ဧရာဝတီ တိုင်းဒေသကြီး သာပေါင်း မြို့နယ် တောင်ကလေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၃ ဦးကို လူကုန်ကူးမှုဖြင့် အရေးယူပေးရန် ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် ရွှေပြောင်း လုပ်သားတဦးက သာပေါင်း မြို့မရဲစခန်းတွင် ယမန်နေ့က အမှုဖွင့်ခဲ့ကြောင်း သိရသည်။
တောင်ကလေး ကျေးရွာအုပ်စု အတွင်းမှ ဒေသခံများကို အကြွေး စနစ်ဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင် ပို့ဆောင်၍ အလုပ်ကြမ်းများ ခိုင်းစေခဲ့သည့် အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ ၎င်း၏ ညီဖြစ်သူ ဦးအောင်မြင့်နှင့် ဦးအုန်းချစ်တို့အား အမှုဖွင့် ထားကြောင်း တရားလို ဖြစ်သူ တောင်ကလေး ကျေးရွာနေ ကိုမောင်ဇော်က ဧရာဝတီသို့ ပြောသည်။
“သူတို့က ကျနော် အပါအဝင် ရွာသားတွေကို လူ စုဆောင်းတယ်၊။ ထိုင်းကို တရားမဝင် အကြွေးနဲ့ ပို့ပေးတယ်။ ဟိုရောက်တော့ လုပ်ခတွေ ခေါင်းပုံဖြတ် ယူတယ်။ ကျနော့်ကို ပို့ဆောင်ပေးခဲ့တာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နဲ့ သူ့ညီ ဦးအောင်မြင့် ဖြစ် ပါတယ်။ နောက် လူပို့တဲ့ အထဲမှာ ဦးအုန်းချစ် ဆိုတာလည်း ပါသေးတယ်။ ဒီကိစ္စကို ကျနော်က မကျေနပ်လို့ အမှု ဖွင့်တာပါ”ဟု ၎င်းက ပြောသည်။
တောင်ကလေး ကျေးရွာမှ အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၅၁ ဦးကို ဦးသိန်းအောင်၊ ဦးအောင်မြင့်နှင့် ဦးအုန်းချစ်တို့က ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက စတင်၍ တရားမဝင် လမ်းကြောင်းမှတဆင့် ထိုင်း နိုင်ငံသို့ ပို့ဆောင်ခဲ့ပြီး လုပ်အားခများအား ခေါင်း ပုံဖြတ်ယူခဲ့ကြောင်းလည်း ကိုမောင်ဇော်က ဆိုသည်။
ယင်းသို့ တရားမဝင် ပို့ဆောင်မှုတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က လူ၄ ဦး ပို့ဆောင်ခဲ့ပြီး၊ ဦးအောင်မြင့်က လူ ၂၄ ဦးနှင့် ဦးအုန်းချစ်က လူ ၂၇ ဦးကို ပို့ဆောင်ခဲ့ကြောင်း တောင်ကလေး ကျေးရွာ ဒေသခံများက ဧရာဝတီ တိုင်းဒေသကြီး အစိုးရ ဝန်ကြီး ချုပ်ထံ တင်ပြသော စာတွင် ရေးသားထားသည်ကို တွေ့ရသည်။
