နောက်ဆုံးဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေကြောင့် လူပြောများသွားတဲ့ ရခိုင်ပြည် မြောက်ပိုင်း မောင်တောမြို့အနီးက ဒူချီးရာတန်းရွာတွေဆီ အရောက်သွားခဲ့ပါတယ်။ မောင်းတောမြို့ကနေ ၁ နာရီနီးပါးလောက် ဆိုင်ကယ်နဲ့ သွားလိုက်တဲ့အခါ ဒူချီးရားတန်း အနောက်ရွာကို ရောက်ပါတယ်။ အဲဒီ ရွာက ဇန်နဝါရီ ၂၈ ရက်က မီးလောင်မှု ဖြစ်ခဲ့တဲ့နေရာပါ။
အဲဒီ ဒူချီးရားတန်းရွာကို သွားတဲ့နေရာမှာ နတလ ရခိုင်ရွာကို ဖြတ်ပြီး သွားခဲ့ရပါတယ်။ နတလရွာဆိုတာ အစိုးရက မြေပိုင်ခွင့်ပေးပြီး ပြည်နယ်နဲ့ ပြည်မအတွင်းကသာမက တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်ဝင်လာသူ မြန်မာမျိုးနွယ်စုတွေကို နေရာချထားတဲ့ရွာတွေပါ။ ဒါပေမယ့် ဒူချီးရားတန်းရွာရဲ့ ပတ်ဝန်းကျင် ရွာတော်တော်များများကတော့ မွတ်စလင်ရွာတွေပါ။ ရွာထိပ်ကနေ မလှမ်းမကမ်းမှာတင် မီးလောင်ပြင်တခုကို စမြင် လိုက်ရတယ်။ မီးလောင်ပြင် တခုနဲ့ တခုက မလှမ်းမကမ်းမှာ ရှိနေပေမယ့် မီးလောင်ပြင်တခုနဲ့ တခုကြား နေအိမ်တချို့ အကောင်းတိုင်း ကျန်ရှိနေတာကိုလည်း မြင်ရတယ်။
ဒူချီးရားတန်းရွာကို မဝင်ခင် ရခိုင်ရွာဖြစ်တဲ့ ကင်းချောင်းရွာမှာ စခန်းချထားတဲ့ ရဲတပ်ဖွဲ့ဆီကို ရောက်တုံးက ဒုရဲအုပ် ဝေဖြိုးအောင်က လုံခြုံရေးတွေ မပါဘဲနဲ့ ရွာထဲကို ဝင်မယ်ဆိုရင် အန္တရယ်ရှိတဲ့အကြောင်း၊ “ဘင်္ဂလီ”လူမျိုးတွေက တခြားလူမျိုးတွေ ကို ယုံကြည်မှုမရှိတော့ဘဲ လူ အင်အားနည်းနည်းနဲ့သာ ဝင်သွားမယ်ဆိုရင် အန္တရာယ်ပြုမယ့်အကြောင်း ပြောတယ်။
“ကျနော်တို့တောင်မှ တပ်ဖွဲ့ဝင် ၁၀ ဦးလောက်မရှိပဲနဲ့ အဲဒီ ဘင်္ဂလီရွာတွေထဲကို မသွားရဲတော့ဘူး။ သွားရင်တောင် လက်နက်ကောင်းတာတွေနဲ့ပဲ သွားရတာ။ သူတို့ကလည်း ကျနော်တို့ ဝင်လာရင် စောင့်ကြည့်နေကြတာ။ ကျနော်တို့ အားနည်းနေမှန်းသိရင် အန္တရာယ်ပြုကြမှာ။ ခင်ဗျားတို့ ကိုယ့်ဘာသာကိုယ် မသွားသင့်ဘူးထင်တယ်။ သူတို့လူမျိုးမဟုတ်ရင် ရဲတွေက အယောင်ဆောင်ပြီး လာတာလို့ ထင်ချင်ထင်မှာ။ သူတို့တွေအများစုက ပညာမတတ်ကြတော့ ခင်ဗျားတို့ကို တချို့က လက်ခံ စကားပြောပေမယ့် တချို့မလိုတဲ့သူက ဝင်လုပ်သွားရင် ခင်ဗျားတို့ အသက်အန္တရာယ် ဖြစ်လိမ့်မယ်” လို့ ပြောပါတယ်။
