အသစ်ဖွဲ့စည်းလိုက်တဲ့ အုပ်ချုပ်ရေးအဖွဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (SLORC) မှာ ဗိုလ်ချုပ်ကြီး စောမောင်က ဥက္ကဌဖြစ်လာပြီးတော့ ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေက ဒု ဥက္ကဌ ဖြစ်လာတယ်။ အာဏာသိမ်းဖို့ အရေးမှာ အရေးပါတဲ့ နေရာက ပါဝင်ခဲ့သလို ၁၉၈၈ အရေးအခင်းကာလ အတွင်း ပရမ်းပတာ အခြေအနေတွေ ဖန်တီးပြီး စစ်တပ်က အာဏာလွှဲယူလို့ရအောင် လမ်းခင်းကူညီပေးနိုင်ခဲ့တဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးကြီး ခင်ညွှန့် ကတော့ အတွင်းရေးမှူး(၁) အဖြစ် ခန့်အပ်ခြင်း ခံရတယ်။
ဗိုလ်ချုပ်ကြီးစောမောင် စင်ပေါ်ကိုရောက်လာပြီး စကားတွေပဲပြောနေချိန်မှာ ဗိုလ်မှူးချုပ် ခင်ညွှန့် ကတော့နေရာ အနှံ့ လျှောက်သွားပြီး လူထုနဲ့ တွေ့တယ်။ စီမံကိန်းတွေကို စစ်ဆေးတယ်။ အမိန့်တွေ ထုတ်တယ်။ ဒါကြောင့် ပြည်သူတွေရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ တကယ် အာဏာရှိသူက ဗိုလ်မှူးချုပ် ခင်ညွှန့်ဖြစ်တယ် မြင်ကြတယ်။ ဒါပေမယ့် သူ အာဏာရှိရခြင်းဟာ နိုင်ငံရေး စင်မြင့်ကနေ ထွက်ခွာသွားခဲ့ပေမယ့် နောက်ကွယ်ကနေ ဆက်လက်ကြိုးကိုင်နေဆဲဖြစ်တဲ့ ဦးနေဝင်း ကြောင့်လို့တော့ တွေးခဲ့ကြပါတယ်။
၁၉၈၉ ခုနှစ် မတ်လ ၂၇ရက်နေ့မှာ ဗိုလ်ချုပ်ကြီး စောမောင်က တည်ခင်းတဲ့ တပ်မတော်နေ့ ညစာစားပွဲမှာ ဦးနေဝင်းကို ထိပ်တန်း စစ်ဖက်အရာရှိကြီးတွေနဲ့ အတူ ရယ်ရယ်မောမောနဲ့ ညစာ စားနေတာကို တွေ့ရပါတယ်။ သူတို့တွေ အတူတကွ ရှိနေတဲ့ ပုံကို နောက်တနေ့ထုတ် အစိုးရသတင်းစာတွေမှာ ပုံနှိပ်ဖော်ပြလိုက်တဲ့အခါ “အဖိုးကြီး”ဦးနေဝင်း ဆက်ရှိနေပြီး သူနဲ့ဗိုလ်ချုပ်ကြီးတွေ သွေးစွန်းတဲ့ အာဏာသိမ်းပွဲအတွက် အောင်ပွဲခံနေကြတယ် ဆိုတဲ့သဘောမျိုး တမင်လုပ်ပြတာလို့ တွေးပြီး ပြည်သူတွေ ဒေါသဖြစ်ကြရတယ်။
တပ်မတော်နေ့မှာပဲ ဦးနေဝင်းနဲ့ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွ တွေ့ရတာ မဟုတ်ဘူး။ ဦးနေဝင်းရဲ့ အိမ်နားမှာ တာဝန်ကျတဲ့ထောက်လှမ်းရေး အရာရှိတွေဟာ ဗိုလ်ချုပ်ကြီး စောမောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ ဗိုလ်မှူးချုပ် ခင်ညွှန့်တို့ လိုက်ပါလာတဲ့ မော်တော်ကားတွေ ဦးနေဝင်းရဲ့ အိမ်ကို ရောက်လာတာ မကြာခဏ ဆိုသလို တွေ့ကြရတယ်။
