“ဒီမိုကရေစီဆိုတာ သူ့ထက်ဆိုးတဲ့ တခြားစနစ်တွေကို ဖယ်လိုက်ရင် အဆိုးဆုံး စနစ်တရပ်ပဲ” လို့ ဝင်စတန် ချာချီက ပြောဖူးပါတယ်။ ဒီမိုကရေစီစနစ်ဟာ ကိုးဆယ့်ခြောက်ပါး ရောဂါပျောက်ဆေးတော့ မဟုတ်ပါဘူး။ ဒီလိုပဲ ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲတွေဟာ အရေးကြီးတာမှန်ပေမယ့် ရွေးကောက်ပွဲတခုတည်းနဲ့ တည်ငြိမ်တဲ့ ဒီမိုကရေစီကို တည်ဆောက်ဖု့ိ မလုံလောက်ပါဘူး။
ဒီနှစ်ထဲ အခုအချိန်အထိ အာရှမှာ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ နှစ်နိုင်ငံရှိပါတယ်။ ဇန်နဝါရီလမှာ ကျင်းပတဲ့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲနဲ့ ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ ထိုင်း ရွေးကောက်ပွဲတို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနှစ်ခုစလုံးကို အဓိအရုဏ်းတွေ ကြားက ကျင်းပခဲ့ရပြီး အဓိက အတိုက်အခံ ပါတီတွေက သပိတ်မှောက်ခဲ့ကြပါတယ်။ ဒီလိုပဲ မနှစ်က နိုဝင်ဘာလက နီပေါမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကိုလည်း ပါတီ ၃၀ ကျော်က ဝင်မပြိုင်ခဲ့ကြပါဘူး။ အတိုက်အခံပါတီတွေ ဝင်ပြိုင်ခဲ့တဲ့ မနှစ်မေလ မလေးရှားရွေးကောက်ပွဲနဲ့ မနှစ် ဇူလိုင်လ ကမ္ဘောဒီးယား ရွေးကောက်ပွဲတွေ ရလဒ်တွေကိုလည်း အတိုက်အခံက ငြင်းဆန်နေတုန်းပါပဲ။ ဒီအဖြစ်အပျက်တွေကို ကြည့်ရင် အာရှ နိုင်ငံတွေမှာ ကျင်းပနေတဲ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ ဆင်ခြင်စရာ အကြောင်း ရှိလာပါတယ်။
အဓိက အကြောင်းရင်းနှစ်ရပ်ကို တွေ့ရပါတယ်။ အာဏာရ နိုင်ငံရေးသမားတွေကတော့ ရွေးကောက်ပွဲမှာ သူတို့ပဲ အနိုင်ရအောင် အကြံအဖန် လုပ်ကြတာနဲ့ အတိုက်အခံကလည်း သူတို့ ရှုံးမယ်ဆိုတာ သေချာတဲ့ ရွေးကောက်ပွဲတွေမှာ ဝင်မပြိုင်ကြတာပါ။ တရားမျှတမယ်ထင်ပြီး အတိုက်အခံက ဝင်ပြိုင်ပြီးရင်လည်း အလိမ်ခံရလို့ ရွေးကောက်ပွဲအလွန်မှာ ပြဿနာတွေ ဆက်ဖြစ်နေတာမျိုးပါ။
မြန်မာပြည်မှာလည်း ၂၀၁၀ ရွေးကောက်ပွဲကို အကြီးဆုံး အတိုက်အခံက သပိတ်မှောက်ခဲ့ပါတယ်။ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေကို တရားမျှတမှုမရှိတာက အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာလိုပဲ နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေ လက်ရှောင်ခဲ့ကြပါတယ်။ မဲစာရင်းတွေ၊ ကြိုတင်မဲကိစ္စတွေ အငြင်းပွားဖွယ်တွေဖြစ်ခဲ့ပြီး နောက်ဆုံးမှာ စစ်အစိုးရက ခေါင်းဆောင်တွေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အများစု အနိုင်ရသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးလိုက်တဲ့ နောက်၊ ကြိုတင်ညှိနှိုင်းမှုနဲ့ ဥပဒေတချို့ ပြင်ဆင်ပြီး ၂၀၁၂ ဧပြီလမှာ ကြားဖြတ်ရွေးကောက်ပွဲကို အများလက်ခံနိုင် လောက်တဲ့ အခြေအနေနဲ့ ကျင်းပခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာအားလုံးနီးပါးမှာ အနိုင်ရခဲ့ပါတယ်၊ ကြားဖြတ်ရွေးကောက်ပွဲရလဒ်က မှတ်ကျောက်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း အန်အယ်ဒီကပဲ တခဲနက် အနိုင်ရဖို့ ရှိပါတယ်။ ဒါကို သိတဲ့ အာဏာရအစိုးရက ရွေးကောက်ပွဲကို ဘယ်လို ပုံစံနဲ့ ကျင်းပမလဲဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။
မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံတချု့ိမှာ ရွေးကောက်ပွဲတွေကို ဘယ်လို ကျင်းပသလဲဆိုတာကို လေ့လာကြည့်ရင် ထိုင်းနိုင်ငံမှာဆိုရင် အာဏာရအစိုးရက အိမ်စောင့်အစိုးရအနေနဲ့ ပြောင်းလဲပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ ရွေးကောက်ပွဲကို ကျင်းပပေးရပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကို အိမ်စောင့် အစိုးရက ခန့်အပ်ပါတယ်၊ ရွေးကောက်ပွဲ မဲဆွယ်တဲ့ ကာလမှာ မဲဝယ်တာတွေ ရှိပေမယ့် ရွေးကောက်ပွဲမှာ မဲလိမ်တာကတော့ ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ ဒါပေမယ့် ထိုင်း ပြဿနာက ရွေးကောက်ပွဲနည်းလမ်းအရ အနိုင်ရတဲ့ ပါတီဟာ နိုင်သူ အကုန်ယူ (winner-takes-all) ချဉ်းကပ်မှုနဲ့ စိတ်နေစိတ်ထားကို မပြောင်းလဲနိုင်တဲ့ ပြဿနာနဲ့ ဆိုင်ပါတယ်။
အမည်ခံ ဒီမိုကရေစီနဲ့ တပါတီတည်းက လွှမ်းမိုးထားတဲ့ ကမ္ဘောဒီးယားနဲ့ မလေးရှားနိုင်ငံမှာတော့ ရွေးကောက်ပွဲစနစ်တွေဟာ အာဏာရပါတီကို မျက်နှာသာ ပေးထားပါတယ်။ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၁၉၉၁ ခုနှစ်ကစလို့ ရွေးကောက်ပွဲကျင်းပတဲ့အခါ အစိုးရ နုတ်ထွက်ပေးရပါတယ်။ ဘက်မလိုက်တဲ့ အစိုးရတရပ်က ရွေးကောက်ပွဲကို ကျင်းပပေးရပါတယ်။ အဓိက နိုင်ငံရေးပါတီကြီးတွေ အကြားမှာ ယုံကြည်မှု အားနည်းတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအတွက် ရွေးကောက်ပွဲနဲ့ အာဏာ အလွဲအပြောင်းကိစ္စတွေမှာ အလွန် ချောမွေ့စေခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ရွေးကောက်ပွဲမှာ လွှတ်တော်နေရာ အများစုကို အနိုင်ရတဲ့ အဝါမီအဖွဲ့ချုပ် ပါတီက ဖွဲ့စည်းပုံကို အခြေခံ ဥပဒေထဲက အဲဒီ အချက်ကို ဖျက်သိမ်းခဲ့ပါတယ်။ ရွေးကောက်ပွဲအကြိုကာလမှာ အဓိက အတိုက်အခံ ဘီအန်ပီရဲ့ မဟာမိတ် ဂျမတ် အီ အစ္စလာမ္မီ ပါတီကို မတရားအသင်း ကြေညာခဲ့၊ ပါတီ ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲခဲ့ပါတယ်။
ဒီလိုနဲ့ ရွေးကောက်ပွဲကို အတိုက်အခံပါတီက သပိတ်မှောက်ပြီး ရွေးကောက်ပွဲနဲ့ ဆက်နွယ်တဲ့ ပဋိပက္ခတွေအတွင်းမှာ လူ ၁၅၀ ကျော် သေဆုံးခဲ့ရပါတယ်။ ကမ္ဘောဒီးယားမှာ ရွေးကောက်ပွဲရလဒ်ကို ဆန်ကျင်တဲ့ သပိတ်တွေကို အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်လူစုခွဲလို့ တော်တော်များများ သေဆုံးခဲ့ပါတယ်၊ ထိုင်းနိုင်ငံမှာလည်း အာဏာရပါတီက လွှတ်တော်ကို ပြန်ပေးဆွဲတယ်လို့ အတိုက်အခံက စွပ်စွဲပြီး ရွေးကောက်ပွဲအစား နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အရင်လုပ်ဖို့ တောင်းဆိုနေတာ လနဲ့ချီ ကြာနေပါပြီ၊ ပဋိပက္ခတွေနဲ့ ချောင်းမြောင်းပစ်ခတ်မှုတွေကြောင့် အနည်းဆုံး လူ ၁၀ ယောက်သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရသွားပါပြီ။
မြန်မာပြည်မှာ ရွေးကောက်ပွဲကျင်းပတဲ့ စနစ်နဲ့ပတ်သက်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၉) အပိုဒ် (၃၉၈) မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း ဆိုပြီး ပြဌာန်းထားပါတယ်၊ သဘောတရား အရတော့ ဘက်မလိုက်တဲ့ ကော်မရှင်တရပ်ကို သမတက ခန့်အပ်ဖွဲ့စည်းပေးပြီး ရွေးကောက်ပွဲကို ကျင်းပဖို့ တာဝန်အပ်နှင်းတဲ့ ပုံစံပါပဲ။ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေမှာလည်း ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်၊ ဆောင်ရွက်ချက်တွေဟာ အပြီးအပြတ်အတည်ဖြစ်စေရမယ်လို့ ပြဌာန်းထားပါတယ်။