ဒါပေမယ့် အဲဒီရွာတွေက ဒေသခံတချို့ကို ချိတ်ဆက်ပြီး အန္တရာယ်ရှိနိုင် မရှိနိုင်ကို စုံစမ်းပြီး ရွာထဲကိုဝင်လိုက်တဲ့အခါမှာ မွတ်စလင်တချို့က စောင့်ကြိုနေပါတယ်။ ရွာထဲက မီးလောင်ခဲ့တဲ့ အိမ်တွေကို လိုက်ပြရင်း သူတို့ ကိုယ်တိုင် သူတို့အိမ်ကို မီးမရှို့ကြောင်း ခိုင်ခိုင်မာမာ ပြောပါတယ်။ မီးလောင်ပြင်က မီးလောင်ထားတဲ့ သွပ်မိုးပြားတွေကို ပြရင်း ဒီရွာအနီး ပတ်ဝန်းကျင်နဲ့ ရွာတွေမှာ ဘယ်ကောက်ရိုးပုံမှ မရှိဘူးလို့ ဒူချီးရားတန်းရွာသား အသက် ၂၆ နှစ်အရွယ် ကလေး ၄ ယောက် အဖေဖြစ်တဲ့ အာမိန်အိုလ္လာက ပြောပြတယ်။
“ဘင်္ဂလီ”တွေ ကိုယ့်အိမ်ကို ကိုယ့်ဘာသာ မီးရှို့ထွက်ပြေးတဲ့ အထောက်အထား အများအပြား တွေ့ရှိရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ နေအိမ်တချို့ရဲ့ အမိုးပေါ်မှာ ကောက်ရိုးထုံးတွေ တွေ့ ရသလို မီးလောင်တဲ့နေရာကို အသွားမှာ “ဘင်္ဂလီ” ၅ ဦးခန့် ထွက်ပြေးသွားတာလည်း မြင်လိုက်ရတယ်လို့ ထုတ်ပြန်ခဲ့တယ်။
ဒီမှာတင် ကြီးမားတဲ့ ကွဲလွဲချက်တခုကို စတင်မြင်လိုက်ရပါတယ်။ အစိုးရပြောသလို သူတို့အိမ် သူတို့ ရှို့သလား၊ အခု သူတို့ပြောသလို အပြင်က လာရှို့သလား အမှန်တကယ် သိနိုင်ဖို့က ချက်ချင်း ကောက်ချက်ချဖို့ မလွယ်ကူသေးပါ။
ရွာထဲမှာ မွတ်စလင် အမျိုးသား ၁၀ ဦးဝန်းကျင်နဲ့ အမျိုးသမီး ၁၅ ဦးဝန်းကျင်လောက်သာ ဆက်လက်နေထိုင်တာကို မြင်ခဲ့ရပြီး မီးမလောင်တဲ့ နေအိမ် တော်တော်များများမှာ လူတွေ နေထိုင်မှု မရှိတာကို တွေ့ရတယ်။ အိမ်တော်တော်များများရဲ့ ခြံဝင်းတံခါးမှာတော့ “ရိုဟင်ဂျာ” ဆိုတဲ့ စာသားကို မြန်မာဘာသာနဲ့ ရေးထားတာ မြင်ရတယ်။
ဒေသခံ မွတ်စလင်အများစုက ရခိုင်စကား၊ ဗမာစကားကို ပြောဆိုနားလည်ခြင်း မရှိပါ။ ဘာကြောင့်လဲလို့ မေးတဲ့အခါမှာ သူတို့ရွာတွေတိုင်းမှာလိုလို အာရဗီစာနဲ့ ဘာသာစကားကို သင်ကြားကြပေမယ့် အစိုးရကျောင်းတွေမှာ သင်ကြားတဲ့ ကလေးတွေ အရမ်းကို နည်းတယ်လို့ သိလိုက်ရတယ်။
