ပဲခူးတိုင်း ဒေသကြီး သဲကုန်းမြို့ မြို့တော်ခန်းမ အနီးရှိ လယ်သိမ်းခံရသူများ၏ သပိတ်စခန်းကို ယနေ့ နံနက် ၉ နာရီခန့်၌ မြို့နယ် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး ဖျက်သိမ်းလိုက်သည်။
ယင်း သပိတ် စခန်းဖွင့်ထားသည်မှာ ၄ ရက်မြောက်ရှိပြီ ဖြစ်ပြီး ဆန္ဒပြသူများကိုလည်း နေရပ် ပြန်ပို့ကြောင်း သိရသည်။
သဲကုန်းမြို့နယ် ရဲစခန်း တာဝန်ခံ ဒု ရဲအုပ် ဇော်အောင်က“ဒါကျနော်တို့ အကြမ်းဖက် ဖြိုခွင်းတာ မဟုတ်ပါဘူး။ ရဲ အင်အား ၁၀ ယောက်နဲ့ပဲ ဖယ်ရှားတာပါ။ ဒီရပ်ကွက်က လူတွေကလည်း သပိတ်စခန်းက လူတွေကို ရိုက်မယ် လုပ်နေလို့ ကျနော်တို့က လုံခြုံရေး အရ ကူညီပေးတာပါ”ဟု ပြောသည်။
သဲကုန်းမြို့နယ် အုတ်ဖို ကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာ ၆ ရွာမှ လယ်သိမ်း ခံရသည့် တောင်သူ ၃၀ ခန့် အပါအဝင် လှုပ်ရှား တက်ကြွသူ တချို့နှင့် ပစ္စည်းထုပ်များကို ရဲတပ်ဖွဲ့ဝင်များက အသင့်ခေါ်လာသည့် ဒိုင်နာကားပေါ်သို့ တင်ပြီး နေရပ်သို့ ပြန်ပို့ခဲ့သည် ဟုလည်း ဆိုသည်။
ယနေ့တွင် ကျင်းပမည့် သီတဂူ ဆရာတော် ဦးဉာဏိဿရ ၏ သီတဂူ ရွှေဥ ရာစုသစ် စက္ခုဒါန ဆေးရုံဖွင့်ပွဲ အခမ်းအနားသို့ ပဲခူး တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း လာရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးမည့် အစီအစဉ်ရှိသည့် အတွက် ယခုကဲ့သို့ ဖြိုခွင်း ခံရခြင်း ဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိသည်။
အဆိုပါ သပိတ်စခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်က စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သပိတ် စခန်းကို ဦးဆောင်သူ ၄ ဦးအား သဲကုန်း မြို့နယ် ရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့် အရေးယူထားကြောင်း သိရသည်။
သဲကုန်းမြို့နယ် အုတ်ဖို ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၆ ရွာမှ လယ်သိမ်းခံရသည့် တောင်သူများက ၎င်းတို့လယ်ယာမြေများ ပြန်လည် ရရှိရန် ဥပဒေအရ အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ထူးခြားမှု မရှိသည့်အတွက် သဲကုန်းမြို့၏ မြို့တော် ခန်းမအနီး သပိတ်စခန်းဖွင့် တောင်းဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။
၎င်းတို့၏ လယ်ယာမြေများကို ၁၉၉၉ ခုနှစ် ဧပြီလ ၇ ရက်က ပြည်ခရိုင် ဦးစီးမှူး ဦးခင်မောင်ဝင်းက အောင်ကုန်း၊ သင်တော၊ ကစွန်း အင်း၊ ရင်းတိုက်တန်း၊ နှောကုန်း၊ ဆောက်ခြုံကြီး ကျေးရွာတဝိုက်ရှိ လယ်မြေ ဧက ၁၁၅၉.၅၅ ဧကကို ရေနက်ကွင်း ဖော်ထုတ်ရန် သိမ်းယူ ခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် ၂၀၀၁ ခုနှစ်တွင် လယ်ယာလက်ကား သမဝါယမ အသင်း အမှတ်(၃) လီမီတက် ပိုင်ရှင် ဦးထိုင်ထိုင်က လွှဲပြောင်း ရယူခဲ့ကြောင်း လယ်ယာမြေနှင့် အခြား မြေယာများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ပေးပို့သည့် တိုင်ကြားစာတွင် ရေးသား ဖော်ပြ ထားသည်ကို တွေ့ရသည်။