နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး အဖွဲ့(International Crisis Group-ICG)က မြန်မာအစိုးရ နှင့် ကုလ သမဂ္ဂ အဖွဲ့ကို တနိုင်ငံလုံးအတိုင်း အတာဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို ပြန်လည် ပြင်ဆင်ပေးရန် တောင်းဆိုလိုက် သည်။ ကောက်ယူမှုတွင်ပါဝင်သော မေးခွန်းများသည် မလိုအပ်သော ဆန့်ကျင်ခြင်းများပါဝင်နေပြီး သဘောထားကွဲ လွဲမှုများ ဖြစ်စေနိုင်သည်ဟု ၎င်းတို့က ဖွင့်ဆိုခဲ့ကြသည်။
ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အခြေစိုက်သည့် ICG အဖွဲ့က တိုင်းရင်းသား လူနည်းစုများက လူမျိုး၊ ဘာသာနှင့် နိုင်ငံသား ဖြစ်မှု အချက်အလက်များ ကောက်ယူခြင်းကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုနေကြခြင်းကို ပဲ့တင်ထပ်လိုက်ခြင်းလည်း ဖြစ်သည်။ ပြင်ဆင်ပြောင်းလဲရန်လည်း အချိန်နည်းပါးနေသည့် အတွက်လည်း အချိန်ကာလတခုအထိ ရွှေ့ဆိုင်းပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း ထိုအချက်များကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည် ပင်ဆင်ရန် လိုအပ်နေခြင်းကို အစိုးရက ခုခံကာကွယ်သွားခဲ့သည်။
“အမျိုးသား စီမံကိန်းနဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် တိကျသေချာတဲ့ လူဦးရေစာရင်း အချက်အလက်တွေ ကောက်ယူနိုင်ဖို့ လိုအပ်ပါတယ်။ နောက်ဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ယူခဲ့တာ နှစ်၃၀ ကျော်သွားပါပြီ။ ဒါပေမယ့် အခုကောက်မယ့် မေးခွန်း ၄၁ ခုပါဝင်ပါတဲ့ သန်းခေါင်စာရင်းက ရှုပ်ထွေးလွန်းပြီး အန္တရာယ်များပါတယ်” ဟု ICG ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“စစ်အာဏာရှင် အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အစိုးရစနစ်ကို သွားနေတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှု လမ်းကြောင်းမှာ နယ်စပ်ဒေသတွေမှာ ဆယ်စုနှစ်များစွာရှိနေခဲ့တဲ့ တိုင်းရင်းသား ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေးက မြန်မာနိုင်ငံအတွက် အခက်အခ ဲဖြစ်နေပါတယ်။ တချိန်ထဲမှာပဲ ပြီးခဲ့တဲ့လတွေထဲမှာ ဗမာ-ဗုဒ္ဓဘာသာ အမျိုးသားရေးလုပ်ရှားမှုတွေကြောင့် မွတ်စလင် လူနည်းစု အသိုင်းအဝိုင်းတွေ ထိခိုက်နစ်နာရမှုတွေ တိုးပွားလာပါတယ်။ ဒါကြောင့် ဒီလိုတင်းမာမှုတွေ တိုးလာနိုင်စရာရှိတဲ့ သန်းခေါင်စာရင်း ကောက်ယူမှုမျိုးကို မစဉ်းစားသင့်ပါဘူး” ဟုလည်း ICG ကဆိုသည်။
နောက်လတွင် စတင်ကောက်ယူတော့မည့် သန်းခေါင်စာရင်းအတွက် အစိုးရ၏ ပြင်ဆင်မှုများကို ချီးမွမ်းခဲ့သော်လည်း အစိုးရတာဝန်ရှိသူများ၊ ကုလသမဂ္ဂနှင့် အလှူရှင်များအပါအဝင် ဦးဆောင်စီစဉ်သူများက ဖြစ်လာဖွယ်ရှိသော အန္တရာယ်များ ကို လုံလုံလောက်လောက် အလေးထားခဲ့ခြင်းမရှိ ဟု ICG ကပြောသည်။ တိုင်းရင်းသားလူမျိုးစုများ ခွဲခြားသတ်မှတ်ရာတွင် အားနည်းချက်များ ရှိနေပြီး ဘာသာရေးနှင့် ပတ်သက်သည့် အချက်အလက်များ ကောက်ယူရာမှ မွတ်စလင် ဆန့်ကျင်ရေး စိတ်ဓာတ်များ မြင့်တက်လာစေနိုင်ပြီး လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု အဓိကရုဏ်းများ ဖြစ်ပွားလာနိုင်သည် ဟု သတိပေးသည်။