“တချို့ကလေးတွေက မူလတန်းလောက်အထိ အစိုးရကျောင်း တက်ကြပေမယ့် တော်တော်များများကတော့ မတက်ကြဘူး။ အတန်းကျောင်းနဲ့ ဝေးတာလည်းပါမယ်။ နီးတဲ့ရွာတွေမှာတော့ အစိုးရအတန်းကျောင်း တက်တဲ့ ကလေးများ တာပေါ့။ နောက်ပြီးတော့ ရခိုင်တွေနဲ့ စီးပွားရေးအရ ထိတွေ့ဆက်ဆံရတဲ့သူတချို့ကတော့ ရခိုင်စကားကို တတ်ကြတယ်။ ကျနော်တို့ရွာမှာ အခုရှိနေတဲ့သူတွေထဲမှာ ရခိုင်စကား နားလည်တဲ့သူ တဦးမှမရှိဘူး” လို့ ဒူချီးရားတန်း အနောက်ရွာက မော်မီလာဟူစေတနံက အာရဗီလို ပြောတာကို စကားပြန်က ဆိုတယ်။
ရဲတပ်ကြပ်ကြီး အသတ်ခံလိုက်ရတဲ့ ဒူချီးရားတန်း အလယ်ရွာနဲ့ တဆက်တည်းရှိတဲ့ တောင်ရွာကို သွားဖို့ ဒူချီးရား တန်းအနောက်ရွာက ဒေသခံတချို့ကို အကူအညီ တောင်းတဲ့အခါမှာတော့ သူတို့က ကူညီချင်ပေမယ့် ဒီရွာထဲက မထွက်ရဲဘူးလို့ ပြောကြတယ်။
“ကျနော်တို့ရွာတွေ ဝန်းကျင်မှာ ရဲတွေစောင့်နေကြတယ်။ ကျနော်တို့ ရွာထဲက ထွက်တာနဲ့ သူတို့က ဖမ်းမှာ။ ကျနော်တို့က ခင်ဗျားတို့နဲ့ အတူတူလိုက်ပြီး ကူညီပေးချင်ပေမယ့် ခင်ဗျားတို့ကလည်း ကျနော်တို့ အဖမ်းမခံရအောင် အာမခံပေးနိုင်မှာမှ မဟုတ်တာ” ဟု ဒူချီးရားတန်း အနောက်ရွာက အသက် ၃၅ အရွယ်ရှိ မွတ်စလင်အမျိုးသား ရှေူနာလီ ကာလာက ဆိုတယ်။
ဒီလိုနဲ့ ဒူချီးရားတန်း အနောက်ရွာကနေ လှည်းလမ်းအတိုင်း ထွက်လာပြီး အလယ်ရွာကို ဖြတ်တဲ့အခါမှာ လူတွေ တဦးမှ ရှိမနေတာကို တွေ့ရတယ်။ ဒါနဲ့ အလယ်ရွာနဲ့ တဆက်တည်းဖြစ်နေတဲ့ တောင်ရွာကို ဆက်သွားတဲ့အခါ ရွာဝင်လမ်းမကို ဆိုင်ကယ်နဲ့ဖြတ်နေစဉ် ရွာထဲမှာရှိနေတဲ့ မွတ်စလင်တချို့က ထွက်ပြေးကြတယ်။
ဒါနဲ့ ပါလာတဲ့ စကားပြန်က အာရ်ဗီစကားနဲ့လှမ်းအော်ပြောတော့မှ တဦးစ၊ ၂ ဦးစကနေ ကလေးလူကြီး၊ ယောကျာ် မိန်းမ လူ ၂၀ ကျော်လောက် တဖြည်းဖြည်းနဲ့ ပြန်စုလာတယ်။ ဘာဖြစ်လို့ ထွက်ပြေးတာလဲဆိုတော့ ရဲတွေဝင်လာတယ် ထင်လို့ ထွက်ပြေးကြတာတဲ့။ ဒီရွာမှာလည်း လူတော်တော်များများက မနေကြဘူး။ အိမ်တွေကိုပစ်ထားပြီး တခြားရွာတွေမှာခို လှုံနေကြရတယ်လို့ ဒူချီးရားတန်းတောင်ရွာက အသက် ၃၅ နှစ်အရွယ်အမျိုးသား မာမတ်ရော်ဖိတ်က ဆိုပါတယ်။
