သမ္မတ ဦးသိန်းစိန် အစိုးရက စစ်အစိုးရခေတ် တလျှောက်လုံး ကျင့်သုံးခဲ့တဲ့ စာပေ စိစစ်ဖြစ်တောက်တဲ့ ဆင်ဆာစနစ် ကို ဖျက်သိမ်းပြီး မီဒီယာလွတ်လပ်ခွင့်တချို့ ခွင့်ပြုခဲ့ပေမယ့် ပြုပြင်ပြောင်းလဲရေး အရှိန် နည်းပါး လာချိန်မှာတော့ သတင်း ရေးသား ဖော်ပြမှုနဲ့ ပတ်သက်လို့ မီဒီယာတွေကို တရားစွဲဆိုမှု၊ နိုင်ငံခြား သတင်း ထောက်တွေကို ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ် ပိတ်ပင်မှု၊ သတင်းမီဒီယာတွေကို အစိုးရက ထိန်းချုပ်နိုင်တဲ့ မီဒီယာ ဥပဒေတွေကို ပြဋ္ဌာန်းဖို့ လုပ်ဆောင် နေမှု၊ နိုင်ငံပိုင် သတင်းစာတွေမှာ ထည့်သွင်းတဲ့ ပုဂ္ဂလိ သတင်း မီဒီယာတွေရဲ့ ကြော်ငြာတွေကို စိစစ်ဖြတ်တောက်မှု တွေ ပြုလုပ်ပြီး မီဒီယာတွေကို လွတ်လပ်ခွင့်ကို တင်းကျပ် လာပါတယ်။
သမ္မတ ဦးသိန်းစိန်က စတုတ္ထမဏ္ဍိုင်မီဒီယာတွေကို လွတ်လပ်ခွင့်ပြုနေတယ်လို့ မိန့်ခွန်းတွေမှာ တဖွဖွ ပြောခဲ့ပေမယ့် တကယ်တန်း ပြုပြင်ပြောင်းလဲမှုတွေမှာ ခရီးမတွင်တော့ဘူး ဆိုတာမျိုး မီဒီယာတွေက ထောက်ပြ ဝေဖန်ရေးသားမှုတွေကို အရေးတယူ ဂရုတစိုက် မလုပ်တော့ပါဘူး။ ဒါပေမယ့် နိုင်ငံတကာ အလယ်မှာ
အစိုးရကို ထိခိုက်စေလာနိုင်တဲ့ ထိရှလွယ် ရေးသားမှု တွေအပေါ်တော့ ချက်ချင်း အရေးယူတဲ့အပြင် ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူတာတွေ လုပ်လာပါတယ်။
မကွေးတိုင်း ဒေသကြီး ပေါက်မြို့နယ်တွင် ရှိသော တပ်မတော်ရဲ့ လက်နက်စက်ရုံတခု အကြောင်း ပြည်တွင်း အပတ်စဉ် ထုတ် Unity ဂျာနယ်က ထုတ်ဖော် ရေးသားခဲ့ရာမှာတော့ အာဏာပိုင်တွေက နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ အရေးယူလာပါတယ်။ လျှို့ဝှက်ဓာတု လက်နက်စက်ရုံဆိုတဲ့ မှားယွင်းတဲ့ အသုံးအနှုန်းကြောင့် အရေးယူတာလို့ အစိုးရဘက်က တရားဝင်ထုတ်ဖော်ပြောဆိုလာပေမယ့် Unity ဂျာနယ်က သတင်းထောက်တွေ၊ တာဝန်ခံတွေကို ရုတ်တရက် ချက်ချင်း ဖမ်းဆီးအရေးယူ အမှုဖွင့်တာမျိုး
တွေလုပ်ဆောင်ခြင်းဖြင့် သူတို့အနေနဲ့ မီဒီယာကို သည်းခံ ခွင့်လွှတ် မှာ မဟုတ်ဘူးဆိုတဲ့ တင်းမာတဲ့ သဘောထားကို ထင်သာ မြင်သာရှိစေခဲ့ပါတယ်။
