မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးအတွက် စစ်အစိုးရ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအင်အားစုများက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်သည့် ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ကြေညာချက်များ ထုတ်ပြန် တောင်းဆိုလိုက်ကြသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ မွန်ဒီမိုကရေစီပါတီတို့ စုပေါင်း ဖွဲ့စည်းထားသော စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ပြည်ထောင်စုစတင်ဖွဲ့စည်းစဉ်အခါက သဘောတူချမှတ်ခဲ့သည့် ပြည်ထောင်စုပုံစံမျိုးကို ဖွဲ့စည်းထူထောင်နိုင် ခြင်းမရှိကြောင်း၊ မူလ စတင်ဖွဲ့စည်းက သဘောတူမျှော်မှန်းထားသည့် ပြည်ထောင်စုပုံစံဖြစ်သော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကြီး ဖွဲ့စည်းပေါ်ပေါက်နိုင်ရန် ဆက်ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ အစိုးရနှင့် တိုင်းရင်းသားများအကြား အပစ်ရပ်ရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ထွန်းပေါ်ပေါက်ရေး ကြိုးပမ်း ဆောင်ရွက်နေမှုများကို ကြိုဆိုကြောင်း ကြေညာချက်တရပ် ထုတ်ပြန်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကလည်း မြန်မာနိုင်ငံသည် စိန်ခေါ်မှုပေါင်းများစွာဖြင့် ရုန်းကန်နေရဆဲဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခြေခံသည့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတို့သည် အဓိကအကျ ဆုံး လက်ငင်းစိန်ခေါ်မှုဖြစ်ကြောင်း၊ ထိုစိန်ခေါ်မှု ၂ ရပ်လုံးသည် အသွင်သဏ္ဍာန် အားဖြင့် ကွဲပြားနေသော်လည်း အနှစ်သာရအားဖြင့် တခုတည်းသာ ဖြစ်ပြီး တ နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခြေခံမ ပါဘဲ အသက်မဝင် နိုင်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး ဆိုင်ရာ စိန်ခေါ်ချက်အားလုံးသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပင်မရေစီးထဲတွင် ပေါင်းဆုံ ရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ ကြေညာချက်တွင် ဖော်ပြထားသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးပြုံးချိုက “ပြည်ထောင်စုစိတ်ဓာတ်တွေ ပေါ်ခဲ့တယ်ဆိုတာက တိုင်းပြည်အတွက် အရေးကြီးလို့ တပြည်ထောင်လုံး လုပ်ရမယ့် အရေး ကိစ္စတွေမှာ လက်တွဲပြီး ဖော်ဆောင်ကြတာပဲလေ။ လိုအပ်လာတဲ့အခြေအနေမှာ အားလုံးပါဝင်လာတဲ့ အခင်းအကျင်းကို ဖန်တီးရမှာပဲ”ဟု ဆိုသည်။
ဒုတိယပင်လုံညီလာခံတခု ကျင်းပရန် တောင်းဆိုမှုများရှိနေသာ်လည်း ပေါ်ပေါက်လာခြင်းမရှိသည့်အတွက် တောင်းဆိုတိုက်တွန်းမှုများ ဆက်လက်လုပ်ဆောင်ရမည်ဟု ၎င်းက ဆက်ပြောသည်။
“အစိုးရပိုင်းကလည်း ဒါ ကို တွန်းအားပေးရမယ်။ တကယ်လို့ဒီသက်တမ်းမှာမရခဲ့ဘူးဆိုရင်လည်း နောက်သက်တမ်းမှာ ဒါကို ဦးတည်ပြီး လုပ်ဖို့လို တယ်” ဟု ဦးပြုံးချိုက ပြောသည်။
ပြည်တွင်းနိုင်ငံရေးအင်အားစုတခုဖြစ်သော ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်းအားစုကလည်း စစ်အာဏာရှင်စနစ်ကို ဖက်တွယ် ဆုပ်ကိုင်ထားလိုကြသည့် လူတစုသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အကာကွယ်ယူပြီး ရပ်တည်နေသည်မှာ အထင်အရှားပင်ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးစီးပွားကို ကိုယ်စားမပြု သော အခြေခံ ဥပဒေဖြင့် ပြည်သူ့ဆန္ဒကို ခုခံကာကွယ်ရန် ကြိုးစားနေသဖြင့် နိုင်ငံကို ချစ်မြတ်နိုးကြသည့် တိုင်းရင်းသား ပြည်သူတရပ်လုံး မဖြစ်မနေ ဦးတည်ကြိုးပမ်းရမည့် လုပ်ငန်းသည် ဒုတိယ လွတ်လပ်ရေး၏ အခြေခံ အုတ်မြစ် ဖြစ်သည့် ဒုတိယပင်လုံညီလာခံ သို့မဟုတ် ၂၁ ရာစုပင်လုံညီလာခံ သို့မဟုတ် စစ်မှန် သော အမျိုးသား ညီလာခံ တခုအမြန်ဆုံးပေါ်ပေါက်ရေး ဖြစ်ကြောင်း ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထုတ်ပြန် သော ကြေညာချက်တွင် ဖော်ပြထားသည်။