Asiaweek မဂ္ဂဇင်းက ဗိုလ်ချုပ်ကြီး စောမောင်ကို ဦးနေဝင်းဟာ နောက်ကွယ်ကနေ အာဏာကို ချုပ်ကိုင်ထားသလားလို့ မေးတဲ့အခါ မှာ သူက“ ဒီလို ကောလာဟလတွေ၊ စွပ်စွဲချက်တွေကို ဖြေရှင်းဖို့က ကျနော်တို့အတွက် တော်တော်ခက် ပါတယ်။ ကျနော် ဦးနေဝင်းဆီကို သွားတာကို လူတွေကမြင်ရင် ကျနော်က ညွှန်ကြားချက်၊ ဒါမှမဟုတ် အကြံဉာဏ်ရယူဖို့ သွားတာဖြစ်မယ်လို့ တွေးကြတယ်။ ဒါပေမယ့် သူက ကျနော့်အတွက် မိဘလိုပဲ” လို့ ဖြေခဲ့တယ်။
ဒါပေမယ့် မြန်မာနိုင်ငံသား ပါမောက္ခ ဦးကျော်ရင်လှိုင်က သူ့ရဲ့ စာတမ်းတစောင်မှာ “လွတ်လပ်ရေးခေတ်လွန် မြန်မာအစိုးရတွေမှာ အာဏာနဲ့ ဂိုဏ်းကွဲ ပြဿနာတွေ ရင်ဆိုင်ခဲ့ရတယ်” လို့ ရေးသားခဲ့တယ်။ ဗိုလ်ချုပ်ကြီး စောမောင်က သတင်းထောက်တွေကို ပြောခဲ့တဲ့ စကားကလည်း မြန်မာလူမျိုးတွေရဲ့ လမ်းလွဲနေတဲ့ရှေးရိုး အစဉ်အလာတခုဖြစ်တယ်တဲ့။ “ဦးနေဝင်းက အိမ်ကိုလာဖို့ အမိန့်ထုတ်လိုက်တိုင်း (SLORC)က ထိပ်တန်းအရာရှိတွေက သူ့ကို သွားတွေ့ရတယ်။ အဆင့်အမြင့်ဆုံး တပ်မှူးကြီးတဦးကို သူ့ရဲ့လက်အောက်ငယ်သားတွေက ဂါရ၀ ပြုကြရသလိုမျိုးပါပဲ” လို့လည်း ဦးကျော်ရင်လှိုင်က ရေးခဲ့တယ်။
ဦးနေဝင်းကလည်း သူ့ရဲ့ သြဇာလွှမ်းမိုးမှုကို ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းယူပြီး နောက်ပိုင်း နှစ်တော်တော်ကြာတဲ့ အထိ ဆက်လက်သုံးစွဲခဲ့တယ်။ ဥပမာပြရရင် ၁၉၉၀ တုန်းက စစ်ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ အဖွဲ့ဟာ တပ်မတော်ဂေါက်ကွင်းမှာ လုံခြုံရေးတာဝန်ယူခဲ့ရတယ်။ အဲဒီဂေါက်ကွင်းဟာ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို ရေမရှိ၊ လျှပ်စစ်မီးမရှိတဲ့ မြို့သစ်တွေဆီကို ပြောင်းရွှေ့နေရာချပြီးတော့ အသစ်ပြန်လည်မွန်းမံထားတဲ့ ဂေါက်ကွင်းဖြစ်တယ်။
အဲဒီအချိန်မှာ ဗိုလ်မှူးအောင်လင်းထွဋ်ဟာ ဆက်သွယ်ရေးစက်ကနေ “မာဃကြီး (ဦးနေဝင်းရဲ့ လျှို့ဝှက်နာမည်) ဂေါက်ရိုက်ဖို့ လာနေပြီ”ဆိုတဲ့ သတင်းပို့ချက်တခု လက်ခံရရရှိခဲ့တယ်။ အဲဒီသတင်းက တခြား အဆင့်မြင့်အရာရှိကြီးတွေ နဲ့ အတူဂေါက်ရိုက်နေတဲ့ ဒု ဗိုလ်ချုပ်ကြီး သန်းရွှေဆီကိုလည်း ရောက်သွားတယ်။