အမည် မဖော်လိုသည့် တောင်ကလေး ရွာသား တဦးက“ကျေးရွာ အုပ်ချုပ်ရေးမှူးက ကိုမောင်ဇော် တို့ကို ပို့တဲ့ အခေါက်က ဆိုရင် လူ ၁၄ ဦး ပါတယ်။ ဦးသိန်းအောင် ကိုယ်တိုင် ကားဂိတ် အထိ လိုက်ပို့ ပေးတာ။ နောက်တခါ သူ့သားကို ထိုင်းကိုပို့တဲ့ အခေါက်မှာဆိုရင်လည်း ရွာက လူငယ် ၃ ဦးပါတယ်။ သူ့သားနဲ့ဆို ၄ ဦးပေါ့။ သူကိုယ်တိုင် ရန်ကုန်ကို ထက်အောင်လင်းကားနဲ့ လိုက်ပို့ပေးခဲ့ တာ”ဟု ပြောသည်။
ဦးအောင်မြင့်က မိမိအား ထိုင်းသို့ အလုပ်သွား လုပ်ရန် လမ်းစရိတ် ကျပ် ၆ သိန်း သတ်မှတ်ပြီး ယင်းငွေ အပေါ်တွင် အတိုး ၁၀ ရာခိုင်နှုန်း သတ်မှတ်ကြောင်း၊ ထိုင်းရောက်မှ အလုပ်လုပ်ပြီး ပြန်ဆပ်ရန် ပြောဆိုပြီး တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့မှ တဆင့် သွားရသည့် တရားမဝင် လမ်းကြောင်းမှ ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံမှ သာပေါင်း မြို့နယ်သို့ ပြန်လည် ရောက်ရှိလာခဲ့သူ မဝါဝါအောင်က ပြောသည်။
“ကျမတို့ကို ဦးအောင်မြင့်က ထားဝယ်အထိ လိုက်ပို့တယ်။ ထားဝယ်မှာ ကောင်လေးတယောက်နဲ့ဦးကြီး တယောက်က လာခေါ်ပြီး ထိုင်းထဲကို ပို့တယ်။ ထိုင်းရောက်တော့ ဦးအောင်မြင့်ရဲ့သား ကိုသန်းထိုက်က ငါးခြောက်လှမ်းတဲ့ စက်ရုံမှာ အလုပ် ထည့်ပေးတယ်။ အလုပ်လုပ်ရတာက တနေကုန်ပဲ။ မနက် ၆ နာရီလောက်က လုပ်တာ ည ၁၁ နာရီလောက်မှ ပြီးတယ်။ စားတာလည်း ကောင်း ကောင်း မစားရဘူး။ လုပ်ခ ကျတော့ ကိုသန်းထိုက်က အလုပ်ရှင်ဆီကနေ ဖြတ်ယူထားတယ်”ဟု ၎င်းက ပြောပြသည်။
အလုပ်ကြမ်း လုပ်ရသဖြင့် မလုပ်လိုတော့ဘဲ အိမ်ပြန်လိုကြောင်း ပြောသော်လည်း အကြွေး မကျေသည့် အတွက် ကိုသန်းထိုက်က ပြန်မလွှတ်ခဲ့ကြောင်း၊ ၁၀ လခန့် အလုပ်လုပ်ပြီးနောက် လမ်းစရိတ် အကြွေး ၆ သိန်း ကျေသည့် အခါမှသာ အိမ်ပြန်ခွင့် ပြုသဖြင့် ထိုင်းနိုင်ငံမှ ပြန်လာရခြင်း ဖြစ်ကြောင်း မဝါဝါအောင်က ပြောဆိုသည်။
ထိုင်းနိုင်ငံသို့ တရားမဝင် ပို့ဆောင်ခံရသူများမှာ ငါးခြောက် လုပ်ငန်း၊ ရေခဲ စက်ရုံ၊ ရေသန့် စက်ရုံ၊ ရာဘာ စိုက်ခင်းနှင့် သစ်သီးခြံများရှိ အလုပ်ကြမ်းများကို လုပ်ကိုင်ကြရကြောင်း ထိုင်းမှ ပြန်လည် ရောက်ရှိလာသူများက ဆိုသည်။
