှေ့ပြောင်းမှု ၄ မှု၊ လူကုန်ကူးမှု ၄ မှု၊ သတ်ဖြတ်မှု ၈ မှု၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုစုဝေးမှု ၁ မှု၊ လွတ်လပ်စွာ သွားလာခွင့်ကို တားဆီးမှု ၁ မှု၊ အခြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁ မှု၊ အတင်းအဓမ္မ ပြုကျင့်ခြင်း ၃ မှု၊ ညှင်းပန်း နှိပ်စက်မှု ၂၀ မှု၊ မတရား အခွန်ကောက်ခံမှု ၁၄ မှုနှင့် လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ၅ မှု၊ စုစုပေါင်း ၁၀၆ မှုတို့ ဖြစ်ကြောင်း အစီရင်ခံစာတွင် ထုတ်ပြန် ရေးသား ထားသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားမှု ၃၇၆ မှု ရှိပြီး ၂၇၆ မှုမှာ ပြည့်စုံမှု မရှိ၍ တိုင်ကြားသူများထံသို့ ပြန်ပို့ခဲ့ပြီး၊ ၆၁၄ မှုကို မှတ်တမ်း အဖြစ် ထားရှိပြီး အစည်းအဝေး ထိုင်ရန် အမှု ၂၀၀ ကျော် ကျန်ရှိ နေသေးကြောင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သို့ ၂၀၁၃ ခုနှစ် အတွင်း တိုင်ကြားလာသည့် နှစ်ချုပ် စာရင်းများကို နိုင်ငံတော် သမ္မတနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြသွားမည် ဖြစ်ကြောင်း လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်စန်းစန်းက ထုတ်ပြန် ပြောကြားထားကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး လှုပ်ရှားမှုများ ပြုလုပ်ရာတွင် ယခင်ကထက် ပိုမို လွတ်လပ်လာသော်လည်း ပုဒ်မ ၁၈ ဆက်လက် တည်ရှိ နေသဖြင့် လူ့အခွင့်အရေး ချိုးဖောက် ခံနေရဆဲ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် အရပ်ဘက် လူ့အဖွဲ့အစည်းများက ဆိုသည်။
ပုဒ်မ ၁၈ တွင် “မည်သူမဆို ခွင့်ပြုမိန့် မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ပြုကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁ နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၃ သောင်းထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်ရမည်” ဟု ပြဋ္ဌာန်း ထားသည်။ သမ္မတ ဦးသိန်းစိန်က “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ” ပုဒ်မ ၁၈ ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။