ဒု ဗိုလ်ချုပ်ကြီး သန်းရွှေက လုံခြုံရေး အရာရှိတွေကို ရန်ကုန်မြေပုံယူလာဖို့ ချက်ချင်းခိုင်းတယ်။ ဒါက ဦးနေဝင်း ရောက်လာတဲ့ အခါမှာ နိုင်ငံတော်က တည်ဆောက်နေတဲ့ လမ်းတွေ၊ တံတားတွေနဲ့ မြို့သစ်တွေ အကြောင်းကို တင်ပြပြီး မျက်နှာလုပ်ခွင့် ရနိုင်ဖို့အတွက်ပါ။ ဒု ဗိုလ်ချုပ်ကြီး သန်းရွှေက ဦးနေဝင်းကို အလွန် လေးလေးစားစား ဆက်ဆံတာကိုလည်း ဗိုလ်မှူးအောင်လင်းထွဋ် သတိထားခဲ့မိတယ်။
နေရာတိုင်းမှာ NLD ပါတီက လွှမ်းမိုးနိုင်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်ကြီး စောမောင်နဲ့ တခြားစစ်အစိုးရ ခေါင်းဆောင်တွေက တပ်တွင်းနဲ့ မိသားစုဝင်တွေရဲ့ မဲအမြောက်အများကို NLD ပါတီရရှိသွားတဲ့အကြောင်း သတိထားလိုက်မိကြတယ်။ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကတော့ ဗိုလ်ချုပ်ကြီး စောမောင်က အနိုင်ရရှိသူကို အာဏာ လွှဲပြောင်းပေးမယ်လို့ ကတိပြုတယ်။ “ကျနော်ဟာ ဘယ်တော့မှ မလိမ်ညာတဲ့သူပါ” လို့လည်း ပြောခဲ့တယ်။ ဒါပေမယ့် ကြောက်ရွံ့နေကြတဲ့ စစ်အစိုးရ ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲမှာ သူတို့ ကျောထောက် နောက်ခံ ပေးထားတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ရှုံးနိမ့်သွားပြီးတဲ့ နောက်မှာတော့ NLD ကို အာဏာလွှဲပြောင်းပေးဖို့ကို ပြောင်ပြောင်တင်းတင်းပဲ ငြင်းဆန်ပါတော့တယ်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစောမောင်လည်း ဖိအားတွေအောက်ကို ရောက်သွားပြီး အရက်တွေ စပြီး သောက်လာတယ်။ ပုံမှန်မဟုတ်တဲ့ အပြောအဆို အမူအရာတွေ ရှိလာပြီးတော့ တခါတလေ ပုဂံမင်းဆက်ကို တည်ထောင်ခဲ့တဲ့ ကျန်စစ်သားမင်း ပြန်လည်ဝင်စားသူဖြစ်တယ်လို့ သူ့ကိုယ်သူ ရည်ညွှန်းပြောဆိုတာတွေ လုပ်လာတယ်။ တပ်မတော်ဂေါက်ကွင်းမှာ ဗိုလ်ချုပ်ကြီး စောမောင်က လက်ထဲမှာကိုင်ထားတဲ့ ပစ္စတိုကို ဝှေ့ရမ်းပြီး “ငါက ကျန်စစ်သား” လို့ အော်ဟစ်နေတာကိုတောင်မှ မြင်တွေ့ကြရတယ်လို့ ဆိုတယ်။
ဗိုလ်ချုပ်တွေကို စက်ဆုပ်ကြတဲ့ မြန်မာနိုင်ငံသား တချို့ကတောင် ဗိုလ်ချုပ်ကြီး စောမောင်ကို တွေ့တဲ့အခါ သူ့ရဲ ခြိမ်းခြောက်မှုတွေကို ကြောက်ရွံ့တုန်လှုပ်ရမယ့် အစား သူတို့ကို ဖျော်ဖြေနေသလို ထင်မှတ်ခဲ့ကြတယ်။ တခါတလေ နာရီနဲ့ ချီပြီး ကြာမြင့်တတ်တဲ့ သူပြောကြားခဲ့တဲ့ မိန့်ခွန်းရှည်ကြီးတွေကို နိုင်ငံပိုင်သတင်းစာတွေမှာ ဖတ်ရတဲ့အခါ ရုပ်မြင်သံကြားမှာ မြင်ရတဲ့အခါ လူတွေက ရယ်မောကြတယ်။
