သမ္မတဦးသိန်းစိန်အစိုးရက နိုင်ငံခြား သတင်းထောက်များ မြန်မာပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရာတွင် ကန့်သတ် ပိတ်ပင်မှုများ ပြုလုပ်လာခြင်းကြောင့် ရန်ကုန်အခြေစိုက် နိုင်ငံတကာ သတင်းဌာနများမှ နိုင်ငံခြား သတင်း ထောက် တချို့မှာ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာနေရပြီဖြစ်ကြောင်း သတင်းရရှိသည်။
အစိုးရသည် နိုင်ငံခြားသတင်းထောက်များအတွက် ပြည်ဝင်ခွင့် အများဆုံး ၆ လအထိ ခွင့်ပြုခဲ့သည့်အပြင် ဗီဇာသက်တမ်း တိုးခြင်းကို ရန်ကုန်မြို့တွင်ပင် ဆောင်ရွက်ပေးခဲ့ရာမှ ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍ ပြည်ဝင်ခွင့်ဗီဇာ မူဝါဒကို ရုတ်တရက် တစုံတရာ ထုတ်ပြန်ကြေညာခြင်းမပြုဘဲ ပြောင်းလဲ ကန့်သတ်မှုများပြု လုပ်လာကြောင်း၊ အစိုးရ၏ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်လိုက်မှုကြောင့် နိုင်ငံခြား သတင်းထောက်များသည် ပြည်ဝင်ခွင့်ဗီဇာ ၂ ပတ်သာရရှိမည် ဖြစ်ပြီး ဗီဇာ သက်တမ်းတိုးခြင်းကိုလည်း ပြည်တွင်းတွင် ဆောင်ရွက်ခွင့်မပြုတော့ကြောင်း သိရှိရသည်။
ယခင် စစ်အစိုးရသည် နိုင်ငံခြားသတင်းထောက် ပြည်ဝင်ခွင့်ဗီဇာ အထူးကန့်သတ်ပိတ်ပင်မှုများ လုပ်ဆောင်ခဲ့ပြီး ဒီမိုကရေစီဖော်ဆောင်နေပါသည်ဆိုသော သမ္မတဦးသိန်းစိန်အစိုးရသည်လည်း ယခင် စစ်အစိုးရ နည်းလမ်းများ ပြန်လည် ကျင့်သုံးလာခြင်းဖြစ်သည်ဟု သတင်းမီဒီယာအသိုင်းအဝိုင်းက သုံးသပ်ကြပြီး ယင်းသို့ဗီဇာ ကန့်သတ်မှုတွင် ပြန်ကြားရေး ဝန်ကြီးဌာန၏ ပြောင်းလဲလိုက်သော မူဝါဒများကြောင့် ဖြစ်သည်ဟု သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ် ၊ ပြန်ကြားရေး ဒုတိယဝန်ကြီး လည်းဖြစ်သူ ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။
နိုင်ငံခြား သတင်းထောက်များအား ပြည်ဝင်ခွင့် ကန့်သတ်ရခြင်းမှာ နိုင်ငံခြား သတင်းထောက်တချို့သည် ပြည်တွင်း၌ တရားဝင် ရုံးခန်းမဖွင့်လှစ်ဘဲ အကြိမ်ကြိမ် ဗီဇာသက်တမ်းတိုးနေခြင်းကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ရုံးဖွင့်ပြီး သတင်းလုပ်ငန်းဆောင်ရွက်နေသော နိုင်ငံခြားသတင်းထောက်များနှင့် အခွင့်အရေးတန်းတူ ရရှိနေ သောကြောင့် ပြန်လည်ပြင်ဆင်သတ်မှတ်ရခြင်းဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။
“တရားဝင် သတင်းအေဂျင်စီ ဖွင့်လှစ်ထားရင် အဲဒီရုံးမှာ တာဝန်ပေးမယ့် သတင်းထောက်နဲ့ မိသားစုအတွက် ခြောက်လ အကြိမ်ကြိမ်ပြည်ဝင်ခွင့် ဗီဇာပေးပါ့မယ်။ အခါအားလျော်စွာသတင်းလာယူတာဆိုရင် တလ တကြိမ် ပြည်ဝင်ခွင့် ဗီဇာထောက်ခံပေးပါ့မယ်။ အခမ်းအနား၊ အစည်းအဝေးလာ တက်မယ်ဆိုရင် အခမ်းအနားအကြို နှစ်ရက်၊ ပြီးနှစ်ရက်နဲ့ အခမ်းအနား ကာလပေးပါ့မယ်” ဟု ဦးရဲထွဋ်က ဧရာဝတီသတင်းဌာန၏ မေးမြန်းချက်ကို အီးမေးလ်မှ တဆင့် ပြန်လည်ဖြေကြားသည်။
