၂၀၁၅ ရွေးကာက်ပွဲ နီးကပ်လာချိန်တွင် ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်သူတချို့က စာပေဟောပြောပွဲများ ပြုလုပ်ခြင်းကို ဘာသာရေး အကြောင်းပြချက်ဖြင့် တားဆီးပိတ်ပင်မှုများ ပြုလုပ်လာကြောင်း တွေ့ရသည်။
ပြည်ထောင်စုနေ့ အထမ်းအမှတ်အဖြစ် မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်မိသားစုများ ပူးပေါင်းကျင်းပသော စာပေဟောပြောပွဲတွင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ကိုမြအေးတို့ ပါဝင်သည့်အတွက် မျိုးချစ်သံဃာတော်များ သမဂ္ဂအဖွဲ့က ကန့်ကွက်ခဲ့သောကြောင့် ပွဲဖျက်သိမ်းပေးခဲ့ရသည်။ အကြောင်းပြချက်မှာ
ဟောပြောမည့်သူများသည် အစ္စလာမ်ဘာသာဝင်ဖြစ်သောကြောင့်ဟူ၍ ဖြစ်သည်။
ထို့အပြင် စာရေးဆရာမ တဦးဖြစ်သူ မသီတာ (စမ်းချောင်း) သည် ပဲခူးတိုင်း ပေါင်းတည်မြို့နယ်တွင် စာပေဟောပြောပွဲတခု ပြုလုပ်ရန် စီစဉ်ထားရာ ၎င်းမှာ ရန်ကုန်မြို့ ဘားလမ်းရှိ မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံတွင် စေတနာ့ ဝန်ထမ်းအဖြစ် လုပ်အားပေးလျက် ရှိသောကြောင့် မြို့ခံ ဘုန်းကြီးတချို့က ၎င်းဟောပြောမည့် စာပေဟောပြောပွဲကို လက်မခံဘဲ လူစားလဲပေးရန် တောင်းဆိုသည့်အတွက် ယင်းစာပေ ဟောပြောပွဲသို့ မသွားရောက်ဖြစ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ တားမြစ်ကန့်သတ်မှုများနှင့် ပတ်သက်ပြီး ကာယကံရှင်များဖြစ်သည့် ကိုမြအေး၊ မသီတာ (စမ်းချောင်း) နှင့် ရှေ့နေ ဦးကိုနီတို့ကို ဧရာဝတီ အကြီးတန်းသတင်းထောက် ထက်နိုင်ဇော်က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး ၎င်းတို့၏ ထင်မြင်ယူဆချက်များကို ဖော်ပြလိုက်ပါသည်။
ကိုမြအေး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
အခုလို လုပ်နေတဲ့ပုံစံက တိုင်းပြည်အနာဂတ် မကောင်းနိုင်ဘူးလို့ ကျနော် မြင်တယ်။ ၂၀၁၄ ခုနှစ်ထဲကို စဝင်လာပြီဆိုမှ ဒီကိစ္စတွေက ပေါ်လာတာ။ ၂၀၁၅ ရွေးကာက်ပွဲနီးလို့ ဆိုတာ ကျနော်တို့ ယူဆလို့ ရတယ်။ နောက်တခုက
နိုင်ငံသားတိုင်းမှာ သူ့ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ တာဝန်များဆိုတာ ရှိပြီးသားလေ။ ဖွဲ့စည်းပုံမှာလည်း ပြဋ္ဌာန်းထားပြီးသား ဖြစ်တယ်။ သို့သော်လည်းပဲ အဲဒါတွေကို အကောင်အထည်ဖော်လို့ မရအောင် ဥပဒေဘောင်အတွင်းက မဟုတ်ဘဲနဲ့ ဥပဒေမဲ့ လုပ်ကိုင်ဆောင်ရွက်လာတဲ့ ကိစ္စတွေကတော့ အလားအလာ မကောင်းဘူးလို့ မြင်တယ်။ ကျနော်တို့ နိုင်ငံမှာ နိုင်ငံသားလို့ ပြောရင် ဘာသာလူမျိုးပေါင်းစုံ ရှိကြတာပဲလေ။ အားလုံးဟာ တယောက်နဲ့ တယောက် ချစ်ချစ်ခင်ခင်နဲ့ပဲ မြန်မာဆိုတဲ့ စိတ်ဓါတ်နဲ့ အတူတကွ ပေါင်းစည်းသွားချင်တာ။ ဒါပေမယ့် အခုပြဿနာတွေကြောင့် မြန်မာနိုင်ငံ အနာဂတ်နဲ့ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ကျနော်လည်း စိတ်ပူနေတယ်။