Unity ဂျာနယ်မှာပါရှိတဲ့ “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတုလက်နက်စက်ရုံ´´ သတင်းဆောင်းပါးကြောင့် Unity ဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်း ထောက် ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုလူမော်နိုင်တို့ အပြင် ကိုလူမော်နိုင်၏ ဇနီးမလွင်လွင်မြင့်၊ ဂျာနယ် ရုံးအဖွဲ့မှူး ကိုအောင်ဝင်းထွန်းတို့ကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ တရားရုံးတင် စစ်ဆေး အရေးယူထားပါတယ်။
အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်ရေး HRW က မြန်မာအစိုးရအနေနဲ့ စာနယ်ဇင်း တွေရဲ့ ဝေဖန်ထောက်ပြမှု ကို လက်ခံဖို့နဲ့ စာနယ်ဇင်းသမားတွေ ရာဇဝတ်မှုဆိုင်ရာ ပုဒ်မတွေနဲ့ အရေးယူ အပြစ်ပေး တာတွေ မလုပ်ဖို့၊ စာနယ်ဇင်းတွေကို သည်းခံဖို့ ဖေဖော်ဝါရီလ ၅ ရက်နေ့ သမ္မတ ဦးသိန်းစိန် နဲ့ HRW ၏ အမှုဆောင် ဒါရိုက်တာ Kenneth Rothတို့ နေပြည်တော်မှာ တွေ့ဆုံစဉ် HRW တောင်းဆိုခဲ့ပါတယ်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်ဆိုတဲ့ သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်၊ သတင်း လွတ်လပ်ခွင့် အပြည့်အ၀ မပေးသေးတဲ့အပြင် စာနယ်ဇင်းတွေအပေါ်မှာ သည်းခံခွင့်လွှတ်မယ့် သဘောထားမျိုး မရှိတာကြောင့် HRW ရဲ့တောင်းဆိုမှုက အရာမထင်နိုင်ပါဘူး။
သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က Unity ဂျာနယ်ကိစ္စက သတင်းလွတ်လပ်ခွင့်နဲ့ မသက်ဆိုင်ဘဲ အမျိုးသားလုံခြုံရေးအတွက် အရေးယူတာလို့ ပြောဆိုလိုက်ခြင်းဖြင့် မီဒီယာတွေရဲ့ရေးသားမှုတွေကို သည်းခံမှာ မဟုတ်တော့ဘူး ဆိုတဲ့ တင်းမာတဲ့ သဘောထားတွေ ထုတ်ဖော် ပြသလာပါတယ်။
“ ပြီးခဲ့တဲ့ နှစ်တွေမှာ သမ္မတအပါအဝင် တာဝန်ရှိသူများကိုရေးသားချက်များဟာ အသရေဖျက်မှုနဲ့ငြိစွန်း နိုင်တဲ့
အရေးအသားတွေဖြစ်နေတာတောင် အစိုးရ က ဘာမှ မလုပ်ခဲ့ပါဘူး။ စာနယ်ဇင်းအချင်းချင်း တရားစွဲတာက အစိုးရဌာနများ၊ ပုဂ္ဂလိကများကတရားစွဲတာထက်ပိုများတယ်ဆိုတာ ခင်ဗျားတို့ လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်။နောက်ပြီး ဘယ်သူမဆို တရား ဥပဒေရဲ့ အကာအကွယ်ကို ယူခွင့်ရှိတဲ့အတွက်စာနယ်ဇင်း အချင်းချင်းကဖြစ်စေ၊ ပုဂ္ဂလိက ဖြစ်စေ အဖွဲ့အစည်းတစ်ခုကဖြစ်စေ သူ့ဂုဏ်သိက္ခာကို ထိပါးလာတယ်ထင်ရင် တရားစွဲခွင့်ရှိတယ်လို့ ကျနော် ယုံကြည်တယ်။ စာနယ်ဇင်းသမား ဘာလုပ်လုပ် တရားမစွဲရဘူးဆိုတဲ့ နိုင်ငံ ကမ္ဘာပေါ်မှာမရှိဘူး”လို့ ဦးရဲထွဋ်က ဆိုပါတယ်။
