မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် ဆက်သွယ်ရေး ကွန်ရက်၊ ဆက်သွယ်ရေး စနစ်များ ပိုမိုတိုးတက်ရေး အတွက် ကမ္ဘာ့ဘဏ်မှ ကူညီရန် စီစဉ်နေကြောင်း ကမ္ဘာ့ဘဏ်၏ ဆက်သွယ်ရေး လုပ်ငန်း ဆိုင်ရာ တာဝန်ခံ ကိုသီဟထွန်း က ပြောသည်။
ကမ္ဘာ့ဘဏ်၏ အစီအစဉ်၌ ကျေးလက်ဒေသ အပါအဝင် တနိုင်ငံလုံး လွှမ်းခြုံနိုင်မည့် Universal Service ဟု အမည်ရသည့် ဆက် သွယ်ရေး ဆိုင်ရာ မဟာဗျူဟာ ရေးဆွဲနိုင်ရေး အဓိက ပါဝင်ကြောင်း သိရသည်။
“ကျေးလက် ဒေသတွေမှာ မိုဘိုင်းဖုန်း သုံးနိုင်အောင်လည်း လုပ်သွားမယ်။ အဲဒီလို လုပ်နိုင်ဖို့ အတွက် Universal Service ကို ကမ္ဘာ့ဘဏ်က ဦးဆောင် ရေးဆွဲသွားမှာပါ။ ဒီပရောဂျက်ကို ၁၈ လ အတွင်းမှာ စပြီး ဆွဲမှာပါ။ အဓိက ကတော့ အော်ပရေတာတွေ ရှိလာပေမယ့် သူတို့မှာ ဈေးကွက် မရသေးတော့ ကျေးလက်တွေအထိ လိုအပ်တဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေ မလုပ်ဆောင် နိုင် သေးချိန်မှာ ကမ္ဘာ့ဘဏ် အနေနဲ့ လုပ်ဆောင် ပေးဖို့ပါ”ဟု ကိုသီဟထွန်း က ပြောပြသည်။
ထို့အပြင် ဆက်သွယ်ရေး ကဏ္ဍအတွက် ရန်ပုံငွေ ထူထောင်ပေးခြင်းပါ ပြုလုပ်သွားမည် ဖြစ်ပြီး ဆက်သွယ်ရေး ကုမ္ပဏီ အော်ပရေ တာ များ တာဝါတိုင် ဆောက်လုပ်နိုင်ရေး အတွက် ကမ္ဘာ့ဘဏ်က မတည်ငွေ အမေရိကန် ဒေါ်လာ ၁၀ သန်းဖြင့် ကူညီဆောင်ရွက် ပေးသွားရန် ရှိကြောင်း သိရသည်။
၂၀၁၉ ခုနှစ် နောက်ပိုင်းတွင် အော်ပရေတာများက အဆိုပါ ရန်ပုံငွေ၌ အရစ်ကျ ပြန်လည် ထည့်ဝင်သွားရန် စီစဉ်ထားကြောင်း လည်း ကိုသီဟထွန်းက ပြောဆိုသည်။
ကမ္ဘာ့ဘဏ် အုပ်စုဝင် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA)ကလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တယ်လီဖုန်း ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အမေရိကန် ဒေါ်လာ ၃၁.၅ သန်း ကို နှစ်ရှည် အတိုးဖြင့် ချေးငှားပေးရန် စီစဉ်ထားကြောင်း သိရသည်။
“ဒီနှစ်ထဲမှာ အော်ပရေတာက ၄ ခု ဖြစ်လာမယ်။ ဒီတော့ ဆက်သွယ်ရေး နည်းဥပဒေပိုင်းတွေနဲ့ ပတ်သက်ပြီး နည်းပညာ ကူညီမှုတွေ၊ အော်ပရေတာ ကောင်းတွေ ဖြစ်လာဖို့ အတွက် ကျနော်တို့ ပြည်သူတွေ ကိုယ်ပိုင် အချက်အလက် ပေါက်ကြားမှု၊ နောက် ဆိုက်ဘာ တိုက်ခိုက်မှုတွေ မရှိရအောင် နည်းပညာပိုင်း ပံ့ပိုးမှုတွေ လုပ်သွားမှာပါ”ဟု ကိုသီဟထွန်းက ပြောသည်။
လက်ရှိတွင် ဆက်သွယ်ရေး လုပ်ငန်း လုပ်ခွင့်ရ အော်ပရေတာ ကုမ္ပဏီများမှာ အော်ရီဒူး၊ တယ်လီနော နှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (Myanmar Post and Telecommunication – MPT)တို့ဖြစ်ပြီး မကြာမီတွင် ရတနာပုံ တယ်လီပို့စ် သည်လည်း အော် ပရေတာ အဖြစ် ရပ်တည်သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒု ဝန်ကြီး ဦးသောင်းတင်ကသည်။
