မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ တိုင်းရင်းသားတွေနဲ့ အတူ စည်းစည်းလုံးလုံး ကြိုးစားခဲ့တဲ့ ပင်လုံစာချုပ်ဟာ သက်တမ်း ၆၇ နှစ်ပြည့်ခဲ့လေပြီ။ တကယ်တော့ ပင်လုံစာချုပ်ဆိုတာ မြန်မာနိုင်ငံက တကယ့် ခေါင်းဆောင်ကောင်းတွေရဲ့ အမြော်အမြင်ကြီးကြီးနဲ့ သူရဲကောင်းဆန်ဆန် လုပ်ကိုင်ခဲ့ကြတဲ့ လုပ်ရပ်တွေထဲက တခုလည်းဖြစ်ပါတယ် ဒါပေမယ့်လည်း တိုင်းရင်းသားဒေသတွေမှာ ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေကို မခံစားကြရသေးဘူးလို့ အခု လက်ရှိ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောနေကြတယ်။
မြန်မာနိုင်ငံမှာ ဖက်ဒရယ် တစ္ဆေဖမ်းစားမှုက တော်တော် ကျယ်ပြန်ခဲ့တယ်။ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးလို့ပဲ ဝါဒဖြန့်နေကြတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အလျှိုအလျှို ပေါ်ထွက်လာကြတာက ဖက်ဒရယ် မူဝါဒအပေါ် လေးစားယုံကြည်ရင်း တန်းတူရည်တူရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအပေါ် အခြေခံကြတာများပါတယ်။ ဒါကြောင့် ဖက်ဒရယ်တစ္ဆေဟာ ပြည်တွင်းစစ် အဓွန့်ရှည်ရခြင်းရဲ့ အကြောင်းတရားတခုအဖြစ် အများက သုံးသပ်ကြ တယ်။
ဒီအတွက် ပြည်ထောင်စု စစ်စစ်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုမျိုးကို တိုင်းရင်းသား အင်အားစုတွေက တည်ဆောက်လို ကြပေမယ့် အရင်အစိုးရတွေက လက်ခံနိုင်ခြင်း မရှိခဲ့ကြလို့ စစ်ပွဲတွေနဲ့ ငြိမ်းချမ်းရေးဆိတ်သုဉ်းနေတဲ့ မြန်မာနိုင်ငံအဖြစ် ဆယ်စုနှစ်များစွာ ဖြတ်သန်းနေခဲ့ရတာပါ။
၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းက အသက်သွင်းခဲ့တဲ့ အာဏာရှင်စနစ် အခြေတည်လာကတည်းက ပင်လုံစာချုပ်ရဲ့ အနှစ်သာရတွေ မှေးမှိန်ကွယ်ပျောက်လာတာလို့ သုံးသပ်ရပါတယ်။ ဒီ နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တဖွဲ့ပြီးတဖွဲ့ တိုးပွားလာခဲ့တယ်။ မြန်မာ့ တပ်မတော်ဟာလည်း တိုင်းပြည်ရဲ့ ပြည်ပရန်ကို ကာကွယ်တဲ့ တပ်မတော်အဖြစ်ကနေ ပြည်တွင်း စစ်မီးထဲ အဓိက အခန်းကဏ္ဍမှာ ပါဝင်လာတဲ့အခြေ ဆိုက်လာပါတယ်။
တိုင်းရင်းသား ဒေသတွေမှာ စစ်မီးလျှံတွေ၊ ယမ်းခိုးငွေ့တွေ နှစ်ပေါင်း ၆၀ ကျော်လောက် ပြည့်နှက်နေခဲ့တယ်။ ဒေသခံ တိုင်းရင်းသားတွေလည်း ငြိမ်းချမ်းရေးကို ဆာလောင် ငံ့လင့်လာကြတယ်။ ပင်လုံစာချုပ်ကို ပိုပြီး မျှော်လင့်အား ကိုးကြတယ်။
ပင်လုံစာချုပ်ဟာ မြန်မာနိုင်ငံမှာ ကျင့်သုံးတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၃ ခုမှာ အရောင်ဆိုးခံရပြီး ကျင်လည်နေရတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကလွဲလို့ ၁၉၇၄ ခုနှစ်နဲ့ အခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေက ပင်လုံ စာချုပ်ရဲ့ အနှစ်သာရကို ဖြည်းဆည်းမှု အလွန်အားနည်းတယ်။
ဗမာအပါအဝင် တိုင်းရင်းသား အားလုံးရဲ့ ရင်ထဲ၊ ဘ၀ အသိထဲမှာ ပင်လုံစာချုပ်နဲ့ ပင်လုံ စိတ်ဓာတ်ကို တိုင်းပြည်ရဲ့ အသက်သွေးကြော ဖြစ်စေရေးမှာလည်း ကန့်သတ်မှုတွေ ရှိခဲ့ပါတယ်။ အဆိုးဆုံးကတော့ ပင်လုံစာချုပ်ပါ ဖက်ဒရယ် ပြည်ထောင်စု မူဝါဒအပေါ် ဝိဝါဒကွဲလွဲကြပြီး “ခွဲထွက်ရေး” လို့ပဲ ဝါဒဖြန့်ခဲ့ကြ၊ ယုံကြည်ခဲ့မှုတွေ ရှိခဲ့ကြတာပါပဲ။
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် ဂွန်မော်ကတော့ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး မဟုတ်ဘူးလို့ ဧရာဝတီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
“ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်လို့ ပြောလိုက်ခြင်း အားဖြင့်ကတော့ နိုင်ငံတနိုင်ငံထဲမှာ အတူတကွ နေထိုင်ကြမယ်ဆိုတဲ့ Concept (သဘောထား) ပေါ့။ သို့သော်လည်းပဲ နှစ်ပေါင်းများစွာ တချို့အဖွဲ့တွေကတော့ ဒီဟာကို နားမလည်နိုင်ဘူး။ ဒါကို ခွဲထွက်ရေးလို့ ပြောတယ်” လို့ သူက ဆိုပါတယ်။
