ပြည်တွင်း စာပေဟောပြောပွဲ တခု ရဲ့ ဟောပြောသူ စာရင်းမှာ ဗမာမွတ်ဆလင် နှစ်ယောက်ပါနေလို့ သူတို့ နှစ်ယောက် ကို ဟောပြောခွင့် မပြုနိုင်ဘူးဆိုပြီး သံဃာတော် တချို့ လာ တားတယ်၊ ဒီလို လူမျိုး၊ ဘာသာ အခြေပြု ခွဲခြားပြီး ကွက် တားတာကို လက်မခံနိုင်တဲ့ အခြား စာရေးဆရာ နှစ်ဦးကပါ ဟောပြောဖို့ ငြင်းဆန်ခဲ့တာကြောင့် နောက်ဆုံး ပွဲ မလုပ် ဖြစ်လိုက်ဘူး ဆိုတဲ့ သတင်း ၈၈ မျိုးဆက် တယောက် သူ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးတင်ထားတာ တွေ့ရတော့ စိတ်မကောင်း ဖြစ်ရတယ်။
ဟိုတရက်ကလည်း မိတ်ဆွေ အမျိုးသမီးငယ် တဦး အဆိုပါ ကန့်ကွက်ခံရသူ နှစ်ဦးထဲက တဦးနဲ့ စာပေဟောပြောပွဲ တခုမှာ ဓာတ်ပုံ တွဲ ရိုက်ထားတာကို သူ့ စာမျက်နှာမှာ တင်ထားတာ လူအများ ဝိုင်းဆဲကြ၊ မိသားစု ကလည်း ဖြုတ်ခိုင်း ဖြစ်လို့ ဟောပြောပွဲပါ အခြား စာရေးဆရာတွေနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေလည်း တင်ထားတာပဲ၊ ဒီတယောက်တည်းတော့ ကွက်မဖြုတ်နိုင်ဘူး ဆိုပြီး ဘယ်လိုပဲ တင်းခံ၊ တင်းခံ နောက်ဆုံး စိတ်အညစ် မခံနိုင်တာနဲ့ ဓာတ်ပုံ ပြန်ဖြုတ်ပစ်လိုက်ရကြောင်း ဆိုဖူးသေးတော့ ဒီပြဿနာ မသေးလှဘူးလို့ စဉ်းစားနေမိတယ်။
ဟောပြောမယ့်သူ နှစ်ဦး ကို ကန့်ကွက်လိုသူ သံဃာတော်များ အပါအဝင် အခြား မည်သူမဆိုဟာ သူတို့ နှစ်ဦးရဲ့ အလုပ်တွေ အပေါ်မူတည်ပြီး ကန့်ကွက်နိုင်တယ်၊ ဆန့်ကျင်လိုသူများရဲ့ တဦးချင်း ပညာ၊ အတွေးအခေါ်၊ အမြင် ရေချိန်အတိုင်း အဆိုပါ နှစ်ဦး ရဲ့ ရေးသား၊ ပြောဆိုမှုတွေကို ပြန်လည် ဝေဖန်၊ ပြစ်တင်နိုင်တယ်၊ ဒါပေမယ့် ဒီ နှစ်ဦးဟာ မွတ်ဆလင်တွေ ဖြစ်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ တားဆီး ပိတ်ပင်တာမျိုး လုံးဝ မလုပ်အပ်ပါ။
စာရေးသူ ရဲ့ ကိုယ်ပိုင် အမြင် ဆောင်းပါးများ အတွက်လည်း ထောက်ခံသူ၊ ကန့်ကွက်သူများ စာလှမ်းရေးကြတဲ့ အခါ အမေး အခံရဆုံး မေးခွန်းတခုက “ဘာ လူမျိုး၊ ဘာ ဘာသာ ပါလဲ” ဆိုတာပါပဲ။ “စာ ရဲ့ အကောင်း၊ အဆိုး နဲ့ မျှတမှု ကို သာ အဓိက စောကြော ဝေဖန် ပါ၊ စာရေးသူ ရဲ့ နောက်ခံ၊ ဇာတိ၊ ပုဂ္ဂလိက ဘဝ က အဓိက မကျ၊ စာပါ အာဘော် နဲ့လည်း လုံးဝ မသက်ဆိုင်ပါဘူး၊ စာတွေ ရေးခြင်းက ဘယ် ဘာသာ/လူမျိုး ဖြစ်နေလို့ ရေးခြင်း မဟုတ်၊ ‘ကမ္ဘာ’ နိုင်ငံသား၊ ‘လူ’ လူမျိုး တယောက် အနေနဲ့ သာ ကျနော့် စာတွေ ကို ရေးဖို့ အမြဲ ကြိုးစားပါတယ်” လို့ ပြန်ဖြေရလေ့ရှိတယ်။
လူမျိုး ဆိုတာ က သဘာဝ တရားရဲ့ ဖန်တီးချက်၊ မွေးရာပါ ပြဋ္ဌာန်းခံ၊ လူသားတဦး အတွက် ရွေးချယ်ခွင့် မရှိ။ ဘာသာတရား ဆိုတာကလည်း မိရိုးဖလာ သဘော မွေးဖွားကြီးပြင်းရာ မိသားစု အလိုက် ကိုးကွယ်ဆည်းကပ် ကြတာမျိုးက အများစု နဲ့ လူသားတဦး ရဲ့ ကိုယ် ယုံကြည်ရာကို လွတ်လပ်စွာ ရွေးချယ် ယုံကြည်ခွင့် ရှိတဲ့ ပုဂ္ဂလိက ဆန္ဒ၊ ရွေးချယ်မှု၊ တကိုယ်ရေ အခွင့်အရေးသာ ဖြစ်တယ်။ လူသားတဦးရဲ့ ကောင်းမြတ်ခြင်း၊ ယုတ်ညံ့ခြင်း ဟာ နောက်ခံ ဘာသာ-လူမျိုး အပေါ်မှာ မတည်၊ အလုပ် အပေါ်မှာသာ တည်မှီတယ်။ ဒီအလုပ် အပေါ်မှာသာ အခြေပြုပြီး ပုဂ္ဂိုလ် တဦး၊ တယောက် ကို လေးစားကြည်ညို အားကျခြင်း၊ ထောက်ခံခြင်း၊ ဆန့်ကျင်ခြင်း ပြုလုပ်အပ်တယ်။