ကျနော်ကတော့ ဒီကိစ္စတွေကို ရိုးရိုးသားသား ဖြစ်လာတယ်လို့တော့ မမြင်ဘူးဗျ။ အထူးသဖြင့် ကျနော်တို့နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးတွဲကြေညာချက် ထုတ်ပြီးမှ ဒီကိစ္စတွေက ဒီရေအလား တက်လာတာ တွေ့ရတယ်။ ဒါကတော့ ရိုးသားမှု တခုမဟုတ်ဘူးလို့ မြင်တယ်ဗျာ။ နောက်တခုက ၂၀၁၅ ရွေးကာက်ပွဲနီးလာပြီဆိုတော့ ပြိုင်ဆိုင်မှုက ပြင်းထန်လာတယ်။ လွယ်လွယ်ကူကူနဲ့ အာဏာကို ဖြတ်လမ်းက လိုချင်တဲ့သူတွေ အတွက်ကတော့ ဘာသာရေး လူမျိုးရေးကို အသုံးချပြီး လုပ်မှာပဲလေ။ ဒါတွေကို စုပြီးလိုက်လုပ်နေတာ။ ဒါကြောင့် ဒီကိစ္စက ရိုးသားတယ်လို့ လုံးဝ ပြောလို့မရဘူး။
ကျနော်မြင်တာကတော့ ဘယ်ဘာသာတရားပဲ ဖြစ်ဖြစ် ကိုယ့်အမျိုးဘာသာ သာသနာကို စောင့်ရှောက်အောင်၊ ထိန်းသိမ်းအောင် ဆိုတာ လုပ်ရမယ့် ကိစ္စပါ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ရှည်သည်းခံနိုင်မှု စွမ်းအားဟာ ကျနော် အစ္စလာမ်ဘာသာဝင်တွေ အတွက် အများကြီး အတုယူစရာပါ။ ကျနော်တို့ ဖြစ်ချင်တာက အေးချမ်းစွာ နေထိုင်လိုတဲ့ မည်သည့်ဘာသာဝင်မဆို ဒီနိုင်ငံရဲ့ သစ္စာကို
စောင့်သိရိုသေမယ်။ ဒီတိုင်းပြည်ရဲ့ အကျိုးကိုလည်း ဦးလည်မသုန် ထမ်းရွက်မယ်ဆိုရင် မြန်မာဆိုတဲ့ စိတ်ရှိရင် အဆင်ပြေစွာ
နေထိုင်နိုင်ရမယ်။ မြန်မာနိုင်ငံဟာ အေးချမ်းတဲ့ နိုင်ငံဖြစ်တယ် ဆိုတဲ့ ပြယုပ်ကို တလျှောက်လုံး ပြလာခဲ့ပြီးတော့ ဆက်လက်ပြီး
ထိန်းသိမ်းသွားနိုင်ဖို့ လိုပါတယ်။
မသီတာ (စမ်းချောင်း)
ဟောပြောပွဲ ကိစ္စက ကျမတို့ဘက်က ဖျက်လိုက်တာ။ ဆရာသင်းရီပဲ သိတယ်။ ကျမတောင် မသိလိုက်ဘူး။ ဆရာသင်းရီကို အဲဒီမြို့က ဘုန်းကြီးက ပြောတယ်တဲ့။ လူလဲပေးပါ ဆိုပြီးတော့တဲ့။ အဲလိုဆိုရင်တော့ လဲမပေးနိုင်ဘူး။ ဘယ်သူမှ
လာမဟောတော့ဘူးဆိုပြီးတော့ ဖျက်လိုက်တာ။ ပေါင်းတည်နဲ့ ပေါက်ခေါင်း ၂ ရက်ဆက်တိုက်လုပ်ဖို့ လုပ်တဲ့ အစီအစဉ်က ပေါင်းတည်မှာ ပျက်သွားတယ်။ ပေါက်ခေါင်းမှာ ဟောဖြစ်တယ်။ နောက်ပိုင်းမှာတော့ ဘုန်းကြီးနဲ့ ပွဲစီစဉ်တဲ့
ကလေးတွေနဲ့ ပြဿနာ တော်တော်တက်တယ်လို့ ကြားတယ်။ အဲဒီက ကလေးတွေက ပေါက်ခေါင်းကို လာပြီးတော့ နားထောင်တော့ သူတို့က ဖိတ်ချင်တယ်။ နောက်ပိုင်းတော့ ပြန်လုပ်မယ်။ ပြန်ခေါ်ပေးပါလို့ ပြောတယ်။ ဒါပေမယ့်
ဆရာသင်းရီက စိုးရိမ်လို့ မလုပ်တော့တာပါ။
အခုဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောရရင် တစုတဖွဲ့က ရည်ရွယ်ချက်ရှိရှိနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိအောင် လုပ်နေတာလို့ ပြောရမှာပဲ။ နောက်တပိုင်းက ပညာရည် နိမ့်ကျမှုပေါ့။ တသက်လုံး Isolate (အထီးကျန်) ဖြစ်နေတာကနေ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်နေတယ်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နဲ့ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားတွေကို မျက်ခြေပြတ်နေရတဲ့ လူထုက ပညာရည်နိမ့်ကျမှုကြောင့် တခုခုဆိုလို့ရှိရင် ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဦးစားပေးတယ်။ ပြောင်းလဲ ပြုပြင်လို့ မရတဲ့အရာတွေကို ပိုပြီးတော့ တန်ဖိုးထားနေကြတယ်။ အဲဒီပြဿနာတွေက အရင်းခံတယ်ပေါ့။ အပေါ်ယံကြည့်လိုက်ရင်တော့ ဘာသာရေးအရ သဘောထားကွဲလွဲတယ်လို့ ထင်ရပေမယ့် တကယ်တမ်းက နိုင်ငံရေး ပြဿနာပါ။
နိုင်ငံတခုက သူ့ရဲ့ လူထုကို အခြေခံအခွင့်အရေးတွေရယ်၊ ဒီမိုကရေစီ သဘောတရားတွေရယ်ကို လုံလုံလောက်လောက် အသိမပေးနိုင်ခင်မှာ အဲဒီလို အသိပေးဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့တဲ့ Failed State တခုရဲ့ လက္ခဏာတွေပေါ့။ ဒါဟာ ကျဆုံးသွားတဲ့ နိုင်ငံတခုရဲ့ လက္ခဏာတွေပါပဲ။ လူမျိုးနဲ့ ဘာသာဆိုတာကို တခုတည်း၊ တထပ်တည်း ဆွဲသွင်းထားလို့ မရဘူးလေ။
ဆိုပါတော့ ဗမာလူမျိုးမှာ ဆိုရင်လည်း ဗမာတိုင်းက ဗုဒ္ဓဘာသာမှ မဟုတ်တာ။ ကျမတို့ တိုင်းရင်းသားထဲမှာလည်း ကရင်လူမျိုးဆိုရင် ဗုဒ္ဓဘာသာကရင် ရှိတယ်။ ခရစ်ယာန် ကရင်ရှိတယ်။ ကိုးကွယ် ယုံကြည်မှုဆိုတာက လူတယောက်ချင်းစီပဲလေ။
မိသားစုတခုထဲမှာတောင် အဖေကတမျိုး သမီးကတမျိုး ဖြစ်နိုင်တာပဲ။ ကိုးကွယ်ယုံကြည်မှုက အင်မတန်မှ ပုဂ္ဂလိကဆန်ပါတယ်။ လူမျိုးဆိုတဲ့ အရာမှာလည်း ပြောင်းလဲလို့မရဘူးလေ။ မွေးကတည်းက ဗမာဆိုရင် ဗမာပဲလေ။ အဲဒီလို ပြုပြင်ပြောင်းလဲလို့ မရတဲ့ အရာတွေအပေါ်မှာ လိုက်ပြီးတော့ ခွဲခြားကန့်သတ်တယ်ဆိုရင် ဒီမိုကရေစီလူ့ဘောင်နဲ့ လုံး၀ မလျော်ညီတဲ့ကိစ္စပါ။ တသွေး၊ တသံ၊တမိန့်ဆိုတဲ့ အာဏာရှင်လူ့အဖွဲ့အစည်းကို ပြန်သွားချင်နေကြတာလား။ ဒီမိုကရေစီလို့ ပြောရင် မတူခြားနားမှုတွေကို လက်ခံနိုင်ဖို့။ လက်ခံပြီးတော့မှ အကောင်းဆုံး ဆုံးဖြတ်သင့်တာပေါ့။ အဓိကကတော့ ပညာပေးဖို့လိုတာပါ။ အကုန်လုံး ဝိုင်းအားထုတ်မှ ရမှာ။
ဦးကိုနီ (တရားလွှတ်တော် ရှေ့နေ)
အခုဖြစ်နေတဲ့ ကိစ္စတွေက လုံးဝ ရိုးသားမှု မရှိဘူး။ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာက တည်ရှိနေတာ ကြာပြီ။ မြန်မာမင်းများ လက်ထက်၊ တတိယ မြန်မာနိုင်ငံတည်ထောင်ခဲ့တဲ့ အလောင်းဘုရား လက်ထက်ကတည်းက ရှိခဲ့တာ။ သမိုင်း အထောက်အထားတွေ ရှိပါတယ်။ အစ္စလာမ်ဘာသာ ကိုးကွယ်တာ ဘာအပြစ်ရှိလဲ။ ဒါကသူ့ရဲ့ လွတ်လပ်ခွင့်ပဲ။ အစ္စလာမ်ဘာသာ ကိုးကွယ်တာကို အင်မတန်ကြီးမားတဲ့ ပြစ်မှုတခု ကျူးလွန်ထားသလို ဆက်ဆံနေကြတယ်။ ဒါအင်မတန်မှ ရုပ်ဆိုးတဲ့ ကိစ္စပဲ။