ဦးရဲထွဋ်ရဲ့ စကားတွေက မီဒီယာတွေကို ကျနော်တို့ အစိုးရက ဆက်ပြီး သည်းခံမှာမဟုတ်သလို အစိုးရကို ထိခိုက်တယ်လို့ ယူဆရင်လည်း တရားစွဲအပြစ်ပေးဖို့ ဝန်မလေးဘူးဆိုတဲ့ အကဲဆတ်တဲ့ အစိုးရမူဝါဒကို ဖွင့်ဟလိုက်တာဆိုရင်လည်း မမှား နိုင်ပါဘူး။
Unity ဂျာနယ် သတင်းထောက်တွေ ဖမ်းဆီးခံရမှု အတွက် နိုင်ငံတကာ သတင်းမီဒီယာ အဖွဲ့အစည်းတွေ ဖြစ်တဲ့ နယ်စည်း မခြား သတင်းထောက်များအဖွဲ့( RSF) ၊ နိုင်ငံတကာဂျာနယ်လစ်များ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့( CPJ ) တို့က သတင်းစာ လွတ်လပ်ခွင့် အပေါ် စိုးရိမ်မိသလို သတင်းထောက်တွေ အဖမ်းခံရမှုအပေါ်လည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြည်တွင်း အခြေစိုက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အပါအဝင် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း(MJA) ၊ မြန်မာသတင်းသမဂ္ဂ(MJU) ၊ မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) တို့ကလည်း Unity ဂျာနယ်ကိစ္စ ကြားဝင်ဆောင်ရွက် ပေးဖို့ အစိုးရကို ကမ်းလှမ်းကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အစိုးရက နိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်အပေါ် ဥပဒေအတိုင်း ဆောင်ရွက် မှာပါ ဆိုတဲ့ ထုတ်ပြန်ချက်တခုတည်းနဲ့ ပယ်ချခဲ့ပါတယ်။
သတင်းစာဆရာကြီးဦးဝင်းတင်ကတော့ Unity ဂျာနယ် အပေါ် အစိုးရရဲ့ အရေးယူမှုကိုသံသယရှိတယ်လို့ ဆိုပါတယ်။
“လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့်ကတော့ ရှိရမယ်။ ဒါပေမယ့် လုံခြုံရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေကိုတော့ ရေးသား တဲ့အခါမှာ ဒါက နိုင်ငံတကာမှာလည်းရှိတာပဲ။ သူ့ရေးလို့ရနိုင်တဲ့ အတိုင်းအတာဆိုတာ ရှိတယ်။ ဝေဖန်ပိုင်းခြားနိုင်မှု ကတော့ ရှိရမယ်။ ဒီကိစ္စက လူသိရှင်ကြား လုပ်နေတာ။ လူမြင်ကွင်းမှာ လုပ်နေတာကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဆိုတာကတော့ မဖြစ်သင့်ဘူး။ ဓာတုဗေဒ လက်နက်စက်ရုံ မဟုတ်ဘူး။ မှားတယ်ဆိုရင်ဘာမှားလဲ ရှင်းလေ” ဟု ဦးဝင်းတင်က ပြောသည်။