စိုင်းခမ်းလိတ် ကို ကြည်ညိုခြင်းဟာ ရှမ်းဖြစ်လို့ မဟုတ်၊ ဆရာဝန် ဖြစ်လို့ မဟုတ်၊ ကိုနေဝင်း ကို လေးစားခြင်း က မြန်မာ ဖြစ်လို့ မဟုတ်၊ ကိုရဲလွင် ကို ကြည်ညိုခြင်း က သူ ခရစ်ယာန် ကနေ ဗုဒ္ဓ ဘာသာ ကူးပြောင်းလာခဲ့လို့ မဟုတ်၊ ဆလိုင်းသွှအောင် ကို လေးစားအားကျ ခြင်း ဟာ ချင်း-ခရစ်ယာန် ဖြစ်နေလို့ မဟုတ်၊ ခင်ဝမ်း ကို လွမ်းဆွတ် တမ်းတ တသသ ဖြစ်ရေခြင်းက သူ ဂျပန်ကပြား ဖြစ်လို့ မဟုတ်၊ သူတို့ရဲ့ ဂီတ၊ အနုပညာ ကြောင့်သာ ဖြစ်တယ်။ အလားတူပဲ ဗိုလ်ချုပ်အောင်ဆန်း ကို လေးစားခြင်းဟာ မြန်မာ-ဗုဒ္ဓ ဖြစ်လို့ မဟုတ်၊ ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ကို အားကျ ခြင်းဟာ ကိုလိုနီ နယ်ချဲ့စနစ် ကို ဆန့်ကျင်ခဲ့သူ၊ စစ်အာဏာရှင် စနစ်ကို တသက်လုံး ဒူးမထောက်၊ လက်မမြှောက်ခဲ့သူ ကွန်မြူနစ်၊ တော်လှန်ရေးသမားကြီး ဖြစ်ခဲ့လို့ ဆိုတဲ့ အချက်ကြောင့်သာ ဖြစ်ပြီး ဗမာ-မွတ်ဆလင် ဖြစ်ခြင်းကြောင့် မဟုတ်ပါ။
ဆိုခဲ့တဲ့ သတင်းဖြစ်စဉ်ပါ စာပေဟောပြောပွဲ က ပြည်ထောင်စုနေ့ အထိမ်းအမှတ် လုပ်တဲ့ ပွဲဆိုတာ သိရလို့ ပို ဝမ်းနည်းမိတယ်။ တကယ်တော့ ဒီ ပြည်ထောင်စုကြီး ကို တည်ဆောက်ခဲ့တဲ့ အထဲ ဗမာပြည် မှာ ဘိုးစဉ်ဘောင်ဆက် ရွှေ့ပြောင်းအခြေချ နေထိုင်လာခဲ့သူ ဗမာမွတ်ဆလင်တွေလည်း အခြား ဌာနေတိုင်းရင်းသားများနည်းတူ ပါဝင်ခဲ့တယ်။ (စကားချပ် – ပြည်ထောင်စုကြီးကို ဖျက်ဆီးခဲ့ကြသူများထဲမှာတော့ လူနည်းစု အုပ်စုဝင်များထက် လူများစု အုပ်စုဝင် စစ်ဗိုလ်ချုပ်ကြီးများက ပိုတယ်။)
ရှေး ပဒေသရာဇ်ခေတ် မြန်မာမင်းများ လက်ထက်ကတည်းက ဗမာ-မွတ်ဆလင်များဟာ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတွေ အဖြစ် သစ္စာ စောင့်သိ မင်းမှူထမ်းခဲ့ကြတယ်။ ကုန်သည်၊ စီးပွားပြုခြင်းဖြင့်လည်း တိုင်းပြည်ဓနကို ဖြည့်ဆည်းခဲ့တယ်။ အမျိုးသားရေး လှုပ်ရှားမှု သမိုင်းမှာလည်း ဗမာ့ လွတ်လပ်ရေး မျိုးစေ့ချရာ အစ ပထမ ကျောင်းသား သပိတ် ကနေ နောက်ဆုံး အာဇာနည် စာရင်းဝင်၊ လွတ်လပ်ရေး မော်ကွန်းဝင် အထိ ဗမာ-မွတ်ဆလင် များ အပါအဝင် လူမျိုးစုံ၊ ဘာသာစုံ ပါဝင်ခဲ့တယ်။ ရွှေတိဂုံ ဘုရားပေါ် တက်ကြည့်၊ ပထမ သပိတ် စတင်ခဲ့တဲ့ သပိတ်မှောက် ကျောင်းသားခေါင်းဆောင် တွေရဲ့ နာမည် ကမ္ပည်း တင်ထားတယ်။ ဌာနေတိုင်းရင်းသားလို့ လူအများ သုံးစွဲကြတဲ့ လူမျိုးစု မျိုးစုံ အပြင် လူမျိုးခြား၊ ဘာသာကွဲများ အားလုံး ပါဝင်ခဲ့တယ်။ မင်းယုဝေ ပြုစုတဲ့ ဗမာ့ စွန့်ဦးတီထွင် ဆန်းသစ်သူ များ အကြောင်း “ပထမ မြန်မာများ (၁၉၆၈)” စာအုပ်ပါ ပုဂ္ဂိုလ် လူစာရင်း ကို ကြည့်၊ လူနည်းစု လူမျိုးစု၊ ဘာသာဝင် တွေလည်း ပါတာပါပဲ။