အခုတော့ ဖယ်ဒရယ်ဆိုတာ ခွဲထွက်ရေး မဟုတ်ဘူးဆိုတဲ့ သဘောတရားကို လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားတွေ အပါအဝင် အစိုးရ၊ လွှတ်တော်လူကြီးတွေကလည်း အရင်ကထက်စာရင် ပြောဆိုမှုတွေတော့ ရှိလာပါပြီ။
သမ္မတ ဦးသိန်းစိန်ကတော့ ယမန်နှစ် အောက်တိုဘာလ ၁ ရက်နေ့က ထုတ်လွှင့်တဲ့ ရေဒီယို မိန့်ခွန်းမှာ ပြဿနာရဲ့ ဇစ်မြစ်တွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားမယ်လို့ ပြောခဲ့ပါတယ်။ “တိုင်းရင်းသားများ အားလုံးပါဝင်တဲ့ ခိုင်မာ၍ ရေရှည်တည်တံ့မည့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တရပ် ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အပစ်အခတ်ရပ်စဲရေး တခုတည်းနဲ့ မလုံလောက်ဘဲ လက်နက်ကိုင် ပဋိပက္ခများရဲ့ ဇာစ်မြစ်ဖြစ်တဲ့ ပြဿနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့က အဓိက ဖြစ်တယ်ဆိုသည့် အချက်ပဲဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး စကားပြောဆိုမှုဖြစ်စဉ်တွေမှာ အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား ကွဲလွဲမှုတချို့ရှိနေသလို တိုင်းရင်းသားအဖွဲ့ အချင်းချင်းနဲ့ တိုင်းရင်းသား တဖွဲ့တည်းမှာကိုပဲ သဘောထား ကွဲလွဲမှုတွေလည်း ရှိနေတာပါ။
တဖက်က သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တဖွဲ့ချင်းဖြစ်ဖြစ်၊ အစုအဖွဲ့လိုက်ဖြစ်ဖြစ် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ကိစ္စတွေ ဖော်ဆောင်ဖို့ စကားပြောဆိုလာတာတွေ ရှိပေမယ့် အစိုးရဘက်က အဲဒီဆွေးနွေးပွဲတွေမှာ အပေါ်စီး ယူလွန်းမှုအပေါ်တော့ တိုင်းရင်းသား ခေါင်းဆောင်တွေက ဘဝင်မကျလှပါဘူး။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ကောင်စီ UNFC ရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ် မွန်ပြည်သစ်ပါတီ ခေါင်းဆောင် လည်းဖြစ်တဲ့ နိုင်ဟံသာကတော့ အစိုးရနဲ့ လွှတ်တော်၊ မြန်မာ့တပ်မတော် ဆိုတာတွေက တိုင်းရင်းသားတွေကို တန်းတူဆွေးနွေးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ယမန်နှစ် နိုဝင်ဘာလကုန်က ဧရာဝတီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောထားပါတယ်။
“အစိုးရထဲမှာ လွှတ်တော်ထဲမှာ တချို့ကတော့ ကျနော်တို့ကို တန်းတူ ဆွေးနွေးဖို့ဆိုတဲ့ သဘောထား မရှိဘူးဗျ။ အပေါ်စီးက ယူချင်တယ်။ အဲဒီ စိတ်ဓာတ် အခြေခံကိုက မပြောင်းလဲသမျှကတော့ တွေ့ဆုံဆွေးနွေးရေးက ကြာနေဦး မယ်လို့ ဒီလိုထင်တယ်” လို့ သူက ဆိုထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေကတော့ အခုဆိုရင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ရာခိုင်နှုန်း ၈၀ လောက် သေချာနေပါပြီလို့တော့ ပြောနေပါတယ်။
တပြိုင်တည်းမှာ တိုင်းရင်းသားနယ်မြေတချို့မှာလည်း သေနတ်သံတွေက မစဲသေးသလို အခုထိလည်း တိုင်းရင်းသားတွေ လိုလားနေတဲ့ ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေး အာမခံချက်လည်း မရှိသေးတာတော့ သတိပြုမိပါတယ်။ ဒါ့အပြင် သယံဇာတနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ ကိစ္စတွေကလည်း ရှိပါသေးတယ်။
အဓိက အားဖြင့်တော့ အခုသွားနေတဲ့ အပစ်အခတ် ရပ်စဲရေးကနေတဆင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲတွေကို ရောက်မှသာ တိုင်းရင်းသားတွေ ဖော်ဆောင်ချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကိစ္စကို အကျယ်တဝံ့ ဆွေးနွေးမှာဖြစ်တယ်လို့ အခုနောက်ဆုံး အခြေအနေတွေက ညွှန်ပြနေပါတယ်။