အစိုးရပိုင်းက ဥပဒေကြောင်းအရ သတင်းစာဆရာတွေ အပေါ်မှာ အရေးယူမှု ရှိနေတဲ့အပြင် တခြားတဖက်မှာ လည်း အစိုးရ သတင်းစာမှာ ကြော်ငြာထည့်တဲ့ပုဂ္ဂလိကမီဒီယာတွေရဲ့ စာနယ်ဇင်း ကြော်ငြာတွေကိုလည်း စိစစ်ဖြတ်တောက်မှုတွေလုပ်နေပြီး တချို့ကြော်ငြာဆိုရင် လုံး၀ ပေးမထည့်တဲ့အထိဖြုတ်ပစ်တာမျိုးတွေ လုပ်လာပါတယ်။
လစဉ်ထုတ် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ပညာရပ်ဆိုင်ရာ နိုင်ငံရေး ဂျာနယ်ရဲ့ ဇန်နဝါရီလထုတ် ဂျာနယ်အတွက် အစိုးရ သတင်းစာ တွေမှာကြော်ငြာထည့်သွင်းခဲ့ရာမှာ အကျင့်ပျက် ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှု ဆိုတဲ့စာသား ခေါင်းစဉ် တွေကို အစိုးရသတင်းစာက ဖြတ်တောက်ပြီး ကြော်ငြာ ထည့်သွင်းပေးခဲ့ပါတယ်။
အလားတူ The Irrawaddy ဂျာနယ် အတွဲ ၁ ၊ အမှတ် ၁ ဂျာနယ်ကို ကြေးမုံသတင်းစာ မှာ ကြော်ငြာ ထည့်သွင်းခဲ့ရာမှာ “ဦးတေဇ၏ ပူတာအိုစီမံကိန်း ဝေဖန်ခံရ” ဆိုတဲ့ စာသားခေါင်းစဉ်မှာ ဦးတေဇ နာမည်ကို ဖြုတ်ပေးဖို့ တောင်းဆိုခဲ့သလို နောက်ပိုင်းမှာ The Irrawaddy ဂျာနယ်ရဲ့ ကြော်ငြာကို နေပြည်တော်က တိုက်ရိုက်စိစစ်မယ်ဆိုပြီး ကြော်ငြာ ထည့်မပေးတဲ့ အထိ ဖြစ်လာပါတယ်။
အစိုးရသတင်းစာ ကြေငြာ မူဝါဒတွေ အရ အငြင်းပွားဖွယ်ရာ၊ ပဋိပက္ခ ဖြစ်ဖွယ်ရာ ရှိတဲ့ အသုံးအနှုန်းတွေလို့ ထင်မြင် ယူဆရင် ဖြုတ်ပစ်ပိုင်ခွင့်ရှိတယ်လို့ကြေးမုံသတင်းစာ ကြော်ငြာ တာဝန်ခံ ဦးသက်ပိုင်ထူးက ပြောဆိုတယ်။
“တချို့ကိစ္စတွေက ကျင့်ဝတ်နဲ့ မညီလို့ Edit လုပ်ရတာ။ ခုနောက်ပိုင်းတော့ ကြော်ငြာလာထည့်တဲ့သူကို ဒါလေးတွေကို ဖြုတ်ပေးဖို့ ပြောမယ်။ ဂျာနယ်တွေ၊မဂ္ဂဇင်းတွေထဲမှာတော့ သူတို့မူအတိုင်း ကြိုက်သလို ရေးလို့ရတယ်လေ။ဒီမှာတော့ မရဘူး။ ထည့်ပေးလိုက်လို့ ပြဿနာလေးတွေလည်း ကြုံဖူးလို့ ဒီလိုမူတွေကို ချထားရတာ”လို့ ဦးသက်ပိုင်ထူးက ဆိုပါတယ်။