စာရေးသူ ဟာ ထင်ရှားကျော်ကြား တိုင်းကျိုး ပြည်ပြုသူများထဲက ဘာသာကွဲ၊ လူမျိုးခြား ပုဂ္ဂိုလ်ကြီးတွေရဲ့ နာမည်ဖော်ပြပြီး သူက အိန္ဒိယ အနွယ်၊ သူက တရုတ် အနွယ်၊ သူကတော့ ဒို့ ဗမာ-မွတ်ဆလင်ကြီး၊ သူက ဒို့ဗမာ-ခရစ်ယာန်ကြီး၊ သူကတော့ ကရင်-ခရစ်ယာန်ပဲ စသဖြင့် နောက်ခံ လူမျိုး/ဘာသာ ဇောင်းပေး ဆိုရတဲ့ အလုပ်ကို သိပ်မုန်းတယ်။ ဆိုခဲ့သလိုပဲ တော်ခြင်း၊ မတော်ခြင်း၊ ကောင်းခြင်း၊ မကောင်းခြင်း ဟာ ဇာတိ နောက်ခံ၊ လူမျိုး၊ ဘာသာ၊ လူမှု အလွှာ၊ အတန်းပညာ ဘာနဲ့ မှ မသက်ဆိုင်ပါ။ လူ့လောက စည်ပင်ရှင်သန် တိုးတက်အောင် စွမ်းဆောင်ကြရာမှာ လူစွမ်းကောင်း Genius တွေ ရဲ့ အခန်း ကဏ္ဍ က အရေးပါတာ မှန်ပေသိ တကယ့် နေ့စဉ် လူမှုဘဝ လူ့ အသိုင်းအဝန်း ကို တည်ဆောက်နေသူတွေက သာမန် လူသား Average Person မထင်မရှား Commoners တွေဖြစ်တယ် လို့ အပြည့်အဝ ယုံကြည်တယ်။ ဒါပေမယ့် လူအများ အလွယ်တကူ အသိအမှတ်ပြုမှု ရဖို့ရာ အတွက်တော့ နာမည်ကြီးတွေရဲ့ နာမည် နဲ့ နောက်ခံကို ဥပမာပြု ဖော်ပြနေရဆဲပါပဲ။
ဟောပြောမယ့်သူ စာရေးဆရာ နှစ်ဦးက အစ္စလာမ် ဘာသာကိုးကွယ်သူ ဖြစ်လို့ အခု ကန့်ကွက်တယ် ဆိုတော့ ကုန်းဘောင်ခေတ် မြန်မာ ဘုရင်များ ရဲ့ စာဆိုတော် ဘွဲ့ချီးမြှင့်ခံရတဲ့ ရွှေဘိုသား အညာသားကြီး ဦးနု (ခေါ်) မုဟမ္မဒ်ကာစင် (၁၇၆၆-၁၈၂၂) ရဲ့ သမိုင်းကို ဘယ်လို လုပ်မလဲ။ ဗမာဘုရင် ရဲ့ ကိုယ်စားလှယ်တော် အနေနဲ့ သူ သွားခဲ့တဲ့ နိုင်ငံရပ်ခြား ခရီးစဉ် ကို ဘင်္ဂလားသွားမှတ်တမ်း (၁၈၀၅) အဖြစ် မှတ်တမ်းတင် ပြုစုခဲ့တာဟာ မြန်မာစာပေ မှာ အစောဆုံး နိုင်ငံခြား ခရီးသွား စာပေ စာရင်းဝင်တယ် မဟုတ်လား။
အာရေဗျ တစ်ထောင့်တစ်ည ပုံပြင် တွေကို ဘာသာပြန် မြန်မာမှု ပြုခဲ့တဲ့ ဒေါက်တာ ဘိုးသာဇံ (အဗ္ဗဒူရာမန်) (၁၈၇၀-၁၉၁၆) ရဲ့ လွန်ခဲ့တဲ့ နှစ်တရာ က မြန်မာစာ အရေးအသား ဟာ မြန်မာမှုမြောက်၊ တန်ဖိုးရှိတဲ့ မြန်မာစာ အရေးအသားတွေ ဖြစ်ကြောင်း မြန်မာ စာပေ ပညာရှင်များ အသိအမှတ် ပြုနေရတယ် မဟုတ်လား။ ခေတ် အဆက်ဆက်လည်း ဗမာ-မွတ်ဆလင် စာရေးဆရာများ အများအပြား ပေါ်ထွန်းခဲ့တာပဲ မဟုတ်လား။ နောက်ဆုံး ဗမာနိုင်ငံကျောင်းသားလှုပ်ရှားမှု သမိုင်း ပြုစုခဲ့သူ ကိုအောင်ထွန်းက မွတ်ဆလင်ပဲ မဟုတ်လား။ သူ့ခမျာ ဒီစာအုပ်ရေးခဲ့လို့ စစ်အစိုးရရဲ့ ထောင်သွင်း အကျဉ်းချခြင်းတောင် ခံခဲ့ရသေးတယ် မဟုတ်လား။
အားကစား၊ စာပေ အနု-အကြမ်း ရတဲ့ ဦးရာဇတ် ရဲ့ အမျိုးသားကျောင်းထွက် အိုလံပစ်ပြန် ဗမာ့ဂုဏ်ဆောင် လက်ဝှေ့ကျော် မန္တလေး အညာသားကြီး ကျားဘညိမ်း/ဦးဘညိမ်း (၁၉၂၃ ဖွား) က ဗမာ-မွတ်ဆလင် ပဲ မဟုတ်လား။ သူ့ညီ စာရေးဆရာ ချစ်ညို/ဦးဘသိန်း (၁၉၂၄-၁၉၈၇)။ သူ့မျိုးဆက် အကြီးဆုံးသား (ဦး) ဝင်းငြိမ်း ဆိုရင် မျက်မှောက် စာပေလောက မှာ လူလေးစား၊ ကြည်ညိုမှုခံရတဲ့ ထိပ်တန်း