ရွာထဲက အိမ်တိုင်းနီးပါး နေအိမ်အပြင်ဘက်က ပုံမှန်အတိုင်းရှိနေပေမယ့် အိမ်ထဲကို ဝင်ကြည့်လိုက်တဲ့အခါမှာတော့ ပရိဘောဂတွေ၊ စာရွက်စာတမ်းတွေ၊ အဝတ်အစား အသုံးအဆောင်တွေ အားလုံးက ပြန့်ကျဲနေပါတယ်။ စပါးကျည်က စပါးတွေကလည်း အပြင်ဘက်မှာ ပြန့်ကျဲနေတယ်။ ဘီဒိုတွေအားလုံးကလည်း ကျိုးပဲ့ပျက်စီးနေတယ်။
ဒူချီးရားတန်း တောင်ရွာနဲ့ အလယ်ရွာထဲက တချို့မိသားစု တွေက လူတွေပျောက်နေကြတဲ့ အကြောင်းလည်း ပြောကြတယ်။
ရရှိထားတဲ့ စရင်းများအရတော့ ဒူချီးရားတန်း အနောက်ရွာမှာ အသက်အရွယ်ကြီးသူ အများစုပါဝင်တဲ့ ၇ ဦး၊ အလယ်ရွာမှာ အသက်ငယ်သူတွေဖြစ်ကြတဲ့ ၇ ဦးနဲ့ တောင်ရွာမှာ အသက် ငယ်ရွယ်သူ ၈ ဦးတို့ဟာ ဒီသတင်းရေးသားပြီးချိန်အထိ ဘယ်နေရာရောက်နေတယ်ဆိုတာ မသိသေးဘူးလို့ သိရတယ်။
“ကျမ သမီးလေးတွေဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် ဆော်မေးဒါးနဲ့ အသက် ၁၄ နှစ်အရွယ် အာဂျီးဒါတို့ အခုချိန်ထိ ဘယ် ရောက်နေလဲမသိဘူး။ ကျမတို့က ရဲတွေဝင်လာလို့ ထွက်ပြေးတော့ ကျမတို့က ဂေါဒူသာရရွာမှာ သွားနေနေတာ။ သူတို့ကို အခုချိန်ထိ ဘယ်မှာမှ ရှာလို့မတွေ့သေးဘူး” ဟု ဒူချီးရားတန်း တောင်ရွာက ဒေသခံအမျိုးသမီး ဟာဂျာရာက ဆိုတယ်။
ဖြစ်စ်ပျက်ခဲ့တဲ့ ကာလ ၁ လဝန်းကျင် ကြာလာပေမယ့် ဒီအိမ်ထဲက အပျက်အစီးတွေ ဘာ့ကြောင့် မရှင်းလင်းသေးတာလဲ၊ ရဲတွေ တကယ်ပဲ ရွာထဲ ဝင်ရိုက်တယ်ဆိုရင် ဘာ့ကြောင့် အခုရှိနေတဲ့လူတွေမှာ ဒဏ်ရာတွေ မရတာလဲဆိုတာတွေကို မေးလိုက်တဲ့အခါ အိမ်ပိုင်ရှင်တွေ သူတို့အိမ်တွေမှာ ပြန်မနေသေးတာကြောင့် မရှင်းလင်းနိုင်သေးတာပါဆိုတဲ့ စကားက လွဲလို့ တိကျတဲ့ အဖြေတော့ မဖြေပေးနိုင်ကြဘူး။
ဒူချီးရားတန်းရွာအုပ်စုက မောင်းတောမြို့နဲ့ ၅ မိုင်ခန့် ဝေးကွာပြီး ရဲတပ်ကြပ်ကြီး အသတ်ခံလိုက်ရတဲ့ အလယ်ရွာအပါအဝင် ကျေးရွာပေါင်း ၉ ရွာ ရှိပါတယ်။ အဲဒီ ကျေးရွာအုပ်စုမှာ လူဦးရေ ၄၈၀၀ ကျော်ရှိပြီး ရခိုင် လူဦးရေက ၂၀ ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒူချီးရားတန်း အလယ်ရွာမှာဆိုရင် လူဦးရေ ၁ ထောင်ကျော် နေထိုင်နေပါတယ်။