ဒါ့အပြင် အစိုးရအနေနဲ့ နိုင်ငံခြားသတင်းထောက်တွေအပေါ်မှာ ဗီဇာ ကန့်သတ်တင်းကျပ် မှုတွေ လုပ်လာပြီး ဒီလို လုပ်ဆောင်မှုက ပြည်တွင်းမှာ တရားဝင်သတင်းအေဂျင်စီ ရုံးခန်း မဖွင့်လှစ်ဘဲ လာရောက်လုပ်ကိုင်တဲ့ နိုင်ငံခြားသတင်း ထောက်တွေကို ရည်ရွယ်လုပ်ဆောင်တယ်လို့ ဦးရဲထွဋ်ကဆိုပါတယ်။
“ဗီဇာထောက်ခံပေးတဲ့ မူဝါဒ ပြောင်းလဲရတာက ရုံးခန်းမဖွင့်ဘဲနဲ့အကြိမ်ကြိမ်သက်တန်းတိုးနေတဲ့ အတွက် ရုံးဖွင့်ပြီး ဆောင်ရွက်နေသူတွေနဲ့ အတူတူဖြစ်နေတာကြောင့် ပြန်လည်ပြင်ဆင်သတ်မှတ်တာ ဖြစ်ပါတယ်။ ဒါကြောင့်တရားဝင် သတင်းအေဂျင်စီ ဖွင့်လှစ်ထားရင် အဲဒီရုံးမှာ တာဝန်ပေးမယ့်သတင်းထောက်နဲ့ မိသားစု အတွက် ခြောက်လ အကြိမ်ကြိမ် ပြည်ဝင်ခွင့်ဗီဇာပေးပါ့မယ်။ အခါအားလျော်စွာ သတင်း လာယူတာဆိုရင် တလ တကြိမ် ပြည်ဝင်ခွင့်ဗီဇာထောက်ခံ ပေးပါ့မယ်။ အခမ်းအနား၊ အစည်းအဝေး လာတက်မယ်ဆိုရင် အခမ်းအနားအကြို ၂ ရက်၊ အပြီး ၂ ရက်နဲ့ အခမ်းအနား ကာလ ပေးပါ့မယ်” လို့ သူကဆိုပါတယ်။
မြန်မာပြည်မှာ အေဂျင်စီ ရုံးခွဲမရှိတဲ့ သတင်းစာဆရာတိုင်းကို လွတ်လပ်စွာ ဝင်ခွင့်မပြု ဆိုတဲ့ မူဝါဒ ပေါ်လစီက သမ္မတဦးသိန်းစိန် အမြဲပြောဆိုနေတဲ့ပြုပြင်ပြောင်းလဲမှုနဲ့ ဖီလာဆန့်ကျင်နေပြီး အာဆီယံဥက္ကဋ္ဌ ရာထူး
မြန်မာနိုင်င်ငံဆီလာတဲ့ နိုင်ငံတကာ သတင်းထောက်တွေအပေါ် ထားတဲ့ အစိုးရရဲ့ စည်းမျဉ်းခံ မီဒီယာလွတ်လပ်ခွင့်စနစ် ကို ရောင်ပြန်ဟပ်နေပါတယ်။
တချိန်တည်းမှာပဲ အစိုးရအနေနဲ့ သတင်းစာ၊ ဂျာနယ် ထုတ်ဝေခွင့်၊ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်ခွင့် အပါအဝင် ရုပ်သံ၊ ပုံနှိပ်၊အွန်လိုင်း သတင်းမီဒီယာမှန်သမျှ အစိုးရရဲ့ ခွင့်ပြုချက်၊ အစိုးရထံ ခွင့်ပြုချက် တောင်းခံပြီးမှ လုပ်ကိုင်ခွင့်ရှိတယ် ဆိုတဲ့ပြဋ္ဌာန်းချက်တွေပါတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဥပဒေကြမ်းကို ဆက်လက် အတည်ပြုဖို့ ကြိုးစားနေပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက စိတ်ကြိုက် ရေးဆွဲထားတဲ့ မီဒီယာ ဥပဒေကြမ်းတွေကို စာနယ်ဇင်းသမားတွေက ဘယ်လောက်ပဲ ကန့်ကွက်မှုတွေရှိနေပါစေ ဆက်လက် ပြဋ္ဌာန်းဖို့အလျှော့မပေးဘဲ ကြိုးစားနေခြင်းက သတင်း လွတ်လပ်ခွင့် အပေါ်ဆက်လက်ထိန်းချုပ်ချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။