ကချင်ပြည်နယ်၌ အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တို့အကြား ယမန်နေ့က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း KIA ၏ ရှေ့တန်း တပ်စခန်း တခုကို အစိုးရ စစ်တပ် က သိမ်းလိုက်ကြောင်း သိရသည်။
“KIA တပ်စခန်းတခုကို ဝင်သိမ်းသွားတာ ဟုတ်ပါတယ်၊ သစ်မှောင်ခိုတွေကို လိုက်ဖမ်းတယ် ဆိုပြီး ကျနော်တို့ စခန်းတွေကို တိုက် နေတာပေါ့၊ အခြေအနေက အဲဒီလို ဖြစ်နေတယ်၊ အစိုးရကတော့ နာမည်ထည့်မပြောဘဲ လက်နက်ကိုင်တပ် ဆိုပြီး သုံးတယ်၊ အဲဒီနေရာမှာက ကျနော်တို့ တပ်ပဲရှိတာပါ”ဟု KIA ဒု စစ်ဦးချုပ် ဗိုလ်ချုပ် ဂွန်မော် က ဧရာဝတီ ကို ပြောသည်။
အစိုးရ စစ်တပ်က သိမ်းသွားသည့် စခန်းသည် KIA ၏ ရှေ့တန်းစခန်း တခုဖြစ်ပြီး လိုင်ဇာမှ ကားဖြင့် တနာရီခန့် သွားရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာငြိမ်းချမ်းရေး စင်တာ(MPC) အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် လေ့လာသူအဖြစ် ပါဝင်နေ သည့် ကုလသမဂ္ဂနှင့် တရုတ် နိုင်ငံကိုလည်း အကြောင်းကြားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
KIA နှင့် အစိုးရတပ်သည် ယမန်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်ယန်းမြို့နယ်ခွဲ ဂျာအင်ယန် ကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားကြောင်း၊ KIA တပ်ရင်း ၁၈ ၏ ခါအူ ရှေ့တန်း တပ်စခန်းကို အစိုးရတပ်များက သိမ်းပိုက်လိုက်ကြောင်း RFA ရေဒီယို သတင်းတွင်လည်း ဖော်ပြထားသည်။
တိုက်ပွဲများ ဖြစ်ပွားရခြင်းသည် ကချင်ဒေသနှင့်တဘက်နိုင်ငံ နယ်စပ်ဒေသများ၌ တရားမဝင် သစ်ခိုးခုတ်ခြင်း၊ ခိုးထုတ်ရန်ပြင်ဆင် နေခြင်းတို့ကို ရှင်းလင်းရာမှ ဖြစ်ပွားခြင်း ဖြစ်ကြောင်း အစိုးရ စစ်တပ်ပိုင် မြဝတီ သတင်းစာ၌ ယမန်နေ့က ဖော်ပြထားသည်။
မြဝတီ သတင်းတွင် သစ်ခိုးထုတ်မှုကို ဖော်ထုတ်သည့် အဖွဲ့များကို လက်နက်ကိုင် တပ်ဖွဲ့များက နှောင့်ယှက်ပစ်ခတ်မှု၊ ခြိမ်းခြောက်မှုများရှိလာသည့် အတွက် တပ်မတော် စစ်ကြောင်းများက လုံခြုံရေး လိုက်ပါဆောင်ရွက်ရင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ တိုက်ပွဲအတွင်း စစ်သားတဦး ဒဏ်ရာ ရရှိကြောင်းလည်း ပါရှိသည်။
ထို တိုက်ပွဲသတင်းနှင့်ပတ်သက်၍ သမ္မတ ပြောခွင့်ရသူနှင့် ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ် ၏ လူမှုကွန်ရက် စာမျက်နှာ၌ အပစ်အခတ် ရပ်စဲရေးဆောင်ရွက်နေသည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် တိုက် ပွဲ များ ဖြစ်ပွားခြင်းမရှိဘဲ ကချင်နှင့်ရှမ်းမြောက်ပိုင်းမှာသာ တိုက်ပွဲများ ဖြစ်ပွားခြင်းသည် စဉ်းစား ဆင်ခြင်နိုင်ရန် လိုကြောင်း ရေးသား ထားသည်။
နယ်စပ်ဒေသတွင် သစ်မှောင်ခို လုပ်နေသူများ အမှန်တကယ်ရှိကြောင်း၊ သို့သော် သစ်ခုတ်သည့် နေရာသည် စစ်ကိုင်းတိုင်း ရှိ အစိုးရ သစ်တော ကြိုးဝိုင်းထဲတွင် အဓိက ခုတ်နေခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ် ဂွန်မော် က ပြောသည်။
၎င်းက“တကယ်ဆို နယ်စပ်မှာ ဝင်တိုက်နေတာမျိုး မဟုတ်ဘဲနဲ့ တကယ် သစ်တွေ ခုတ်နေတဲ့ ကြိုးဝိုင်းလို နေရာမျိုးမှာ ပိတ် ပင်လိုက်ရင် ကိစ္စက ပြီးသွားနိုင်ပါတယ်”ဟုလည်း ပြောဆိုသည်။
အစိုးရစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများသည် ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ရှိခဲ့ကြောင်း၊ အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးပြီး နောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်တိုင် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အဟန့်တား မဖြစ်စေနိုင်ကြောင်းလည်း ဗိုလ်ချုပ် ဂွန်မော် က ဆိုသည်။
ကချင်ဒေသရှိ တဘက်နိုင်ငံနှင့်ထိစပ်နေသော ဒေသများတွင် တရားမဝင်သစ်များ ခိုးထုတ်နေမှုများ၊ ခိုးထုတ်ရန် ပြင်ဆင် ထား သည့် အဖိုးတန်သစ်များနှင့် လုပ်ငန်းသုံး ယန္တရားများကို နိုင်ငံတော် ဘဏ္ဍာ အတွက် သိမ်းဆည်းခဲ့ကြောင်း၊ တရားမဝင်သည့် တဘက်နိုင်ငံသား သစ်ကုန်သည်များကိုလည်း ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီ သတင်းစာ၌ ဖော်ပြ ထားသည်။
တပ်မတော် စစ်ကြောင်းများ အနေဖြင့် သစ်တင် ကရိန်းယာဉ် ၃ စီး၊ သစ်တင်ယာဉ် ၄၁ စီး၊ ပါဂျဲရိုးယာဉ် ၁ စီး၊ ဆိုင်ကယ် ၂ စီး၊ ကျွန်းသစ်နှင့်တမလန်းသစ် တန် စုစုပေါင် ၁၅၇၀ သိမ်းဆည်း ရမိကြောင်းလည်း မြဝတီ သတင်း၌ ပါရှိသည်။
အစိုးရ တပ်မတော် စစ်ကြောင်းများနှင့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ အကြားတွင် လည်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လဆန်း အထိ တိုက်ပွဲပေါင်း ၃၅ ပွဲ ဝန်းကျင် ရှိပြီဟု TNLA ပြန်ကြားရေးဌာန က ထုတ်ပြန်ထားသည်။