ဒူချီးရားတန်း အလယ်ရွာမှာ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို ဘင်္ဂလီတွေ သတ်ဖြတ်ခဲ့ခြင်းက သက်သေအခိုင်အမာရှိကြောင်း၊ ဇန်နဝါရီ ၁၃ ရက်နေ့က မွတ်စလင် ၄၀ ဝန်းကျင် အသတ်ခံရတယ်လို့ မခိုင်လုံတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီးတော့ ကမ္ဘာ့ကုလသမဂ္ဂနဲ့ ပြည်ပသတင်းမီဒီယာတချို့က ဖော်ပြချက်တွေကလည်း မှန်ကန်မှုမရှိပါ ကြောင်း အစိုးရက ဇန်နဝါရီ ၂၈ ရက်နေ့မှာ နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့က တာဝန်ရှိသူများနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တွေ့ဆုံရှင်းပြခဲ့ပါတယ်။
အမေရိကန်နဲ့ ဗြိတိသျှ အစိုးရတွေ၊ ကုလသမဂ္ဂကတော့ ဘာတွေဖြစ်ခဲ့သလဲ ရှင်းရှင်းလင်းလင်း သိရဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုပါတယ်။ မြန်မာအစိုးရက ဖွဲ့စည်းပြီးသား ရခိုင်စုံစမ်းရေးကော်မရှင်ကို အစီရင်ခံစာ ရေးဖို့ ခိုင်းထားပါတယ်။
“ရဲတပ်ကြပ်ကြီးကို အလယ်ရွာက လူတွေ ဝိုင်းရိုက်လိုက်တာတော့ အမှန်ပဲဗျ။ လူ ၂၀ လောက်က ရိုက်ခဲ့ကြတာ။ အဲဒီ ဇန်နဝါရီ ၁၃ ရက်နေ့ ညနေပိုင်းမှာ ရဲတွေနဲ့ ရခိုင်တွေ လူ ၄၀၀ လောက် ဝင်လာကြတယ်။ ကျနော်တို့လည်း ထွက်ပြေးကြရော။ နောက်တနေ့ မနက်ပိုင်းမှာ ရဲတွေတခေါက် ထပ်ဝင်လာကြတယ်။ အဲဒီအချိန်မှာတော့ အိမ်ထဲက ပစ္စည်းတွေကို ဖျက်ဆီး တော့တာပဲ” လို့ ဒူချီးရားတန်း တောင်ရွာက ဒေသခံ ရော်ပဂီမူလ္လင်က ဆိုတယ်။
ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းရဲ့ သွေးစွန်းနေတဲ့ ယူနီဖောင်း၊ ချပ်ဝတ်တန်ဆာ အပိုင်းအစတွေ၊ တောစီးဖိနပ်နဲ့ အမ် ၂၂ ကျည်အိမ်အလွတ် ၁ ခုကို ဒူချီးရားတန်းရွာ အာရဗီကျောင်းအတွင်းနဲ့ အစ္စမိုင်ဗလီအနီးတဝိုက်မှာ သိမ်းဆည်းရမိတယ်လို့ အစိုးရက ထုတ်ပြန်ထားပေမယ့် ရဲတပ်ကြပ်ကြီးကို ရှာမတွေ့သေးပါဘူး။
ဒီဖြစ်စဉ်နဲ့ ပက်သက်ပြီး မသင်္ကာသူ ၁၆ ဦးတို့ကို ခေါ်ယူစစ်ဆေးလျှက်ရှိတယ်လို့ မောင်းတောမြို့နယ် ရဲတပ်ဖွဲ့မှ သိရပါ တယ်။ ဒူချီးရားတန်း အနောက်ရွာက မီးလောင်မှုတွေနဲ့ ပက်သက်ရင်တော့ လက်ရှိအချိန်အထိ ဖမ်းယူစစ်ဆေးသူတွေ မရှိ သေးဘူးလို့ မောင်းတောမြို့နယ် ရဲမှူးက ဆိုပါတယ်။