စာနယ်ဇင်းသမား တယောက် ပဲ မဟုတ်လား။ စစ်ဗိုလ်၊ စာရေးဆရာ နောက်ပိုင်း စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး မှာ ဒေါ်အောင်ဆန်းစုကြည် နောက်က အနီးကပ် ရပ်ခဲ့ လို့ အင်းစိန်မှာ ထောင်ကျရင်း ဆုံးပါးခဲ့ရတဲ့ ရွှေဘို အညာသား ဗမာ-မွတ်ဆလင် မောင်သော်က / ဗိုလ်မှူး ဘသော် (၁၉၂၈-၁၉၉၁) တယောက် ဘယ်လောက် မြန်မာဆန်ဆန် ပြောဆို၊ ရေးသား၊ နေထိုင်ခဲ့ကြောင်း လူအများ အသိအမှတ်ပြုခဲ့ရတယ် မဟုတ်လား။
ဒို့ဗမာ ဆရာကြီး သခင်ဘသောင်း (၁၉၀၁-၁၉၈၁) က မြန်မာစာပေ ဘာသာပြန်ကဏ္ဍ ဆွေးနွေးပွဲ တခုမှာ “မြန်မာစာ နာမ်စား အသုံးတွေ များလွန်တယ်၊ အင်္ဂလိပ်စာမှာဆို “You, I” နှစ်လုံးတည်းနဲ့ ကိစ္စပြတ်တယ်၊ ချင်းဖဝေး ဇာတ်ထုပ် ပါ မြန်မာစာ အဖွဲ့ “ယာတော အလယ်မှာလေ … ‘ငါ’ ပြောမယ် ရွှေရှင်ဘုရားရဲ့၊ ‘နင်’ ဆင်ခြင်ဦး” ဆိုတဲ့ အဖွဲ့မျိုး ဆို ဘယ်လောက် လှ၊ ရသမြောက်သလဲ တကယ်တော့ မြန်မာစာ မှာလည်း “နင် နဲ့ ငါ” နှစ်လုံးတည်း နဲ့ ကိစ္စပြီးသင့်တယ်” ဆိုတဲ့ သဘော စာတမ်းတင်တော့ ဒို့ဗမာ-မွတ်ဆလင် မောင်သော်က က မြန်မာစာပေ၊ မြန်မာစကား က အသုံးအနှုန်း ကြွယ်ဝတယ်၊ ကာလံ၊ ဒေသံ၊ လူ ပုဂ္ဂိုလ် အလိုက် သင့်လျော်ရာ ကျွန်တော်၊ ကျွန်မ၊ နင်၊ ငါ၊ ဘုရား၊ တပည့်တော် အသုံးတွေ ရှိအပ်တယ်ဆိုပြီး ဆရာကြီးရဲ့ အဆိုကို ကို ပြန်လည် ချေဖျက်ရာမှာ “ ကဲ.. ဆရာကြီး သခင် ဘသောင်း ရေ..၊ ‘ငါ’ ပြောစရာ ရှိတာကတော့ ဒါပါပဲ၊ ‘နင်’ ကတော့ ဘယ်လို သဘောလဲ မသိဘူး၊ ‘ငါ’ ကတော့ ‘နင့်’ စာတမ်းကို အပြည့်အစုံ မထောက်ခံနိုင်ပါဘူး ခင်ဗျာ..” လို့ ချက်ကျ၊ လက်ကျ အရွှန်းဖောက် ပြန်ဆိုတော့ သခင်ဘသောင်း ကိုယ်တိုင် အပါအဝင် အခြား တက်ရောက်သူ ဦးလူဖေဝင်း၊ ဒေါက်တာမောင်ဖြူး၊ ဇော်ဂျီ၊ မင်းသုဝဏ် အစရှိတဲ့ မြန်မာ စာပေ ပညာရှင်များ ပွဲကျ သွားဖူးခဲ့တဲ့ ဖြစ်ရပ်ကို ကြည့်ရင်ကိုပဲ သူ့ ရဲ့ အခြား နိုင်ငံ့အကျိုး စွမ်းဆောင်ချက်တွေ ဖယ်ထား၊ မြန်မာစာပေ၊ မြန်မာစကား၊ မြန်မာမှု အပေါ် မောင်သော်က ဘယ်လောက် ခုံမင် ချစ်မြတ်နိုးကြောင်း ပေါ်လွင်တယ်။
ဗမာ သမိုင်းပညာရှင်များ ဖြစ်တဲ့ မြန်မာ-ဗုဒ္ဓ ဒေါက်တာ သန်းထွန်း နဲ့ ဗမာ-မွတ်ဆလင် ဗိုလ်မှူးဘရှင် တို့ နှစ်ဦး ဘယ်သူက ဗမာ အမျိုးသားရေး အမြင် ပိုရှိ၊ ပိုဆန်တဲ့ အရေးအသား၊ တင်ပြမှု ရှိသလဲ ဆိုတာ သူတို့ နှစ်ဦးရဲ့ သမိုင်းစာအုပ် တွေကို ယှဉ်ဖတ်ကြည့်ပါ။
အခြား တိုင်းပြည်ရဲ့ ကဏ္ဍ အသီးသီမှာလည်း စွမ်းဆောင်နေ၊ စွမ်းဆောင်ခဲ့တဲ့ ဗမာ-မွတ်ဆလင်တွေ အများကြီးပဲမဟုတ်လား။ လူအများ သိတဲ့ ဦးရာဇတ် (အာဇာနည် / အမျိုးသား ကျောင်းအုပ်ကြီး)၊ ဦးရာရှစ် (ဗကသ ပထမဆုံး ဥက္ကဋ္ဌ / နိုင်ငံရေးသမား / ဝန်ကြီးဟောင်း) က စလို့ ဦးထွန်းစိန် (တကသ ပထမဆုံး ဥက္ကဋ္ဌ)၊ ဦးဖေခင် (တောင်တန်း-ပြည်မ အတူတကွ လွတ်လပ်ရေး ယူရန် ဆော်သြခဲ့သူ၊ ပင်လုံစာချုပ် ဖြစ်ပေါ်ရေး ဝိုင်းဝန်းခဲ့သူများထဲက