ထိုင်းနိုင်ငံတွင် ၄ နှစ် ဗီဇာ သက်တမ်း ကုန်ဆုံးသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အလုပ်ဖြုတ်ခံရခြင်းနှင့် တရားမဝင် အလုပ်သမားအဖြစ်သို့ ပြန်လည် ရောက်ရှိပြီး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခံခြင်းကို ရင်ဆိုင် နေကြရကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ၄ နှစ်ဗီဇာ သက်တမ်း ကုန်ဆုံးမည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဦးရေ ၁၀၀၀၀ ခန့် ရှိနေပြီး ၂၀၁၄ ခုနှစ်အတွင်း သက်တမ်း ကုန်ဆုံးမည့် မြန်မာ အလုပ်သမား ဦးရေ စုစုပေါင်း ၁၇ သိန်း ရှိနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
လတ်တလောတွင် မြန်မာ အလုပ်သမားများသည် ထိုင်းနိုင်ငံရေး မတည်မငြိမ်မှုကြောင့် ထိုင်းအစိုးရက လွတ်တော်ကို ဖျက်သိမ်းလိုက်သည့် အချိန်နှင့် တိုက်ဆိုင်လျက် ရှိနေပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံ အာဏာပိုင်များက သက်တမ်း ထပ်မံ တိုးပေးမည့်ကိစ္စများ ဆောင်ရွက်ရန် ကြန့်ကြာနေကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) အဖွဲ့မှ တာဝန်ရှိသူ တဦးဖြစ်သူ ဦးအောင်ကျော်က “အလုပ် ပြုတ်တာ၊ အလုပ် မရှိတာတွေ သာမက စားဖို့ နေရေးအတွက် အာဏာပိုင် အဖွဲ့အစည်းတွေက ငွေညစ် တောင်းခံခြင်းမျိုး၊ နောက်တခါ ပွဲစားတွေက မသိနားမလည် အတွေ့အကြုံနည်းတဲ့ မြန်မာ အလုပ်သမားတွေကို အခု ချက်ချင်း ငါတို့ သက်တမ်း တိုးပေးလို့ရတယ်ဆိုပြီး ငွေလိမ်လည် တောင်းခံမှု သတင်းတွေ ကြားနေရတယ်”ဟု ပြောသည်။
၎င်းက ဆက်လက်၍ ထိုင်းအစိုးရက မြန်မာ အလုပ်သမားများနှင့် ပတ်သက်ပြီး တရားဝင် မထုတ်ပြန် နိုင်သေးသော်လည်း ထိုင်း အလုပ်ရှင်နှင့် ဒေသခံ အာဏာပိုင် အဖွဲ့အစည်းတို့ ပူးပေါင်းပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အရေးကို အထူး ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း ပြောဆိုသည်။
“ထိုင်းနိုင်ငံရေးဟာ အေးချမ်းသွားမယ့် လက္ခဏာမျိုး မတွေ့ရသေးဘူး၊ အခြေအနေတွေ ရှုပ်ထွေး နေဦးမယ်၊ သူတို့ ရှုပ်ထွေးနေသ၍ လုပ်ပေးပါမယ်ဆိုတဲ့ နယ်စပ်စခန်း ၅ ခုမှာ One stop service စင်တာတွေ ဖွင့်ပြီး လုပ်ပေးမယ် ဆိုတာလည်း ကျနော်တို့အတွက် မျှော်လင့်ချက် အိမ်မက်တခုလို ဖြစ်နေလိမ့်မယ်” ဟု ဦးအောင်ကျော်က ပြောသည်။
လတ်တလော အချိန်တွင် ထိုင်းအလုပ်ရှင်တချို့က နှစ်နိုင်ငံ MOU သဘောတူ စာချုပ်အရ ပြန်လည် လုပ်ပေးနိုင်မည်ဟု မျှော်လင့် နေကြပြီး ၄ နှစ်ဗီဇာ သက်တမ်းကုန်သည့် မြန်မာ အလုပ်သမားများကို ဆက်ခန့် ထားခြင်း ရှိသလို ထိုင်းဥပဒေအရ အလုပ်ထုတ်ခံရ သူများလည်း ရှိကြောင်း သိရသည်။
အလုပ်သမားများ တနေ့တခြား ဗီဇာ သက်တမ်းကုန်သူ ပိုမို များပြားလာသောကြောင့် အန္တရာယ် အလွန်ကြီးမားလာပြီး မလိုလားအပ်သည့် ပြဿနာများ ထပ်မံပေါ်ပေါက်လာနိုင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ တာဝန်ရှိသူများထံ အကြောင်းကြားထားသည်ဟု ဦးအောင်ကျော်က ပြောသည်။
ဘန်ကောက်မြို့ရှိ ပရိဘောဂ လုပ်ငန်းတခုတွင် အလုပ်လုပ်ကိုင်နေပြီး ၄ နှစ် ဗီဇာ သက်တမ်း ကုန်ဆုံးသဖြင့် အလုပ်ထုတ်ခံထားရသည့် ဦးလူမော်က “အလုပ်သမား ပတ်စပို့စ် စာအုပ်တွေ မရှိတော့ နေရေး ထိုင်ရေးတွေ အဆင်မပြေဘူး။ အခါတိုင်းလို လွတ်လပ်မှု မရှိဘူး။ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ မနက် ၈ နာရီကနေ ၅ နာရီ အထိ ဘတ်ငွေ ၃၀၀ ဆိုတာလည်း မရဘူး။ ကိုယ်မှာ ထိုင်းအစိုးရက တရားဝင် ထုတ်ပေးထားတဲ့ စာရွက် စာတမ်းတွေ မရှိတော့တဲ့အတွက် ခိုးကြောင်ခိုးဝှက် နေရတယ်” ဟု ပြောသည်။