သမ္မတရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတဦးကမူ အစိုးရတွင် နိုင်ငံခြားသတင်းထောက်များကို ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ် ပိတ်ပင်မည်ဆိုသော မူဝါဒ မရှိဘဲ ပြန်ကြားရေးဝန်ကြီးဌာန၏ မူဝါဒသက်သက်သာ ဖြစ်ကြောင်း၊ ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်မှုများကိုလည်း သမ္မတရုံးက မသိရှိ ကြောင်း ဧရာဝတီသတင်းဌာနသို့ ထုတ်ဖော် ပြောဆိုလိုက်ရာ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်ဦးရဲထွဋ်၏ ပြောကြားချက်နှင့် များစွာ ကွဲလွဲလျက်ရှိသည်။
နိုင်ငံခြား သတင်းထောက်များကို ပြည်ဝင်ခွင့် ကန့်သတ်လိုက်ခြင်းသည် သမ္မတ ဦးသိန်းစိန်ကတိပြုထားသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် များစွာ သော ဆိုးကျိုးများ သက်ရောက်စေမည်ဖြစ်ပြီး နိုင်ငံတွင် ဒီမိုကရေစီနှင့်ထိုက်တန်သော မီဒီယာလွတ်လပ်ခွင့် မရှိသေးသည်ကို ဖွင့်လှစ် ပြသရာရောက်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် သတင်းစာဆရာ ဦးမြင့်ကျော်က ဧရာဝတီသို့ ပြောသည်။
ဧရာဝတီသတင်းဌာနမှ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ဦးကျော်စွာမိုးကမူ “ နိုင်ငံခြား သတင်းထောက်တွေနဲ့ ပတ်သက်ပြီး အစိုးရမှာ တိကျတဲ့မူဝါဒ မရှိဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတောင် ဂျာနယ်လစ် ဗီဇာက တနှစ် လောက်ရတယ်။ သူတို့မှာ ရှင်းလင်းတဲ့ မူဝါဒတွေ ရှိတယ်။ ကျနော်တို့ဆီမှာ ဘာလို့ ဒီလောက်လေး တောင် မလုပ်ပေးနိုင်တာလဲ” ဟု ပြောသည်။
အစိုးရ၏ ထုတ်ပြန်ကြေညာခြင်းမပြုသော ပြည်ဝင်ခွင့်ဗီဇာ အပြောင်းအလဲကြောင့် နိုင်ငံခြား သတင်းထောက် များ၏ လုပ်ငန်းဆောင်ရွက်မှု များကို ထိခိုက်စေပြီး မလိုအပ်ဘဲ အချိန်ကုန်ခြင်း၊ လုပ်ငန်း ကြန့်ကြာမှုများ တွေ့ကြုံနေရပြီး နိုင်ငံခြားသတင်းထောက်အများစု သတင်းရယူရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ ယခု ပြည်ဝင်ခွင့်ဗီဇာ အပြောင်းအလဲသည် ဦးရဲထွဋ်တဦးတည်းက ဆောင်ရွက်နေခြင်း ဖြစ်သည်ဆိုသော သုံးသပ်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။
ဒီမိုကရက်တစ် မြန်မာ့အသံ(DVB)မှ ကိုတိုးဇော်လတ်ကလည်း “ ကျနော်က ပြည်တွင်းကနေ ဗီဇာလျှောက်လို့ ရမယ်ထင်လို့ သွားလျှောက်တာ REGULATION ပြောင်းသွားတယ် ဆိုပြီး ဗီဇာ ၂၈ ရက်ပဲ ရတော့တယ်။ ၃ လ လိုချင်ရင် အပြင်ထွက်ပြီးတော့ သွားလျှောက်လို့ ပြောတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကနိုင်ငံခြား သတင်းထောက်များကို ပြည်ဝင်ခွင့် ဗီဇာကန့်သတ်မှုသည် အစိုးရ၏ လုပ်ပိုင်ခွင့် ဖြစ်သည့်အတွက် ဖြေရှင်းမပေးနိုင်သော်လည်း မီဒီယာများက အချက်အလက်ဖြင့် ထောက်ပြလာပါက လွှတ်တော်တွင် မေးမြန်းဆွေးနွေးပေးသွားမည်ဟု ပြောသည်။