တဦး / နောင် သံအမတ်)၊ လူမှုရေး စွမ်းဆောင်ရှင် ပျဉ်းမနား ဒေါ်ပု ဟာဂျီမကြီး အလယ်၊ လက်ရှိ ဗမာ့ဘောလုံးလက်ရွေးစင် အဆင့် ကစားသမား ငယ် အဆုံး တိုင်းပြည်ရဲ့ နယ်ပယ်အသီးသီးမှာ ဗမာ-မွတ်ဆလင်တွေ ကျရာ တာဝန်ထမ်း၊ နိုင်ငံ့အကျိုးပြုခဲ့၊ ပြုနေကြတယ် မဟုတ်လား။ မိထ္တီလာ မှာ အသတ်ခံခဲ့ရတဲ့ ဗမာ-မွတ်ဆလင် လူငယ်ကလေးက ဘောလုံး တော်ကြောင်း၊ မြို့နယ်လက်ရွေးစင် ဖြစ်ကြောင်း မိခင် က ငိုကြီးချက်မ နဲ့ ဆိုတဲ့ စာနယ်ဇင်းမေးမြန်းခန်း ရုပ်သံ ကြည့်ရတုန်းကတောင် “ဒီကလေး ကြီးလာရင် ဗဟာဒူး ဖြစ်မလာဘူးလို့ ဘယ်သူ ဆိုနိုင်မလဲ..” လို့ တွေးမိခဲ့သေးတယ်။ အခုလို နာမည်တွေတပ် လူမျိုး/ဘာသာ တွေထည့် ပြောရတာ အကောင်း ပြောသိတိုင် ဆိုခဲ့သလို မပြောချင်၊ စာရေးသူ ရဲ့ မူနဲ့ မကိုက်၊ လိပ်ပြာမသန့်လှဘူး။ ဒါပေမယ့် ရေးလက်စ နဲ့ လက်လှမ်းမမီသူ လူငယ်များ နားဝင်လွယ်စေဖို့ အခြား လူနည်းစု အုပ်စုဝင် တချို့ နာမည်ပါ တဆက်တည်း အနည်းငယ် ဖော်ပြလိုတယ်။
အင်္ဂလိပ်-မြန်မာ အဘိဓာန် ဆရာကြီး စာတော်ပြန် ဦးထွန်းငြိမ်း ဆိုရင် ခရစ်ယာန်၊ သူ့တူ ခေတ်စမ်း မြန်မာစာပေ ဖခင်ကြီး၊ ဗုဒ္ဓ တရား၊ စာပေ အများအပြား ကို ပါဠိကနေ အင်္ဂလိပ် ပြန်ပေးခဲ့သူ ပါမောက္ခ ဦးဖေမောင်တင် (၁၈၈၈-၁၉၇၃) က ခရစ်ယာန်၊ ဦးဖေမောင်တင် ယောက်ဖ အင်္ဂလိပ် အစစ်ကြီး ပါမောက္ခ G. H. Luce (၁၈၈၉-၁၉၇၉) ဆိုရင်လည်း ဗမာ့ သမိုင်း နဲ့ မြန်မာစာပေ အတွက် ကြီးစွာသော ကျေးဇူးပြုခဲ့သူ၊ ဒေါက်တာ မောင်ဖြူး (ဂွမ်လျောင်) (၁၉၀၅-၁၉၇၉) က တရုတ် အနွယ် (သူ ဆိုရင် အခြား စာပေ ဂုဏ်ကျေးဇူး၊ ပညာတွေ ကို အသာထား ကလေးစာပေ၊ ကလေး ကဗျာ ကဏ္ဍ တခုတည်း နဲ့ကို မြန်မာစာပေ အတွက် ကြီးမားတဲ့ ပံ့ပိုးမှု ပြုခဲ့သူ)၊ လန်ဒန် တက္ကသိုလ် မှာ မြန်မာစာပေ ကို နှစ်ပေါင်းများစွာ ပါမောက္ခလုပ် သင်ကြားပေးခဲ့သူ ဒေါက်တာလှဖေ ဆိုလည်း တရုတ် လူမျိုး၊ အခြား ထင်ရှားတဲ့ မြန်မာစာ ပါမောက္ခ တချို့လည်း တရုတ် အမျိုးသားတွေပါပဲ၊ ဥပမာ – ဦးမောင်မောင်ကြီး။ စသည်ဖြင့်.. စသည်ဖြင့် ရှိသမျှ ချရေးရင် မဆုံးနိုင်တဲ့ နာမည်စာရင်းတွေ ထွက်လာပါမယ်။
ဆိုချင်တာက ‘အရေး’ မဟုတ်တာကို ‘အရာ’ မလုပ်ချင်ကြပါနဲ့လို့ မေတ္တာရပ်ခံ လိုတာပါ။ ဘယ်လူမျိုး၊ ဘာ ဘာသာဝင် ဖြစ်ဖြစ် ကောင်းသူ၊ ဆိုးသူ၊ တော်သူ၊ ညံ့သူ၊ မြင့်မြတ်သူ၊ ယုတ်သူ၊ သာမန် လူသား အမျိုးမျိုး ရှိကြတာပါပဲ။ ဒီလူကတော့ ဘာသာကွဲမို့၊ ဒီလူကတော့ ရွှေ့ပြောင်းအခြေချနေထိုင်ခဲ့သူ (Immigrants/Migrants) တွေ ရဲ့ အဆက် နိုင်ငံခြားသား အနွယ်မို့ ခွဲခြားမြင် ပြုမူ ဆက်ဆံခြင်း ဟာ အင်မတန် သဘောထား အမြင် ကျဉ်းမြောင်း၊ သေးသိမ်ရာ ကျတဲ့ အပြင် တိုင်းပြည်ရဲ့ တည်ငြိမ် ငြိမ်းချမ်းမှုကိုလည်း အနှောင့်အယှက် ဖြစ်၊ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ယုတ်လျော့စေပါတယ်။