အလုပ်သမား ပတ်စပို့စ် သက်တမ်း ထပ်မံ တိုးပေးမှုကို ၎င်းတို့အနေဖြင့် ရလိုသော်လည်း မည်သည့်အချိန် ပြုလုပ် ပေးမည်ကို မသိရှိကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာ အလုပ်သမားများအား ဖမ်းဆီးမှု မလုပ်ရန် ထိုင်းအာဏာပိုင်များကို မေတ္တာ ရပ်ခံထားသော်လည်း ထိုင်း မြို့နယ်တချို့တွင် ဖမ်းဆီးမှုများ ရှိကြောင်း၊ မြန်မာသံရုံး အနေဖြင့် ယင်းကိစ္စကို ပြောဆို ဆွေးနွေးရန် လတ်တလော ထိုင်းနိုင်ငံရေး အခြေအနေအရ အလွန်ခက်ခဲကြောင်း သံရုံးတာဝန်ရှိသူများက ပြန်လည် ပြောကြား ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း ဗီဇာ သက်တမ်း ကုန်နေသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အများစုမှာ ဆက်လက် နေထိုင် ခွင့်ရရှိရေးကို လိုလာပြီး တချို့အလုပ်သမားများသည် အိမ်ပြန်သွားကြကြောင်း ဦးအောင်ကျော်က ပြောသည်။
“မြန်မာ အစိုးရက ထုတ်ပေးထားတဲ့ ပတ်စပို့ သက်တမ်းက ၆ နှစ် ရှိတယ်။ ထိုင်းမှာ ဗီဇာ သက်တမ်း သုံးလိုက်တာ ၄ နှစ်၊ အဲဒီစာ အုပ်ထဲမှာ ၂ နှစ် ကျန်ပါသေးတယ်။ အဲဒီ ၂ နှစ်ကို အလုပ်သမားတွေကို အစစအရာရာ အဆင်ပြေစေဖို့ အတွက် ဗီဇာ သက်တမ်း ၂ နှစ် တိုးပေးစေချင်ပါတယ်” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၃ သန်းခန့် ရှိပြီး၊ ၁ သန်း ၇ သိန်း နီးပါးကို နိုင်ငံသား စိစစ်မှုများ လုပ်ဆောင်၍ တရားဝင် ယာယီ နိုင်ငံကူး လက်မှတ်များ ထုတ်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားရေးရာ သံမှူး ဦးကျော်ကျော်လွင်က အလုပ်သမားများ အနေဖြင့် ထိုင်းရဲများ၏ ဖမ်းဆီးခြင်းကို မခံရစေရန် နှစ်နိုင်ငံ သဘောတူညီမှု စာချုပ်အရ မြန်မာပြည်သို့ ပြန်ပြီးမှ ပြန်လာသင့်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ နှစ်နိုင်ငံ MOU စာချုပ်ထဲမှာ ပါတဲ့ အတိုင်း အလုပ်သမား တယောက်က ၂ နှစ်၂ ခါနဲ့ လေးနှစ်နေ၊ ၃ နှစ် ပြန်ရမယ်။ နောက် တခါကျတော့ ၁ လ ပြန် လျော့တယ်။ နောက်တခါကျတော့ ပြန်လျော့ပီး အမြန်ဆုံး ရအောင် သူတို့ ကြိုးစားပေးမယ်။ ဒါပဲ ပြောတာ။ သူတို့လည်း မဖမ်းဘူးလို့မှ မပြောတာ။ ကျနော်တို့ဘက်ကလည်း သူတို့ မဖမ်းအောင် တတ်နိုင်သလောက် မေတ္တာရပ်ခံတယ်” ဟု ဦးကျော်ကျော်လွင်က ဆိုသည်။
၂၀၀၉ ခုနှစ်တွင် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရများ သဘောတူထားသည့် MOU စာချုပ် အရ ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားများသည် လေးနှစ် ဆက်တိုက် အလုပ်လုပ်ခွင့် ရရှိပြီးပါက မြန်မာပြည်တွင် ၃ နှစ် ပြန်လည် နေထိုင်ပြီးမှသာ ထိုင်းနိုင်ငံသို့ ပြန်ဝင်ခွင့်ရမည် ဖြစ်သည်။
သို့သော် ပြီးခဲ့သည့်နှစ်က ထိုင်းနှင့် မြန်မာ အလုပ်သမား တာဝန်ရှိသူများ ဆွေးနွေးချက်များ အရ အလုပ်သမားများကို ၃ နှစ် အစား ၁ လ ပြန် နေရန်နှင့် နယ်စပ်သို့ တညသာ ပြန်ပြီး နယ်စပ် ရုံးများတွင် ဗီဇာသက်တမ်း တိုးပြီး ပြန်လာရန် သဘောတူ ထားကြောင်း သိရသည်။ အဆိုပါ သဘော တူညီချက်များသည် ထိုင်း အလုပ်သမား ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ခြင်း မဟုတ်ကြောင်း သိရသည်။