ရန်ကုန်မြို့တော်ကဲ့သို့ မြို့ပြဒေသကြီးများတွင် ကုသရန် ခက်ခဲ၍ ဆေးမတိုးသည့် အဆုတ်တီဘီရောဂါ ဖြစ်ပွားမှုများ ရှိလာပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အဆုတ်နှင့်ရင်ခေါင်းအထူးကုဌာန၊ ဌာနမှူး ပါမောက္ခ ဒေါက်တာ ဝင်းနိုင်က ပြောသည်။
ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကျင်းပသည့် တီဘီရောဂါဆိုင်ရာ အသိပညာပေး ဟောပြောပွဲ တွင် ဒေါက်တာဝင်းနိုင် က ထိုသို့ပြောဆိုခြင်းဖြစ်သည်။
“ ဆေးယဉ်ပါး တီဘီ အခြေအနေ ဘယ်လိုရှိပါသလဲ။ ကျနော်တို့နိုင်ငံ အဆိုးဆုံးထဲမှာမပါပါဘူး၊ ဒါပေမယ့် ကမ္ဘာ့ အဆိုးဆုံး ၂၇ နိုင်ငံထဲမှာတော့ ပါပါတယ်။ အဆိုးဆုံးတော့ မဟုတ်သေးပါဘူး၊ မဟုတ်ဖို့လည်း ကျနော် တို့ ကြိုးစားနေပါတယ်။ XDR တီဘီဆိုတာ ဆေးမတိုးတဲ့ တီဘီ ။ သူကတော့ အပြင်းတက အပြင်းထဲမှာ ပါတယ် ဆေးမတိုးတဲ့ တီဘီရောဂါတမျိုးဖြစ်တယ်။ အဲဒါက ကျနော်တို့ရဲ့ ကမ္ဘာကြီး ရင်ဘောင်တန်းရင် ကျနော်တို့ နိုင်ငံမှာလည်းရှိတယ်။ ဒီလေထုထဲမှာပဲ ရှိတယ်၊ လေကိုရှုတဲ့ သူတိုင်း ဒီတီဘီရောဂါဖြစ်နိုင်တယ်။ ဆင်းရဲ ချမ်းသာ မရွေး၊ ရန်သူမိတ်ဆွေ မဆိုင်ပါဘူး၊ ကျနော်တို့ ဆရာဝန်တွေ ကိုယ်တိုင် တီဘီရနိုင်ပါတယ်။ လူတိုင်း အတွက် အန္တရာယ်ရှိပါတယ်´´ ဟု ဒေါက်တာဝင်းနိုင်က ရှင်းပြသည်။
ပုံမှန်အားဖြင့် တီဘီရောဂါ ဖြစ်ပွားလျှင် ဆေးကုသမှု သက်တမ်း ၆ လနှင့် ၈ လ အတွက် ဆေးထိုး၊ ဆေး သောက်ရုံ ဖြင့် ပျောက်ကင်းနိုင်သော်လည်း ဆေးမတိုးသည့် XDR တီဘီ ရောဂါဖြစ်ပွားပါက ကုသရမည့် ဆေးဝါး ရှားပါးသည့်အပြင် ဆေးဝါးစရိတ်မှာလည်း အလွန်ကြီးမြင့်ကြောင်း၊ ဆေးကုသမှု ကာလသည်လည်း ၂ နှစ် ကြာမြင့်ပြီး သောက်သုံးရသည့်ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုး များပြားကြောင်း ၎င်းက ဆိုသည်။
ဆေးမတိုးသည့် XDR တီဘီသည် ပုံစံနှစ်မျိုးဖြင့် ကူးစက်ပျံ့ပွားပြီး တီဘီရောဂါ ဝေဒနာရှင်များ ဆေးပုံမှန် မသောက်သုံးရာမှ ဆေးယဉ်ပါးပြီး ကုသရန် ခက်ခဲသည့် XDR တီဘီရောဂါ ဖြစ်ပွားကြောင်း၊ ယင်းXDR တီဘီ ပိုးသည် လေထဲမှ တဆင့် အခြားသူများထံ ကူးစက်ပျံ့ပွားကြောင်း သိရှိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်က ကုသရန် ခက်ခဲသည့် ဆေးမတိုး သော တီဘီရောဂါ ဖြစ်ပွားသူများကို ပြုစုစောင့်ရှောက်ရေး စီမံချက်များရှိပြီး ဆေးမတိုးသည့် တီဘီရောဂါ ခံစား ရသော ဝေဒနာရှင်များသည် သောက်သုံးရန် ဆေးဝါးအတွက် စောင့်ဆိုင်းရမှုများရှိကြောင်း သိရှိရသည်။