Immigrants ရဲ့ သဘော၊ ရာဇဝင် ကို ပြန်လှန်ရရင် လူသားဆိုတာ ယဉ်ကျေးမှု စတင် ဖြစ်ပေါ်တည်ရှိချိန် မတိုင်မီ ကတည်းက တနေရာကနေ တနေရာ ရွှေ့ပြောင်း သွားလာ နေထိုင် အခြေချ ဝမ်းစာ ရှာ ဘဝလမ်းကြောင်းကြတယ် ဆိုတာ သဘာဝ အစဉ်အလာ ပါ။ အဲ့ဒီအချိန်တွေတုန်းကတော့ သဘာဝ ဘေးအန္တရာယ် များ ကင်းလွတ်ရာ၊ အပူ၊ အအေး ဒဏ်ခံသာရာ၊ တောရိုင်း တိရစ္ဆာန်ကြီးများရန် ဝေးရာ၊ အစာရေစာ ပေါများရာ ကို ရှာကြ၊ ပြောင်းရ၊ ရွှေ့ရတာပေါ့။ ဒီ သဘော ကို အကောင်းဆုံး ပုံဖော်တဲ့ မြန်မာစကားလုံးလေးက “ရေကြည်ရာ မြက်နုရာရှာခြင်း” ဆိုတဲ့ အသုံးပါပဲ။
စာရေးသူ လက်ရှိ ခေတ္တ ရောက်နေတဲ့ နိုင်ငံမှာ ဥရောပ က လာတဲ့ သူတွေ၊ အထူးသဖြင့် အလုပ်-အပန်းဖြေ ပြည်ဝင်ခွင့် လက်မှတ်နဲ့ ရေကြည်ရာ၊ မြက်နုရာကို လာရောက် အလုပ်အကိုင် ရှာဖွေ ဒီမှာ အခြေချ နေထိုင်ဖို့ ကြိုးစားကြတဲ့ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ လူငယ်လေးတွေ နဲ့ တွေ့ဆုံ စကားပြောဖြစ်တိုင်း ရွှေ့ပြောင်းနေထိုင်မှု Immigration အကြောင်းတွေ ဆွေးနွေးဖြစ်တယ်။
“မင်းတို့ ဒီကို ဒီလို လာရခြင်းက မင်းတို့ နိုင်ငံတွေမှာ ကမ္ဘာ့ အနှံ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက Immigrants တွေ ကို အများအပြား လက်ခံထားခြင်းက အကြောင်း တချက် ပဲ ဆိုတာ ငါ နားလည်တယ်၊ ဒါပေမယ့် အဓိက အကြောင်းတော့ မဟုတ်ဘူး၊ တခြား အကြောင်းကြီးတွေ အများကြီး ရှိတယ်၊ Immigrants တွေက ပေးတဲ့ အကျိုးကျေးဇူးတွေလည်း မင်းတို့ အများကြီး ရခဲ့၊ ရနေတယ်၊ ငါတော့ လူမည်း၊ လူညို၊ လူဖြူ၊ ခရစ်ယာန်၊ မွတ်ဆလင် အရောင်အသွေး စုံလင်လှတဲ့ မင်းတို့ နိုင်ငံ့လက်ရွေးစင် ဘောလုံးအသင်းတွေကို ကြည့်ရတာ တခုတည်းနဲ့တင် သိပ် အားကျ ကျေနပ်မိတယ်၊ မတူကွဲပြားခြင်း က ပေးတဲ့ အကျိုး ရလဒ်၊ စည်းလုံးခြင်း သဘောထား၊ အလှတရား တွေကို မျက်ဝါးထင်ထင် မြင်ရတော့ ပီတိ ဖြစ်ရတယ်” လို့ ဆိုရင် အဆိုပါ လူငယ်များ အပြည့်အဝ ထောက်ခံကြတယ်။
ဒုတိယ ကမ္ဘာ စစ်အပြီး အမေရိကန် Super Power နိုင်ငံကြီး ဖြစ်သွားရခြင်း အကြောင်းရင်းတခု ဟာ ကမ္ဘာ့ အရပ်ရပ်က လာတဲ့ Immigrants တွေရဲ့ ကာယ ဉာဏ လုပ်အားကြောင့်ဆိုတာ သမိုင်းသက်သေ ထင်ရှားတဲ့ အချက်ကြီး ဖြစ်တယ်။ အခု အမေရိကန် ရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှု ပြဿနာ က သူတို့ရဲ့ နိုင်ငံခြားရေး၊ စီးပွားရေး မူဝါဒ အမှားတွေရဲ့ ရလဒ် က အဓိက ပါ။ သူတို့ရဲ့ အတွေးအခေါ် ပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံ၊ အယူဝါဒ စုံ ရှင်သန်ကြီးထွားခွင့်ပေးတဲ့ ဗဟုဝါဒ ရဲ့ ဘေးထွက်ဆိုးကျိုးဆိုတာ လုံးဝ မဟုတ်ပါ။ အမေရိကန်ဟာ အကြမ်းဖက်မှုနှိမ်နင်းရေး ခေါင်းစဉ်အောက်မှာ မတရားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကမ္ဘာပတ် ကျူးလွန်ကောင်း၊ ကျူးလွန်မယ်၊ ဒါပေမယ့် နိုင်ငံသား နဲ့ ရွေ့ပြောင်းအခြေချနေထိုင်သူ နိုင်ငံခြားသားတွေ အတွက်တော့ တပြေးညီ မျှတတဲ့ စနစ်အဖွဲ့အစည်းကောင်း တခု ကို နိုင်ငံ့ အကျိုးမျှော် ဖန်တီးပေးထားတယ်။