“ဘင်္ဂလီတွေရဲ့ ရုပ်ရည်အရ ဘယ်သူတရားခံပါ၊ ဒီကိစ္စတွေကို ဘယ်သူလုပ်တာပါလို့ လက်ညှိုးထိုးပြမယ့်သူမရှိရင် ဖမ်းဖို့ က အရမ်းကို ခက်တယ်။ သူတို့ရုပ်ရည်တွေက အတူတူလိုဖြစ်နေတာ။ တခြားရွာတွေကို သွားရှာလည်း ဘယ်သူဆိုတာသိဖို့ ခက်နေတာပေါ့။ သူတို့အချင်းချင်းကလည်း အရမ်းကို စည်းလုံးတာ။ အကုန်လုံးက ကာကွယ်ကြတယ်။ ဘယ်သူကမှ လက်ထောင်ချပြီး ပြောမယ့်သူမရှိဘူး။ တကယ့်တရားခံတွေ ဖမ်းဖို့က ဘာသာစကားက အစ အကုန်ခက်ခဲတယ်” လို့ မောင်းတောမြို့နယ် ရဲတပ်ဖွဲ့ရုံးကို သွားတွေ့စဉ်တုန်းက ပြောပါတယ်။
တပ်ကြပ်ကြီး အောင်ကျော်သိန်း အသတ်ခံလိုက်ရတဲ့ကိစ္စကြောင့် ရဲတပ်ဖွဲ့များ ရွာထဲသို့ ဝင်ရှာသည်မှာ မှန်သော်လည်း မွတ်စလင်အများစုရဲ့ စကားက သူတို့ ဘာပဲဖြစ်ဖြစ် သူတို့မှာ “အဖေ”ရှိတယ်လို့ ပြောတတ်ကြကြောင်း မောင်းတောဒေသခံ ရခိုင်လူမျိုးများက ပြောကြတယ်။ သူတို့အဖေလို့ပြောတာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကို ရည်ညွန်းပြီး ပြောဆိုကြတာပါ။
“သူတို့တွေ ပြောဆိုတာ ဘယ်တော့မှ မယုံရဘူး။ အလိမ်အညာတွေ အမြဲပြောတယ်။ အဲဒီလိုပြောမှလည်း သူတို့ကို ထောက်ပံ့ပေးတာတွေ ရမှာလေ။ သူတို့နောက်ကွယ်မှာလည်း မြှောက်ပေးတဲ့သူတွေက ရှိနေတယ်။ အစိုးရကတောင် သူတို့နောက်ကွယ်မှာ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ RSO တွေတောင် ပါတယ်ဆိုတာ ထုတ်ပြန်ခဲ့တာပဲလေ” လို့ မောင်တောမြို့နေ ရခိုင်အမျိုးသားတဦးက ဆိုပါတယ်။
Rohingya Solidarity Organization (RSO) လို့ လူသိများတဲ့ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ဟာ ၁၉၈၀ နှောင်းပိုင်းနဲ့ ၁၉၉၀ ပြည့်နှစ်များ အစောပိုင်းများမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားကို ကျယ်ပြန့်စွာ တိုက်ခိုက်လာတာကြောင့် မြန်မာ့တပ်မတော်က စစ်ဆင်ရေးများ ဆင်နွှဲပြီး မြေလှန်ပါတယ်။ နယ်ခြားနေ အရပ်သား ထောင်သောင်းချီပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးကြရတယ်။ RSO ဟာ အယ်လ်ကေဒါးလို အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်အဖွဲ့တွေနဲ့လည်း ဆက်ဆံရေးတွေ ရှိတယ်လို့ အမေရိကန်ကလည်း ကြေညာထားပါတယ်။
၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားလာခဲ့တဲ့ ရခိုင်-မွတ်စလင် အရေးအခင်းတွေမှာ ဘင်္ဂလားဒေ့ရှ် အစွန်းရောက် Jamaat-e-Islam ပါတီက နောက်ကွယ်က သွေးထိုးနေတယ်လို့ အဲဒီအချိန်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က လွှတ်တော်ထဲမှာ ပြောခဲ့တယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် သတင်းစာတွေက ဘင်္ဂလားဒေ့ရှ်မှာ အပိတ်ပင်ခံထားရတဲ့ အစွန်းရောက်အဖွဲ့တွေနဲ့ RSO တွေ နယ်ခြားမှာ ပေါင်းစည်းထားပြီး မြန်မာစစ်တပ်ကို တိုက်ခိုက်မှု လုပ်နေတယ်လို့ ရေးကြတယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာအတွင်း မြန်မာစစ်သား တဦး သတ်ဖြတ်ခံရပြီး ၃ ဦး အဖမ်းခံခဲ့ရတယ်။ တိုက်ပွဲတပွဲလည်း ဖြစ်ခဲ့တယ်။
ဒီလို ပဋိပက္ခတွေကြားထဲမှာ ရခိုင်လူမျိုးများ၊ လုံခြုံရေး ရဲများနဲ့ မွတ်စလင်တွေအကြား တဖက်နဲ့တဖက် ယုံကြည်မှု ကင်းမဲ့နေတဲ့အပြင် အကြောက်တရားတွေနဲ့ နေနေကြတယ်ဆိုတာ အထင်းသား မြင်တွေ့ခဲ့ရတယ်။ ဒီလိုနဲ့ ဒူချီးရားတန်းရွာတန်းစုကနေ ပြန်အထွက် မောင်းတောမြို့ကို ပြန်လာတဲ့လမ်းတလျှောက်မှာ မွတ်စလင်ရွာတွေကို ဖြတ်လာခဲ့ပါတယ်။ အဲဒီရွာတွေက မြို့နဲ့ နီးတဲ့အပြင် ကလေးတော်တော်များများကလည်း ကျောင်းက ပြန်လာကြတာ မြင်လိုက်ရတယ်။
“အဲဒါပဲကြည့်။ တကယ်တော့ မောင်းတောမြို့ပေါ်မှာတောင် ကျနော်တို့ အစ္စလမ်ဘာသာဝင်တွေ နေနေကြတာ ဘာပြဿနာမှ မတက်ဘူး။ ကျနော်တို့က ရခိုင်တွေနဲ့ ဟိုးအရင်ထဲက အတူတူနေလာကြတာဆိုတော့ ရခိုင်တွေကလည်း ကျနော်တို့ ဆိုရင် လက်ခံကြတယ်။ ရခိုင်တွေ လက်မခံတာက နယ်ဘက်ရွာတွေက ရခိုင်စကားတောင် မတတ်ကြတဲ့ သူတွေကို။ သူတို့ကလည်း သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ပဲ ပြောနေကြတယ်။ အဲဒါကြောင့်ပဲ တဖက်နဲ့တဖက်က ပြဿနာ ပိုဖြစ်လာတာ” လို့ မောင်းတောမြို့က လိုက်လာတဲ့ အစ္စလမ်ဘာသာဝင် လမ်းပြ စကားပြန်က ကောက်ချက်ချပါတယ်။