လူကုန်းကူးမှု စွပ်စွဲချက်များနှင့် ပတ်သက်ပြီး တောင်ကလေး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က “ကျနော့်ကို စွပ်စွဲထားတာ တွေက လုံး၀ မဟုတ်ပါဘူး။ ဒီကိစ္စကို တရားရုံးမှာ ကျနော် ရင်ဆိုင် ရဲပါတယ်။ အပြစ် ကျူးလွန်ရင်လည်း ကျနော်တို့က အရေးယူခံ ဖို့ အဆင်သင့်ပဲ။ လူခေါ်တဲ့ ကိစ္စတွေမှာ ဦးအောင်မြင့်တို့ ဦးအုန်းချစ်တို့နဲ့ အလုပ်လုပ်ချင်တဲ့ လူတွေ ထိုင်း ကို ပါသွားတယ် ဆိုတာ သိတာနဲ့ ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၁၃ မှာ ကျနော် သူတို့ ၂ ဦးကို ခံဝန် လက်မှတ် ထိုးခိုင်းခဲ့ပါတယ်။ ဒါတွေဟာ ပြဿနာ ရှိတယ်။ အန္တရာယ် ရှိတယ်။ နောက်နောင် အခုလို လူတွေ ခေါ်မသွားဖို့ လက်မှတ် ထိုးခိုင်းတာပါ”ဟု ပြောဆိုသည်။
ယင်း အမှုကို သာပေါင်းမြို့နယ် မြို့မရဲစခန်းက လက်ခံထားပြီး တိုင်ကြားသူ ကိုမောင်ဇော်အား မေးမြန်း စစ်ဆေးနေကြောင်း သာပေါင်း မြို့မ ရဲစခန်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
လက်ရှိတွင် ထိုင်း နိုင်ငံမှ သာပေါင်း မြို့နယ်သို့ ပြန်လည် ရောက်လာသူ ၉ ဦး ရှိပြီး လူ ၄၀ ကျော်မှာ တရားမဝင် အလုပ်သမားများ အဖြစ် ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေကြဆဲ ဖြစ်ကြောင်း သိရသည်။
“ထိုင်းမှာ ကျန်နေတဲ့ လူတွေ အတွက် မြန်မာပြည်က သူတို့ မိသားစုဝင်တွေက စိတ်ပူနေကြတယ်။ တရားမဝင်သွားတဲ့ လူတွေလည်း ဖြစ်တော့ သူတို့တွေ အဖမ်းခံ ရမလား၊ ဘာတွေများ ဖြစ်မလဲ စိတ်ပူနေကြတာ။ ပြန်ခေါ်ဖို့ အတွက်တော့ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ရော၊ လူကုန်ကူးမှု တားဆီးရေး တပ်ဖွဲ့ကိုရော အကူအညီ တောင်းထားတယ်”ဟု လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ကူညီ ဆောင်ရွက်နေသည့် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက် (HRWDN) မှ ကိုမြင့်နိုင်က ပြောသည်။
အဆိုပါ တရားမဝင် အလုပ်သမားများထဲမှ တောင်ကလေး ကျေးရွာနေ ကိုကျော်ဦး ဆိုသူမှာလည်း လုပ်ခလစာကိစ္စဖြင့် အချင်းများ သော ကြောင့် ထိုင်းနိုင်ငံသား အလုပ်ရှင်၏ သတ်ဖြတ်ခြင်းခံခဲ့ရပြီး ထိုင်း နိုင်ငံမှာပင် သင်္ဂြိုဟ်ခဲ့ရကြောင်း မိသားစုဝင်များက ပြောပြ သည်။
ဧရာဝတီတိုင်း ဒေသကြီးသည် မြန်မာနိုင်ငံတွင် လူကုန်ကူးခံရမှု ပဉ္စမမြောက် အများဆုံး ဒေသတခုဖြစ်ပြီး ၂၀၁၃ ခုနှစ် အတွင်း လူကုန်ကူးမှု ၆ မှု ဖြစ်ပွား ခဲ့သည်။
၂၀၁၃ ခုနှစ် အတွင်း ထိုင်း နိုင်ငံသို့ လူကုန်ကူး ခံရသူ အမျိုးသား ၁၄၂ ဦး၊ အမျိုးသမီး ၉၁ ဦး စုစုပေါင်း ၂၃၃ ဦး ရှိကြောင်း လူကုန်ကူးမှု တားဆီးရေး တပ်ဖွဲ့၏ စာရင်း မှတ်တမ်းများ အရ သိရသည်။