၂၀၁၂ ခုနှစ်မှ စ၍ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဒေသခံ ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာ မူဆလင်များ ကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် လူ ၂၀၀ ကျော် သေဆုံး၍ ၁၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ မူဆလင် လူ ဦးရေ ရုတ်တရက်ကြီး အဆမတန်မြင့်တက်လာခြင်းကို စိုးရိမ်ထိတ်လန့်မိကြောင်း ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာဝင် အချို့ က ပြောကြသည်။ မွတ်စလင် ယောက်ျားများက ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်ယူရန်ကြိုးစားကြမည် ဖြစ်ပြီး အစ္စလမ်ဘာသာသို့ ကူးပြောင်းဝင်ရောက် စေလိမ့်မည် ဟုလည်း ဆိုကြသည်။
၁၉၈၃ ခုနှစ်က သန်းခေါင်စာရင်းနောက်ဆုံး အကြိမ်ကောက်ယူပြီးချိန်နောက် ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့် မြန်မာ နိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းသည် မွတ်စလင်များ ဖြစ်သည်ဟု စစ်အစိုးရက ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ရာခိုင်နှုန်း က သေချာမှု မရှိပါ။
“တကယ် ကောက်ယူခဲ့တဲ့ အချိန်မှာ ၁၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဖော်ပြနေတဲ့ ခိုင်မာတဲ့ ညွှန်ပြချက်တွေရှိပါတယ်။ ဒါပေမယ့် နိုင်ငံရေး အရဆုံးဖြတ်ပြီး ပိုပြီး လက်ခံနိုင်စရာဖြစ်တဲ့ ၄ ရာခိုင်နှုန်းလို့ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိကောက်ယူမယ့် သန်းခေါင်စာရင်းမှာ ဒါကို အမှတ်မှားပြီး မွတ်စလင် လူဦးရေက နှစ် ၃၀ အတွင်း ၃ ဆ တိုးလာပါတယ်လို့ ဖော်ပြထုတ်ပြန် လိုက်ရင် အစွန်းရောက်လှုပ်ရှားမှုတွေ ပေါ်ပေါက်လာဖို့ ဖိတ်ခေါ်သလို ဖြစ်သွားနိုင်ပါတယ်” ဟုလည်း ICG ကပြောသည်။
ICG အဖွဲ့က သန်းခေါင်စာရင်း ကောက်ယူရာတွင် လူဦးရေစာရင်းနှင့် သက်ဆိုင်သည့် မေးခွန်းများဖြစ်သည့် အသက် အရွယ်၊ လိင် နှင့် အိမ်ထောင်ရှိ/မရှိ စသည့်အချက်များကိုသာ ကောက်ယူရန် အကြုံပြုလိုက်သည်။ “ဒီလို လုပ်ခြင်း အား ဖြင့် လူမျိုး၊ ဘာသာ၊ နိုင်ငံသား စတဲ့ အငြင်းပွားဖွယ်ရာကိစ္စတွေနဲ့ ပတ်သက်ဖို့ မလိုဘဲ အရေးအကြီးဆုံး ဖြစ်တဲ့ အချက်အလက်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းတို့က ဆိုသည်။
“သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်တွေကို အလျှင်အမြန် ပြင်ဆင်ပြီး အဓိကကျတဲ့ လူဦးရေစာရင်းဆိုင်ရာ မေးခွန်း တွေကိုပဲ အလေးထားသင့်ပါတယ်။ အမှန်တကယ် မလိုအပ်တဲ့ ဆန့်ကျင်ဖက်သဘောဆောင်ပြီး ကွဲပြားမှုတွေဖြစ်စေနိုင်မယ့် လူမျိုး၊ ဘာသာ၊ နိုင်ငံသား စတဲ့ မေးခွန်းတွေကိုတော့ ပိုပြီး သင့်တော်တဲ့ အချိန်တခုအထိ ရွှေ့ဆိုင်းထားသင့်ပါတယ်” ဟုလည်း ICG က အကြံပြုလိုက်သည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူခြင်းကို နောက်လကုန်ပိုင်းတွင် စတင်မည်ဖြစ်ပြီး မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ အချက်အလက်များ ကောက်ယူသွားမည် ဖြစ်သည်။ ကုလသမဂ္ဂ လူဦးရေ ရံပုံငွေ အဖွဲ့ ၏ အကူအညီဖြင့် မြန်မာအစိုးရက ပြုလုပ်ခဲ့သော စစ်တမ်းတွင် နိုင်ငံသား ဖြစ်ခြင်းကို တိုင်းရင်းသား လူမျိုးစု ၁၃၅ ခု ထဲမှ တခုတွင် ပါဝင်ရမည်ဟု သတ်မှတ်ထားသည်။ ရိုဟင်ဂျာ မူ ဆလင်များ အပါအဝင် နိုင်ငံသား မဟုတ်သူများသည် “အခြား” ဟုဖော်ပြပြီးမှ ၎င်းတို့၏ ကိုယ်ပိုင် လူမျိုးစုကို ရေးသားရမည် ဖြစ်သည်။ အစိုးရက မြန်မာနိုင်ငံဇာတိ အဖြစ် အသိအမှတ်ပြု မထားသည့် လူမျိုးစု တခုတွင်ပါဝင်နေသည့် နိုင်ငံသားများလည်း ထိုနည်းတူပင်ဖြစ်သည်။
နိုင်ငံရေး သက်ရောက်မှုလမ်းကြောင်းများ ရှိနေဖြင့် ရလဒ်အဖြေများက အရေးပါနေသည်။ မဲဆန္ဒနယ် များတွင် ဥပဒေအရ သတ်မှတ်ထားသည့် လူဦးရေ အရေအတွက်မပြည့်မီသော တိုင်းရင်းသား လူမျိုးစုများသည် ဒေသ ဆိုင်ရာ အစိုးရများတွင် ဝန်ကြီးအဖြစ် ကိုယ်စားပြု ပါဝင်ခွင့် နေရာ ရရှိနိုင်မည် မဟုတ်ပေ။
စစ်အစိုးရ အုပ်ချုပ်ခဲ့စဉ်အခါက ဗမာအရာရှိများက လွှမ်းမိုးထားနိုင်အောင် ဗမာတိုင်းရင်းသား လူများစု အရေအတွက်ကို အလွန် များပြားလာအောင် ပြုလုပ်ခဲ့သည်ဟု အစိုးရကို တိုင်းရင်းသား လူနည်းစုများက စွပ်စွဲခဲ့ကြသည်။ ယခုအချိန်တွင်လည်း မှားယွင်းစွာ ကိုယ်စားပြုခြင်းနှင့် ပတ်သက်သည့် အလားတူကိစ္စများအတွက် စိုးရိမ်ပူပန်မှုများ ပေါ်ထွက်လာသည်။ အချို့တိုင်းရင်းသားလူမျိုးများက စစ်တမ်းကောက်ယူရာတွင် တိုင်းရင်းသား လူမျိုးစုများကို တိကျ သေချာစွာ သတ်မှတ် ထားနိုင်မှုမရှိခြင်း၊ သို့မဟုတ် မျိုးနွယ်ခွဲတခုကို အခြားမသက်ဆိုင်သည့် လူမျိုးစုများ အောက်တွင် ထည့်သွင်းထားခြင်း စသည့် အားနည်းချက်များ ရှိနေသည် ဟုဆိုကြသည်။
ထိုသို့ စိုးရိမ်ပူပန်မှုများ ရှိနေချိန်တွက် လူမျိုးစုကိုပါ ထည့်သွင်းကောက်ခံရခြင်း နှင့် ပတ်သက်၍ အစိုးရက ခုခံကာကွယ်သွားသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက ကမ္ဘာပေါ်မှ အခြားနိုင်ငံ အများ အပြားတွင် သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးကို ထည့်သွင်းကောက်ယူခြင်း မရှိသော်လည်း မြန်မာနိုင်ငံတွင် စာရင်း အချက်အလက်များမှာ အလွန်ခေတ်နောက်ကျနေသဖြင့် ထည့်သွင်း ကောက်ယူရခြင်းဖြစ်ကြောင်း ယခင်အပတ်က ပြောကြားလိုက်သည်။
“နှစ်ပေါင်း ၃၀ ကြာမှ ကောက်ရတဲ့အတွက် လူမျိုး ဘယ်လောက်ရှိလဲ တိတိကျကျ မသိတော့ဘူး။ ဒီအတွက် ထည့် ကောက်တာပါ။ ဒီလိုကောက်လို့ တရားမဝင်တာတော့ မဟုတ်ပါဘူး။ သူများနိုင်ငံတွေက ၁၀ နှစ်တကြိမ် ကောက်ပါတယ်။” ဟု ဦးခင်ရီက ဖေဖော်ဝါရီလ ၁၀ရက်နေ့က ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတခု တွင်ပြောကြား ခဲ့သည်။
“တိုင်းရင်းသားတွေ စိတ်ပူနေတာက လာမယ့်ရွေးကောက်ပွဲကြောင့် လူမျိုး (အမည်) ပျောက်သွားရင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရခြင်း၊ မရခြင်း စတာတွေကို စိတ်ပူနေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သန်းခေါင်စာရင်း ကောက်တာက ရွေးကောက်ပွဲကို တိုက်ရိုက် မသက်ဆိုင်နိုင်ပါဘူး။ သွယ်ဝိုက်တော့ သက်ဆိုင်နိုင်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေ ထင်သလိုတော့ လူမျိုးပျောက်လို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် မရတာမျိုး မရှိစေရပါဘူး” ဟု သူကဆိုသည်။