ဒါပေမယ့် ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ နောက်လိုက် ဗိုလ်ချုပ်တွေကတော့ မရယ်ကြဘူး။ ကွယ်လွန်သူ နာမည်ကျော် ကဗျာဆရာ၊ စာရေးဆရာ မင်းလူက ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကိုးယိုးကားယားနိုင်တဲ့ အမူအကျင့်တွေကို သရော်တဲ့ “ဘာတွေ ဖြစ်ကုန်ကြပြီလဲ” အမည်ရှိတဲ့ ဟာသကဗျာတပုဒ်ကို ရေးဖွဲ့ဖြန့်ဝေခဲ့တဲ့အခါ စစ်ထောက်လှမ်းရေးက သူ့ကို ဖမ်းဆီးပြီးတော့ တပ်မတော်နဲ့ပြည်သူကြားမှာ နားလည်မှု လွဲမှားအောင် ဖန်တီးရန် အားထုတ်မှုနဲ့ ရုံးတင်တရားစွဲခဲ့ပါတယ်။ ၁၉၉၀ နိုဝင်ဘာလမှတော့ စာရေးဆရာ မင်းလူကို ထောင်ဒဏ် ၇ နှစ် ချမှတ်တယ်။
ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ အာဏာကို ထိန်းချုပ်နိုင်မှု တစထက်တစ လျော့နည်းလာချိန်မှာ ဗိုလ်ချုပ်ခင်ညွန့်က အသံပို ထွက်လာပြီးတော့ သူရဲ့ကိုယ်ပိုင် အင်ပါယာထူထောင်နိုင်ဖို့ အားသွန်ခွန်စိုက်ကြိုးစားတယ်။ မြန်မာနိုင်ငံမှာ အလုပ် အကြိုးစားဆုံး ခေါင်းဆောင်အဖြစ်လည်း သူ့ကိုယ်သူ ပုံဖော်တယ်။ ဒု ဗိုလ်ချုပ်ကြီး သန်းရွှေကတော့ စစ်ရုံးမှာ အစည်းအဝေးတွေလုပ်တဲ့အခါ တခြား သြဇာ အာဏာ ပြင်းတဲ့ ဗိုလ်ချုပ်တွေလို မဟုတ်ဘဲ မတုန်မလှုပ်ဟန်နဲ့ ခံစားချက် မရှိတဲ့ မျက်နှာထားမျိုးနဲ့သာ နေတတ်တယ်လို့ နဲ့ စစ်ဖက်အရာရှိတွေက ပြန်ပြောပြကြပါတယ်။ နောက်ပိုင်းမှာမှ သူ့ရဲ့ လုပ်ရပ်တွေက သူ စကားပြောတာထက်ပိုပြီး ဆိုးဝါးရက်စက်တယ်ဆိုတာကို တွေ့ခဲ့ကြပေမယ့် “ခွေးဘီလူး” ဟာ မီးလျှံတွေ မှုတ်ထုတ်ပြနေတဲ့ နဂါးတကောင် ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး။
ဒု ဗိုလ်ချုပ်ကြီး သန်းရွှေက လမ်းတွေ၊ တံတားတွေ၊ ဆည်မြောင်းတွေကို စိတ်ဝင်စားတုန်းပဲဖြစ်ပြီးတော့ သူ့ကို “ဆည် နှင့် တံတားဝန်ကြီး” ဆိုတဲ့ ဒုတိယနာမည်ပြောင်တခု ထပ်ရခဲ့ပြန်တယ်။ မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ အလယ်ပိုင်းကို မကြာမကြာ ခရီးထွက်တတ်ပြီး အခြား အကြီးတန်းအရာရှိကြီးတွေနဲ့ အတူ ဖဲကြိုးဖြတ်ပွဲ အမြောက်အများကို တက်ရောက်တယ်။ စိုက်ပျိုးရေး စီမံကိန်းတွေကို သွားရောက်စစ်ဆေးတယ်။ တခါတုန်းက မြန်မာနိုင်ငံက သစ်တောတွေကို စိမ်းလန်းနေအောင် ဆက်လက်ထိန်းသိမ်းထားချင်ကြောင်း ဝန်ကြီးတွေကို ပြောပြဖူးတယ်လို့ သိရတယ်။ မြန်မာနိုင်ငံရဲ့သစ်တောတွေဟာ စစ်အစိုးရနဲ့ သူ့ရဲ့ ခရိုနီတွေကြောင့် ရစရာမရှိအောင် ပြိုလဲပျက်စီးခဲ့ပြီဆိုတာ သူ သတိ မထားမိပုံပါ။