Silicon Valley လို့ အမည်တွင်နေတဲ့ အမေရိကား က မြောက်ပိုင်း ကယ်လီဖိုနီးယား ဒေသ ဆန်ဖရန်စ္စကို ပင်လယ်အော် တောင်ပိုင်း အဆင်မြင့် အိုင်တီ နည်းပညာ လုပ်ငန်းစုကြီးများ အခြေချရာ ရပ်ဝန်းမှာ ဗမာ အပါအဝင် အိန္ဒိယ၊ တရုတ်၊ ထိုင်ဝမ် အစရှိတဲ့ အာရှ နိုင်ငံအများအပြား ကနေ လာရောက် ရွှေ့ပြောင်းအခြေချ အလုပ်လုပ်နေသူ ပညာတတ် ဉာဏ လုပ်သားများ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အစွမ်း နဲ့ စည်ပင်တိုးတက် ကမ္ဘာကို နည်းပညာ လွှမ်းမိုးနေနိုင်တယ်။ အဲ့ဒီ အရပ်က Hi-Tech အဆင့်မြင့် နည်းပညာ ကုမ္ပဏီတွေမှာ အိန္ဒိယ အနွယ် တခုတည်းကကို ခေါင်းဆောင်မှု ရာထူးပိုင်း ယူထားနိုင်မှုက (၇) ရာခိုင်နှုံး ရှိပြီး၊ အလုပ်လုပ်နေသူ အင်ဂျင်နီယာ အရေအတွက် က သုံးပုံတပုံ ရှိတယ်လို့ ကယ်လီဖိုးနီးယား ဘာကလေ တက္ကသိုလ် က လုပ်တဲ့ စစ်တမ်း တခု က ဆိုတယ်။ အခု လတ်တလောတင် အိန္ဒိယနိုင်ငံဖွား Immigrant တယောက် ကို Microsoft ရဲ့ အမြင့်ဆုံး CEO ရာထူး ပေးလိုက်သေးတယ်။
မျက်မှောက်ခေတ် အမေရိကန် စီးပွားရေး ကျဆင်းနေသည့် အချိန်တိုင် ကမ္ဘာ အနှံ့က ပညာတတ် လူငယ်များ ရဲ့ ရွှေ့ပြောင်းအခြေချ နေထိုင် ဘဝတည်ထောင်လိုမှု အိပ်မက် နိုင်ငံဟာ အမေရိကားမှ အမေရိကား ပဲ ဖြစ်နေသေးတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ ဦးနှောင်ယိုစီးမှုတို့၊ ဆုံးရှုံးမှု တို့ လာမပြောချင်နဲ့။ လိမ္မာပါးနပ် အမြင်ကျယ်တဲ့ တိုင်းပြည်ကတော့ ကိုယ့် နိုင်ငံ အကျိုး ရှိရာ ရှိကြောင်း စီမံဆောင်ရွက်၊ “ရေကြည်အောင် မြက်နုအောင်” သမမျှတတဲ့ ရာသီဥတု တခု ဖန်တီးထားမှာပဲ။
မိုက်မဲရူးသွပ် ခေတ်နောက်ပြန်ဆွဲ၊ အဝီစိ ဆင်းချင်နေတဲ့ တိုင်းပြည်ကတော့ ရှိပြီး လူ့ အရင်းအမြစ်ကိုတောင် တိုင်းပြည် က ထွက်ပြေးချင်အောင် ခက်ထန်ကြမ်းတမ်း၊ မမျှတတဲ့ စနစ်အဖွဲ့အစည်း ဖန်တီးတတ်တယ်။ ဒီလို လုပ်ခဲ့လို့လည်း စစ်အာဏာရှင်စနစ်ဆိုး ခေတ်တလျှောက် ဗမာပြည် က လူနည်းစု အုပ်စု အစုစု သာမက လူအများစု မြန်မာတွေပါ အမြောက်အမြား တိုင်းပြည်ကို စွန့်ခွာခဲ့ရတယ် မဟုတ်လား။ လွန်ခဲ့တဲ့ နှစ် (၅၀) ကျော် အတွင်း တိုင်းပြည် ရဲ့ အဓိက ပြည်ပပို့ကုန် ဟာ စပါး မဟုတ်၊ ရေနံ/သဘာဝဓာတ်ငွေ့မဟုတ်၊ သယံဇာတ တွင်းထွက် ပစ္စည်းမဟုတ်၊ လူသား အရင်းအမြစ် သာ ဖြစ်တယ်။ အပေါဆုံး ထုတ်ကုန်က စစ်ဘေး ဒုက္ခသည်။ လူမျိုးစုံ၊ ဘာသာစုံ ဟာ စနစ်ဆိုး၊ လူဆိုးတွေရဲ့ ဝမ်းဖောက်ခြင်းခံထားရတဲ့ လှေပျက်ကြီးကနေ ပုံစံမျိုးစုံနဲ့ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရတယ်။ CIA Factbook ၂၀၁၃ ခန့်မှန်းချက် အရ ဆို လက်ရှိ အချိန်တိုင်လည်း တိုင်းပြည် က ထွက်ခွာသူ နဲ့ အခြေချ နေထိုင်သူ ကွာခြားချက် Net Migration Rate က အနုတ် လက္ခဏာ ပြနေဆဲ ဖြစ်တယ်။ ဒီလို တိုင်းပြည်ရဲ့ အဖိုးအထိုက်တန်ဆုံး အရင်းအမြစ် ‘လူသား’ ကို အမြောက်အမြား ရာစုဝက်ချီ ဆုံးရှုံးခဲ့ရတဲ့ တိုင်းပြည်မျိုး ဒေသတွင်းမှာ ဓားမနောက်ပိတ်ခွေး ဘဝ မျက်နှာငယ်ရ၊ နာလန်မထူနိုင် ဖြစ်ရတာ အဆန်း မဟုတ်ဘူး။