“ဆေးမတိုးတဲ့ TB အကြောင်းလေးလည်း ကျနော် တင်ပြချင်ပါတယ်။ ဘယ်လိုနည်းတွေရှိတယ်ပေါ့။ တမျိုးတည်းကို မတိုးတာ၊ နှစ်မျိုးကို မတိုးတာ။ အရေးကြီးသော နှစ်မျိုးကို မတိုးတာ။ နှစ်မျိုးအထက်ကို မတိုးတာ။ ဘာဆေးမှ မတိုးတာ။ ဒီလိုအဆင့်တွေ ကျနော်တို့ ခွဲထားတယ်။ အဲလိုခွဲထားတဲ့နေရာမှာ ဆေးမှာ စပြီးတော့ အူထဲကိုဝင်လိုက်တာနဲ့ မတိုးတဲ့ပိုးက ဝင်လာတာလား၊ ကိုယ့်ဆီမှာကုရင်းနဲ့ ကိုယ်လုပ်လို့ပဲ ဆေးက မတိုးတော့တာလား။ ဒီလိုမျိုး ကွဲတာရှိတယ်။ သူများဆီကစပြီးဝင်လာတဲ့ ပိုးကိုမှ သူများဆီက ကိုယ်က ရလိုက်တာပေါ့။ ဒါဆိုရင် ဆေးမတိုးတဲ့ TB ကိုကြည့်ရင် ဘာမှ ပြောလို့မရတော့ဘူလား။ ဆရာဝန်တယောက်အနေနဲ့ကျတော့ ကုရာနတ္ထိ ဆေးမရှိ ဒီလိုတော့လည်း မဟုတ်သေးဘူးပေါ့။ အရင်တုန်းက ကုရာနတ္ထိဆေးမရှိတွေ တောင် ဆေးရှိလာတာပဲ ။ ရှိတယ်လို့ ဆိုပြီးဖြစ်လာတာပဲ။ သူတို့လည်း ပွားတာပဲ။ ဒါပေမယ့် သေချာတာကတော့ ဘာလဲ ဆေးများများ သောက်ပါပေါ့လေ။ ဈေးများများ ပေးရမယ်။ TB က မဖြစ်တာ အကောင်း ဆုံးပါပဲ။ ဆေးယဉ်ပါးတီဘီအတွက် ဆေးဖိုးကုန်ကျစရိတ်က အပြင်မှာ ဆေးဝယ်သောက်ရင် တလကို ၅ သိန်း လောက် ကုန်တယ်။ ရှိတယ်။ ၂ နှစ် ဆေးသောက် ရမှာဆိုတော့ သိန်း ၁၀၀ လောက်ကုန်မယ်။ ကျနော်ကုပေးရတဲ့ ဆေးယဉ်ပါး တီဘီဝေဒနာရှင်တွေ ရှိပါတယ်´´ ဟု ဒေါက်တာဝင်းနိုင်က ဆိုသည်။
မြန်မာနိုင်ငံတွင် တီဘီရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ တိကျသော ကိန်းဂဏန်းဇယားမရှိဘဲ ခန့်မှန်းခြေအားဖြင့် ယမန်နှစ်က လူတသိန်းလျှင် လူဦးရေ ၂၀၀ တီဘီရောဂါဖြစ်ပွားကြောင်း၊ ယခုလက်ရှိတွင်မူ လူတသိန်းလျှင် လူ ၃၀၀ ရောဂါဖြစ်ပွားသည်ဟု ၎င်း၏ အဆိုအရ သိရှိရသည်။
Marie Stopes International Myanmar မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က တီဘီရောဂါသည် လူ့အသိုင်းအဝိုင်းကို ခြိမ်းခြောက်နေသော ကူးစက်ရောဂါတခုဖြစ်ပြီး လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံ၏ အခြေအနေကိုပါ သက်ရောက်မှု ရှိနိုင်သော ရောဂါဟု ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် တီဘီရောဂါ အဆိုးရွားဆုံး ကူးစက်ခံရသော ကမ္ဘာ့ ၂၇ နိုင်ငံစာရင်းတွင် ပါဝင်လျက်ရှိသည်။