တချိန်တည်းမှာ ကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို သမတက စွပ်စွဲအပြစ်တင်နိုင်တဲ့ အချက်တွေထဲမှာ “နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း”၊ “ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက် တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း” လို အချက်တွေကို ပြဌာန်းထားပါတာတွေ့ရပါတယ်။ လက်တွေ့မှာလည်း ရွေးကောက်ပွဲကော်မရှင်မှာ ထိပ်ဆုံးအဆုံးအဖြတ်နေရာကနေ အောက်ခြေအဆင့်ဆင့်အထိ စစ်တပ်အရာရှိ အရာခံတွေကို ခန့်အပ်ထားလို့ နိုင်ငံရေးပါတီတွေက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် စိုးရိမ်နေကြ ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေမှာ ပေါ်ပေါက်နေတဲ့ ရွေးကောက်ပွဲ ပဋိပက္ခတွေကနေ သင်ခန်းစာမယူရင် မြန်မာပြည်မှာလည်း အလားတူ ပြဿနာတွေ ပေါ်ပေါက်လာဖို့ အခြေအနေ များပါတယ်။
“ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ကမ္ဘောဒီးယား တို့မှာ လုံလောက်တဲ့ ဒီမိုကရေစီမူဘောင် ထိန်းကြောင်းမှုစနစ်တွေ အလုံအလောက်မရှိတာကြောင့် ရွေးကောက်ပွဲတွေအပေါ် ယုံကြည်မှု ပျက်စီးစေပြီး မငြိမ်သက်မှုတွေပေါ်ပေါက်စေဖို့ အကြောင်းဖြစ်ရ တယ်၊ အာဏာရှင်ဆန်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ စာရိတ္တပျက်ပြားတဲ့ နိုင်ငံရေးသမားတွေဟာ အစိုးရ ယန္တယားတွေကို သူတို့ ကိုယ်ကျိုး၊ သူတို့ အပေါင်းအပါတွေရဲ့ ကိုယ်ကျိုးအတွက် အသုံးချကြတယ်။ တချို့ နိုင်ငံတွေမှာ ဆယ်စုနှစ်တွေတောင် ရှိနေပြီ” လို့ နယူးယော့ခ် တိုင်းမ် သတင်းစာ အယ်ဒီတာ့ အာဘော်က ကောက်ချက်ဆွဲထားပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲလောက်ကို ဆိုလိုတာမဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးမှု၊ အာဏာခွဲခြားမှု၊ အာဏာခွဲဝေမှု၊ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေလည်း အကြုံးဝင် ပါတယ်။
ဒီထက်အရေးကြီးတာက စိတ်နေစိတ်ထားဖြစ်ပါတယ်။ ဒီမိုကရက်တယောက်ဖြစ်ဖို့ အရေးကြီးတဲ့ မှတ်ကျောက်ဟာ ရွေးကောက်ပွဲနဲ့ အာဏာကို ရအောင် ဘယ်လို ယူနိုင်သလဲဆိုတဲ့ အချက်မဟုတ်ပါဘူး။ ရွေးကောက်ပွဲအရှုံးကို လူကြီးလူကောင်းဆန်ဆန် ဘယ်လိုခံယူသလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ ရှုံးသွားရင် နောက်တကြိမ် ရွေးကောက်ပွဲအထိ စောင့်ကြပါတယ်။
အာရှရဲ့ အာဏာရ ခေါင်းဆောင်တွေလိုပဲ မြန်မာပြည်ရဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ အတိအကျ ပြောရရင် စစ်ခေါင်းဆောင်တွေဆီမှာ ဒီမိုကရက် စိတ်နေစိတ်ထားတွေ အားနည်းနေတာကို တွေ့ရပါတယ်၊ အာဏာလက်လွှတ်ရမှာကို ကြောက်ပြီး ရွေးကောက်ပွဲကို မရိုးမသား ကျင်းပကြပါတယ်။ ရွေးကောက်ပွဲအထိ မစောင့်နိုင်ကြပါဘူး။ အာဏာကို တရားမျှတတဲ့ ရွေးကောက်ပွဲနည်းလမ်းနဲ့ ယူရတယ်၊ ရှုံးသွားရင် နောက်ရွေးကောက်ပွဲကို စောင့်ရတယ်ဆိုတဲ့ ဒီမိုကရက်စိတ်ဓာတ်တွေကို မြန်မာစစ်ဗိုလ်ချုပ်တွေ နားလည်လက်ခံ သဘောပေါက်တဲ့နေ့ဟာ မြန်မာပြည်မှာ ဒီမိုကရေစီရမယ့် နေ့ပါပဲ။