ထို့အပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT)ကို ၂၀၁၅ ခုနှစ် အတွင်း Myanmar Telecom Commission အဖြစ် သီးခြား ရပ် တည်နိုင်ရန် အတွက် ကူညီ ဆောင်ရွက်ပေးရန် ရှိကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင် ဆောင်ရွက် မည် ဖြစ်ကြောင်း သိရသည်။
“နောက်ပိုင်းမှာ အင်တာနက်ကို လက်ပ်တော့မှာ သုံးတာထက် လက်ကိုင်ဖုန်းတွေမှာ သုံးတာ ပိုများလာမယ်။ ဒီအတွက် ကျနော်တို့ အနေနဲ့ မည်သည့် အမျိုးအစား လက်ကိုင်ဖုန်းမဆို သုံးနိုင်ဖို့ အတွက် လုပ်ဆောင် ပေးသွားဖို့ ရှိပါတယ်။ မော်ဒယ် အနိမ့်အမြင့် မရွေး သုံးသွားနိုင်ဖို့ e-government တခုလည်း ထူထောင်ပေးဖို့ ရှိပါတယ်”ဟု ကိုသီဟထွန်းက ပြောသည်။
အဆိုပါ ချေးငွေ ဒေါ်လာ ၃၁.၅ သန်းကို နှစ် ၄၀ ချေးငွေအဖြစ် ချေးပေးမည် ဖြစ်ပြီး ပထမ ၁၀ နှစ်တွင် မည်သည့် ဝန်ဆောင်မှုမှ ပေး စရာ မလိုဘဲ ကျန်သည့် နှစ်များအတွက် အတိုးနှုန်းမှာ သုည ရာခိုင်နှုန်း ဖြစ်ကြောင်း၊ Service Charge မှာ ဝ.၇၅ ရာခိုင်နှုန်း ပေးချေရမည် ဖြစ်ကြောင်း သိရသည်။
“ကမ္ဘာ့ဘဏ် အနေနဲ့ ကူညီပေးမှာတွေ ရှိပါတယ်။ ကျနော်တို့ ဆက်သွယ်ရေးက ပုဂ္ဂလိက ပြောင်းလဲဖို့မှာ ကိုယ်ပိုင် ဖွံ့ဖြိုးဖို့တွေ၊ နည်းပညာ အကူညီတွေ လိုပါတယ်။ ဒီအတွက် ကျနော်တို့ ရရှိလာမယ့် ချေးငွေတွေကနေ ရန်ပုံငွေ ထူထောင် လုပ်ဆောင် သွားဖို့ ရှိပါတယ်။ ဒါမှ လာမယ့် ၂၀၁၅ မှာ သီးခြားရပ်တည် နိုင်မှာပါ”ဟု ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်းက ကျင်းပခဲ့ သည့် ဆက်သွယ်ရေး ဆိုင်ရာ ဖွံ့ဖြိုးရေး ဖိုရမ်တွင် မြန်မာ့ ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒု ဝန်ကြီး ဦးသောင်းတင်က ဧရာဝတီသို့ ပြောဆို ထားသည်။
ကမ္ဘာ့ဘဏ်က မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍ အပြင် လျှပ်စစ်ကဏ္ဍ ဖွံံ့ဖြိုးရေး အတွက် ချေးငွေများ ချေးခြင်းနှင့် နည်းပညာများ ကူညီ ပေးခြင်း အတွက်လည်း ဆောင်ရွက်နေကြောင်း သိရသည်။
“ကမ္ဘာ့ဘဏ် အနေနဲ့ ပေါ်လစီနည်းပညာတွေ အကြံဉာဏ်ပေးတာတွေကို လုပ်ဆောင် သွားတာပါ။ နိုင်ငံ အသီးသီးမှာ လုပ်ဆောင် သွားတာတွေကို ဥပမာ ယူပြီး ဒီနိုင်ငံနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် အရာတွေနဲ့ လုပ်ဆောင် ပေးသွားမှာပါ”ဟု ကမ္ဘာ့ဘဏ် ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် Mr. Kanthan Shankarက ဧရာဝတီသို့ ပြောဆိုသည်။