သူက ထိုသို့ အာမခံပြောကြားခဲ့သော်လည်း တိုင်းရင်းသား အဖွဲ့အများအပြားက ၎င်းတို့၏ စိုးရိမ်သည့်အတိုင်း ဖြစ်မလာစေရန် သန်းခေါင်စာရင်းကောက်ယူခြင်းကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ချင်း တိုင်းရင်းသား အရေး လှုပ်ရှားသူများက အချက်လက်ကောက်ယူခြင်းကို တလ ဆိုင်းငံ့ပေးပါရန် သမ္မတဦးသိန်းစိန်၊ လူဝင် မှုကြီးကြပ်ရေး ဝန်ကြီးနှင့် ဗဟိုသန်းခေါင်စာရင်း ကော်မတီ ဥက္ကဌတို့ထံ စာရေးသား တောင်းဆိုခဲ့သည်။
“သန်းခေါင်စာရင်း ကောက်ယူမှု အစီအစဉ်အချို့က ချင်းတိုင်းရင်းသားတွေ အပါအဝင် တိုင်းရင်းသားပြည်သူတွေကို ထိခိုက်နစ်နာ စေနိုင်တယ်လို့ ကျနော် တို့ တွေ့ရှိခဲ့ရပါတယ်။ အထူးသဖြင့် မျိုးနွယ်စု အမည်တွေက မှားယွင်းနေပါတယ်” ဟု ချင်းတိုင်းရင်းသားရေးရာ သန်းခေါင်စာရင်း အထောက်အကူပြု ကော်မတီ၏ စာတွင်ဖော်ပြထားသည်။ မျိုးနွယ်စု အမျိုးမျိုးကြားတွင် ပဋိပက္ခများ ပေါ်ပေါက်လာမည်ကို စိုးရိမ်ကြောင်းလည်း သူတို့က ထပ်ပြောသည်။
ကချင်တိုင်းရင်းသား အရပ်ဖက် အဖွဲ့အစည်း ၂၃ ခုကလည်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းထံသို့ သီးခြားစာတစောင်ပေးပို့၍ သန်းခေါင်စာရင်း ကောက်ယူမှုကို ရွှေ့ဆိုင်းပေးရန် နှင့် မျိုးနွယ်စုများ သတ်မှတ်ရေးနှင့် ပတ်သက်၍ ထပ်မံဆွေးနွေး ညှိနှိုင်းခွင့်ပြုရန် တောင်းဆိုခဲ့သည်။ အမျိုးအမည်ခွဲခြားမှုနှင့် ပတ်သက်၍ တိတိကျကျ ဆုံးဖြတ်ချက် မရရှိ နိုင်သေးပါက လူမျိုးနှင့် ဆက်စပ်သောမေးခွန်းများကို ဖယ်ထုတ်ပေးရန်လည်းတောင်းဆိုခဲ့သည်။
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ကလည်း ယခုအချိန်သည် သန်းခေါင် စာရင်း ကောက်ယူရန် အချိန်ကောင်း မဟုတ်ဟု ပြောသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် အစိုးရတပ်များ အကြားတွင် တိုက်ပွဲများ ရှိနေဆဲဖြစ်သဖြင့် ဝေးလံသော တိုင်းရင်းသားပြည်နယ်များတွင် အချက်အလက်များ ကောက်ယူ နိုင်ရေးအတွက် အဆီးအတားဖြစ်နေသည်ဟု သူက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပြောကြား လိုက်သည်။
“တကယ်လို့ အစိုးရက အခုအချိန်မှာ သန်းခေါင်စာရင်းကောက်ယူမယ်ဆိုရင် စစ်တမ်းကပြည့်စုံမှာ မဟုတ်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ စစ်ပွဲနဲ့ ပဋိပက္ခတွေလိုမျိုး အခြေအနေတွေက အများကြီးရှိနေတယ်” ဟု သူက ဆိုသည်။
သန်းခေါင်စာရင်းနှင့် ပတ်သက်သော ကိစ္စများလုပ်ဆောင်နေသည့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ အဖွဲ့ မှ ကိုယ်စားလှယ် များသို့ ICG ၏ ကြေညာချက်နှင့် ပတ်သက်၍ မှတ်ချက်ပြောကြားပေးရန် ဖေဖော်ဝါရီလ ၁၃ရက်နေ့က ဆက်သွယ်သော် လည်း မရခဲ့ပါ။
ဆမန်သာ မိုက်ကယ်၊ ရင်စနိုင်းနှင့် ငြိမ်းငြိမ်းတို့ ပူးပေါင်းရေးသား သတင်းပို့သည်။