၁၉၉၁ ခုနှစ်မှာတော့ ၁၉၈၀ နှစ်တွေတုန်းက သူ အုပ်ချုပ်ခဲ့ဖူးတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ဗိုလ်ချုပ်ကြီးသန်းရွှေ ရောက်လာခဲ့တယ်။ ဧရာဝတီတိုင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီရဲ့ အမာခံနယ်မြေဖြစ်သလို လှုပ်ရှားမှုတွေ ပြန်လည်စတင်နေတဲ့ ကရင်လက်နက်ကိုင်တွေရှိနေတဲ့ နယ်မြေလည်း ဖြစ်တယ်။ ကရင်ခေါင်းဆောင်တွေမှာ မြစ်ဝကျွန်းပေါ်ကို ပြန်လည်ဝင်ရောက်ဖို့ အစီအစဉ်ရှိနေတယ်။ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စပြီး ကရင်အမျိုးသား (KNU) က မြစ်ဝကျွန်းပေါ်ဒေသကို ထားဝယ်ကနေတဆင့် လက်နက်ခဲယမ်းတွေ လျှို့ဝှက်တင်သွင်းခဲ့တယ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ၁၉၇၀ နှစ်တွေတုန်းက ဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကနေ အသက်မသေဘဲ လွတ် မြောက် ကျန်ရစ်ခဲ့တဲ့ KNDO အဖွဲ့ဝင်ဟောင်း အမြောက်အများ အပါအဝင် ငြိမ်သက်နေတဲ့ ကလပ်စည်းတွေ ရှိနေပြီးတော့ သူတို့ကလည်း တော်လှန်ရေးမှာပါဝင်ဖို့ အဆင်သင့်ပဲ။ KNU က မြစ်ဝကျွန်းပေါ်မှာ ထကြွ တော်လှန် ပြီးတော့ ရန်ကုန် ကို အလွယ်တကူဝင်ရောက်နိုင်မယ်လို့ တွေးခဲ့တယ်။
ဒါကြောင့် တောတွင်းဌာနချုပ်ဖြစ်တဲ့ သောင်ရင်းမြစ်ကမ်းပါးက မာနယ်ပလောစခန်းကနေ ဒေသခံရွာသားတွေကို ပျောက်ကျား တိုက်ခိုက်နည်းသင်တန်းပေးဖို့အတွက် ကွန်မန်ဒိုတွေ လွှတ်တယ်။ ဘိုကလေး မြို့နယ်ကို ဆက်သွယ်ရေး စက်ပစ္စည်းတွေနဲ့ လက်နက်တွေ သယ်ဆောင်လာတဲ့ ရှေ့ပြေးအဖွဲ့တခုကို ဒေသခံရဲတပ်ဖွဲ့ရဲ့ လှည့်ကင်းက ကြားဖြတ် ဟန့်တားလိုက်ပြီးတဲ့ နောက်မှာတော့ ကနဦးတိုက်ပွဲငယ်ကလေးကနေ မကြာခင်မှာပဲ အစိုးရ စစ်ဆင်ရေးကြီးတခု ဖြစ်သွားတော့တယ်။
မုန်တိုင်းစစ်ဆင်ရေးလို့ အမည်ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်စစ်ပွဲကို စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်တင်ဦး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင်တို့နဲ့ အတူ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဗိုလ်ချုပ် ခင်ညွှန့်တို့ ကြီးကြပ်ခဲ့ကြတယ်။ စစ်ဗိုလ်ချုပ်တွေက ရန်ကုန်မြို့နဲ့ နီးစပ်တဲ့နေရာအထိ တိုက်ခိုက်ထိုးဖောက်ခွင့် မပေးပါဘူး။ တရုတ်နိုင်ငံလုပ် ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်ပျံတွေ၊ ရေတပ်တိုက်သင်္ဘောတွေနဲ့ မြေပြင်တပ်ဖွဲ့တွေကို အား ဖြည့်စစ်ကူပေးပြီး ကရင်လက်နက်ကိုင်လို့ သံသယရှိသူတွေကို တိုက်ခိုက်ချေမှုန်းပါတယ်။ သံသယရှိသူ အများစုကတော့ သာမန်တောသူတောင်သားတွေပါ။