“ အစိုးရကလည်း သူ့လုပ်ပိုင်ခွင့် ဆိုတော့ လုပ်မှာပဲ။ ကျနော်တို့ကတော့ မီဒီယာတွေက အချက်အလက်နဲ့ တင်ပြလာရင် လွှတ်တော်မှာ ဆွေးနွေးမယ်။ တိုးရစ်ဗီဇာကို ခွင့်ပြုပြီး သတင်းထောက် ဗီဇာကို ပိတ်တာ ဆိုရင်တော့ ပြဿနာရှိတယ်။ ကျနော်ဆီကိုလည်း အချက်အလက်တွေ ပို့ပေးလို့ရတယ်။ တခုက ဒီမှာ အခြေမစိုက်နိုင် သေးတဲ့ မီဒီယာတွေကို ကန့်သတ်တာဟာ ဒီလူက လှစ်ကနဲ ဝင်လာပြီး လှစ်ကနဲ ပြန်ထွက် သွား ရင် သူတို့ မသိလိုက်မှာ ဆိုးလို့ ကန့်သတ်တာမျိုး ရှိနိုင်တယ်” ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။
အမေရိကန်ပြည်ထောင်စု အခြေစိုက် East-West Center က ၂၀၁၄ခုနှစ် မီဒီယာညီလာခံကို မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းညီလာခံကို နိုင်ငံခြား သတင်းထောက် ၂၀၀ ကျော် အထိ လာရောက်ရန် ရှိနေ သည့်အပြင်
အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံက ဦးဆောင်ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ လည်း သတင်းယူရန် နိုင်ငံတကာ သတင်းဌာနမြောက်မြားစွာ လာရောက်ကြမည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ပိတ်ပင်ခြင်းသည် နိုင်ငံခြားသတင်းထောက် အခက်အခဲဖြစ်စေရန် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်ခြင်းဟု ပြည်တွင်းပြည်ပ သတင်းမီဒီယာအသိုင်းအဝိုင်းက သုံးသပ်နေကြသည်။
ဦးရဲထွဋ်က East West Center ကပြုလုပ်မည့် မီဒီယာညီလာခံအတွက် တက်ရောက်မည့် သတင်းသမား အားလုံး ကို ပြည်ဝင်ခွင့်ဗီဇာရရှိရေး ထောက်ခံပေးမည် ဖြစ်ပြီး ဗီဇာထောက်ခံမှုကိုလည်း ကြန့်ကြာမှု မရှိအောင် ဆက်လက် ဆောင်ရွက် ပေးသွားမည် ဟု ပြောဆိုသည်။
ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF)၏ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ စာနယ်ဇင်း လွတ်လပ်ခွင့် တိုးတက်မှုသည် ယခင်၂၀၁၃ နှစ်က ထက် တုံ့နှေးသွားကြောင်း ဖော်ပြ ထားသည်။
မြန်မာအစိုးရသည် စာနယ်ဇင်းများ၏ ဝေဖန်ထောက်ပြမှုကို လက်ခံရန်နှင့် စာနယ်ဇင်းသမားများက ရာဇဝတ်မှု ဆိုင်ရာ ပုဒ်မများ အသုံးပြု၍ အရေးယူအပြစ်ပေးခြင်းကို ဖယ်ရှားပေးရန် အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့(HRW) က ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကြေညာချက်တရပ် ထုတ်ပြန် တောင်းဆို ထားသည်။