ထိုင်း-မြန်မာ နှစ်နိုင်ငံ ဒေသခံများ သွားရေး လာရေး အဆင်ပြေ စေရေး အတွက် နယ်စပ်ဂိတ် အသစ် ဖွင့်လှစ်ရန်နှင့် တောမီးလောင် မှုများကို ပူးပေါင်း ကာကွယ်ရန် ယနေ့ နှစ်ဘက် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး ကြသည်။
နယ်စပ် ဂိတ်ဖွင့်ရန် စီစဉ်သည့် နေရာသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ် တဖက်ကမ်းရှိ ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ် ဝေါ်လေကျေးရွာနှင့် နယ်နိမိတ်ထိစပ်ပြီး ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA) ထိန်းချုပ်ဒေသလည်း ဖြစ်သည်။ မြဝတီမြို့နယ် တောင်ဘက် မိုင် ၅၀ အကွာတွင် တည်ရှိကြောင်း သိရသည်။
လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ် ဂိတ်များကို ကုန်စည်စီးဆင်းမှု အဓိက အနေနှင့် တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက် နှင့် ကော့သောင်း-ရနောင်း တို့တွင် ဖွင့်လှစ်ထားသည်။
နှစ်နိုင်ငံ အာဏာပိုင်များက တောမီးလောင်မှုကြောင့် မီးခိုးငွေ့များ ကာကွယ်နိုင်ရေးကို တွေ့ဆုံဆွေးနွေးပြီး နယ်စပ်ဂိတ်အသစ် ဖွင့် လှစ်မည့် နေရာကိုပါ သွားရောက် ကြည့်ရှုခဲ့ကြောင်း မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းထွန်းနှင့် ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများ လူဦးရေ ရာနှင့် ချီပြီး တက်ရောက်ခဲ့ကြောင်း သိရသည်။
မဲဆောက်မြို့နယ် မီးသတ်ဌာနမှ အကြီးအကဲ တဦးက လတ်တလောတွင် တောမီးလောင်မှုများ မကြုံရသေးသော်လည်း ကြံစိုက် နေသည့် တောင်သူများ မီးမရှို့ဘဲ မြေမြှုပ်ပစ်ရန်နှင့် ကြိုတင်ကာကွယ်ရန် အတွက် တွေ့ဆုံခြင်း ဖြစ်သည်ဟု ပြောကြောင်း မန်နေဂျာ အွန်လိုင်းတွင် ရေးသားထားသည်။
“ကြံစိုက်တောင်သူတွေ မီးရှို့မှုကြောင့် ဆိုးကျိုးတွေကတော့ မီးခိုးငွေ့တွေ ကောင်းကင်ပေါ်မှာ အဆိပ်အတောက် ဖြစ်စေတယ်၊ အဆုတ် ရောဂါ ကာကွယ်နိုင်ဖို့အတွက် တာဝန်ရှိသူတွေ အားလုံး တွေ့ဆုံတာ ဖြစ်တယ်”ဟုလည်း ထိုင်း မီးသတ် အကြီးအကဲ က ဆိုသည်။
ကြံစိုက်တောင်သူများ မီးရှို့မှုကြောင့် မီးခိုးငွေ့များ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အထိ ပျံ့နှံ့မှုများ ရှိကြောင်း ထိုင်း မီးသတ်ဌာန အကြီးအကဲက ပြောဆိုသည်။
အဆိုပါ ဒေသတွင်ပင် ယခုလ ၅ ရက်နေ့က နှစ်နိုင်ငံ ဒေသခံ ပြည်သူများ အနေနှင့် ပိတ်ရက်များတွင် ဟင်းသီး ဟင်းရွက် အပါ အဝင် စားသောက်ကုန်ပစ္စည်းများ အပြန်အလှန် ရောင်းချနိုင်ရန် ဈေးတခုဖွင့်လှစ်ရေး အတွက် နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေး၍ စီစဉ်နေကြောင်း သိရသည်။
၂၀၁၀ ပြည့်နှစ်တွင် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသားများ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ် တဖက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရဖူးသည်။
ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သည့် DKBA တပ်မဟာ ၅ တပ်ဖွဲ့သည် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်းပနေသည့် ၂၀၁၀ ပြည့် နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှ စတင်၍ နယ်စပ် ဒေသ အပါအဝင် ကရင်ပြည်နယ် အတွင်းရှိ အစိုးရ တပ်များကို တိုက်ပွဲ ဆင်နွှဲမှုများလည်း ရှိသည်။
DKBA တပ်ဖွဲ့သည် ကရင်ပြည်နယ် မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်သည်။ ၁၉၉၅ ခုနှစ် တွင် ကရင် အမျိုးသား အစည်းအရုံး(KNU) မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ၍ တဖြည်းဖြည်း အင်အားကြီးမား လာသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့လည်း ဖြစ်သည်။