စစ်အစိုးရရဲ့ ထုတ်ပြန်ချက်တွေကတော့ မုန်တိုင်းစစ်ဆင်ရေးမှာ ရန်သူ ၂၇၅ ဦး ကျဆုံးပြီး ၁၃ ယောက်ကို ဖမ်းဆီးမိကာ ၃ ယောက်ကတော့ လက်နက်ချအညံ့ခံခဲ့တယ်လို့ ဆိုတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ အရေအတွက် ဒီ့ထက် များနိုင်တယ်လို့ ပြောကြပါတယ်။ ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ ဒီစစ်ဆင်ရေးကို ကြီးကြပ်တဲ့ တပ်မှူးကြီးတွေက အသေ ပစ်သတ်ဖို့ အမိန့်ထုတ်ခဲ့ပြီး ဖြစ်ပါတယ်။ ကျေးလက်နေပြည်သူတွေ ပစ်သတ်ခံရကြသလို လေကြောင်း တိုက်ခိုက်မှုရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။ အသက်မသေဘဲ ကျန်ရစ်ခဲ့သူတွေကိုလည်း ကံကောင်းတယ်လို့ ပြောလို့ မရပြန်ပါဘူး။
ရာနဲ့ချီတဲ့ ကရင်လူမျိုး ရွာသူရွာသားတွေ ဖမ်းဆီးထောင်ချခံရပြီးတော့ လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံစားကြရတယ်။ တချို့ဆိုရင် အသက် ၁၅ နှစ်လောက်ပဲ ရှိကြတယ်။ တချို့ကရင်ရွာသားတွေ ထောင်ထဲမှာ ရှိနေဆဲပဲလို့လည်း သိရပါတယ်။ ဒါပေမယ့် သူတို့တွေဟာ နိုင်ငံရေးအကျဉ်းသားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းထဲမှာလည်း မပါဝင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဘယ်သူတွေလဲဆိုတာ ဘယ်သူမှ မသိကြလို့ပါပဲ။
၁၉၉၂ ခုနှစ်အတွင်းမှာတော့ ဗိုလ်ချုပ်မှူးကြီး စောမောင် အာရုံကြောချို့ယွင်းတဲ့ရောဂါ ပြင်းပြင်းထန်ထန်ခံစားနေရတယ် ဆိုတဲ့ ကောလာဟလတွေ ပြန့်နှံလာပါတယ်။ အဲဒီနှစ် ဧပြီလအတွင်းမှာတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ခင်ညွှန့်နဲ့ အတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦးတို့ အေဒီလမ်းမှာရှိတဲ့ ဦးနေဝင်းရဲ့ နေအိမ်ကို သွားရောက်ခဲ့ကြပါတယ်။ အာဏာရှင်ဟောင်းကြီးကလည်း ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့နေရာမှာ ဗိုလ်ချုပ်ကြီး သန်းရွှေ ကို အစားထိုးဖို့ သူတို့ကို အမိန့်ပေးလိုက်တယ်လို့ ယူဆရပါတယ်။