နိဂုံးချုပ်ရရင် ဗမာပြည်ဟာ ရေကြည်ရာ မြက်နုရာ ဖြစ်ခဲ့စဉ် တခါက နိုင်ငံခြားသား အများအပြား လာရောက် အခြေချ နေထိုင်ခဲ့ကြတယ်၊ အဲ့ဒီ အချိန် အိမ်နီးချင်း ပြည်ကြီး မှာ ဆန်ပြုတ်သောက်နေရတယ်၊ လက်ရှိအခါမှာတော့ အဲ့ဒီ ပြည်ကြီးကိုပြန် ဗမာ အမျိုးသမီးငယ်များ ရောင်းစားခြင်း ခံနေရတယ်။ သဘောကို မြင်အောင် အမြော်အမြင် ရှိရှိ မျှော် ကြည့်တတ်စေချင်တယ်။ ရှေးရိုးစွဲ အစွန်းရောက်သူများ၊ အမြင် ကျဉ်းမြောင်းသူများ ကတော့ နိုင်ငံတိုင်းမှာ ဘာသာရေး၊ နိုင်ငံရေး အဖွဲ့အစည်း အစိတ်အပိုင်း တချို့ နဲ့ လူ ပုဂ္ဂိုလ်တဦးချင်း၊ ရှိတတ်ကြတာပါပဲ။ လူအများစု မဖြစ်စေဖို့၊ နိုင်ငံစနစ် မှာ ပုံမပေါ်စေဖို့ နဲ့ နိုင်ငံ တည်ငြိမ်၊ ငြိမ်းချမ်း ဖွံ့ဖြိုး တိုးတက်ရေး ကို မထိပါးစေဖို့ အတွက်သာ အစိုးရ၊ စာနယ်ဇင်း၊ လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများ နဲ့ တာဝန်သိ လူတဦးချင်းက ကာကွယ်တားဆီး တည့်မတ်ရမှာပါ။ ဘာသာကွဲတွေ၊ လူမျိုးခြားတွေ ဆိုတဲ့ ခွဲခြားမှု အမြင်တွေ၊ အလုပ်တွေဟာ တိုင်းပြည် နဲ့ လူ့အဖွဲ့အစည်း အတွက် ဘယ်ဘက်ကမှ အကျိုးမရှိဘူးဆိုတာကို ပညာရေး စနစ်၊ စာပေ၊ စာနယ်ဇင်း၊ အနုပညာ ကြားခံစုံမှာ များများ ထည့်သွင်း လူထုကို ပညာပေးရင်း ထိန်းကျောင်းရမှာပါ။ ပန်းပေါင်းစုံလင် ပွင့်လန်း၊ အတွေးအခေါ်၊ အယူဝါဒ စုံ ထွန်းကား သမမျှတ ဗဟုလောက သည်သာ ဝိဇ္ဇာ၊ သိပ္ပံ ပညာရပ်များထွန်းကားရာ၊ စည်းစိမ် ချမ်းသာတည်ရာ လောက နိဗ္ဗာန် အမှန်ဖြစ်တယ်။ မတူကွဲပြားမှုများ စုစည်းနေခြင်း ဟာ အားသာချက် အင်အား တရပ် ဖြစ်တယ်။
ဒါကြောင့် တိုင်းပြည် မှာ မှီတင်းနေတဲ့ ဘာသာစုံ၊ လူမျိုးစုံ အတွက် တပြေးညီ ခံစားခွင့်တူညီ၊ ခွဲခြားမှု ကင်းတဲ့ ရေကြည်ရာ မြက်နုရာ သမမျှတ ဥတု စနစ် ရပ်ဝန်း သာ ဖန်တီးဖို့ ဇောင်းပေးပါ၊ တိုင်းပြည် အမှန် ပြန်လည် တိုးတက်၊ ကျင့်ဝတ်၊ သီလ၊ စိတ္တ အာဟာရ၊ စီးပွား ဥစ္စာ ဓန နှစ်ဖြာလုံး ချမ်းသာ ကာ နိုင်ငံတကာ အလယ်မှာ သိက္ခာ ရှိ၊ ဂုဏ်တက်၊ မျက်နှာပန်းလှ လာမှာ ဖြစ်ကြောင်း ဆွေးနွေးတင်ပြ လိုက်ကြောင်းပါ။
(စာရေးသူ သည် သြစတြေးလျနိုင်ငံတွင် အိုင်တီ နှင့် စီးပွားရေး မဟာပညာရပ်များကို လေ့လာသင်ယူခဲ့ပြီး ခေတ္တ နေထိုင်လျက်ရှိကာ အွန်လိုင်း မီဒီယာ များတွင် မျက်မှောက် ရေးရာ နှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဆောင်းပါး နှင့် ပတ်သက်၍ ဝေဖန်၊ အကြံပြုလိုသူများ [email protected] သို့ စာရေးဆက်သွယ်နိုင်သည်။)