အင်မတန် သဘောကောင်း၊ စိတ်ရင်းစေတနာ ကောင်းပြီးတော့ နိုင်ငံတကာက အသိအမှတ်ပြုခံရတဲ့ ဗုဒ္ဓဘာသာ ဗမာလူမျိုးတွေကို အထင်သေးစေတဲ့ လုပ်ရပ်ဖြစ်တယ်။ အန်ကယ်ကိုလည်း မွတ်စလင်မိုလို့ တရားမဟောရဘူးတဲ့။ ကျနော်ကလည်း တိုင်းပြည်ကောင်းကျိုး ဖြစ်စေမယ့် တရားကို ဟောမှာ။ မွတ်စလင်ဖြစ်လို့ ဟောခွင့်မရှိဘူးဆိုတော့ ကျနော့်ရဲ့ နိုင်ငံသား Status က ဘယ်ရောက်သွားပြီလဲ။ အလားတူပဲ တခြား အစ္စလာမ်ဘာသာဝင်တွေရဲ့ နိုင်ငံသား အခွင့်အရေးက ဘယ်ရောက်သွားပြီလဲ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးထားတဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးက ဘယ်ရောက်သွားပြီလဲ။ အဲဒီလောက်ထိအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ပြီးတော့ လုပ်နေတာဟာ ဒါတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များ၊ သမ္မတကြီး အပါအဝင် ပြည်ထဲရေး ဝန်ကြီးအပါအဝင် အုပ်ချုပ်ရေးဌာနမှာ တာဝန်ရှိသူများက နည်းနည်းတော့ ဂရုစိုက်ပေးဖို့ ကောင်းပြီ။ ဒီအပေါ်မှာ အာရုံထားပြီးတော့ စောစောစီးစီး တားမြစ်သင့်တယ်။
အခုမြင်ရတာက အစ္စလာမ်ဘာသာကို တိုက်ခိုက်ချင်တဲ့ သဘောထက် နိုင်ငံရေး သဘောတွေ ပါနေတယ်လို့ ဆရာထင်တယ်။ ဒါမျိုးကို လွှတ်ထားပေးမယ်ဆိုရင် ဒီထက် ရှေ့ဆက်ပြီးတော့ ဒီတရားမဟောရ၊ ဟိုတရား မဟောရဆိုတဲ့ ချုပ်ချယ် ကန့်သတ်မှုတွေက ဆင့်ကဲဆင့်ကဲ ပေါ်လာနိုင်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ တခုပြီးတခု ပေါ်လာနိုင်တယ်။ အခုဖြစ်ရပ်ဟာ တရားမျှတမှုကို လိုလားတဲ့ တကယ့်ဗုဒ္ဓဘာသာနဲ့ မတရားသဖြင့် သူများရဲ့အခွင့်အရေးကို လိုက်ပြီးတော့ တာဆီးပိတ်ပင်နေတဲ့ လူနည်းစု ဘုန်းကြီးတချို့ကြားမှာ ပြဿနာ ဖြစ်လာရင် ဒါဟာ မကောင်းဘူး။ ဘုရား သာသနာတော်ကို အများကြီး ထိခိုက်တယ်။ ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာကိုလည်း အများကြီး ထိခိုက်စေတယ်။ ဒီလိုလုပ်ရဲတယ်ဆိုတော့ သူတို့မှာ ဘာ Background ရှိတယ်ဆိုတာ သေချာစူးစမ်း လေ့လာသင့်တယ်။
ကျနော်တို့ လုပ်ခဲ့တဲ့ မြောက်ဥက္ကလာ ပွဲဟာ တရားဝင်ခွင့်ပြုချက်နဲ့ လုပ်တာ။ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေး အဖွဲ့ကလည်း တရားဝင်ခွင့်ပြုပြီးသား။ အဲဒီတုန်းက တရားဝင် ဟောပြောပွဲတခုကို တရားဝင်လုပ်တယ်။ အဲဒီလို တရားဝင်လုပ်နေတဲ့ ဟောပြောပွဲတခုကို တရားမဝင်အဖွဲ့တခုက ခြိမ်းခြောက်ပြီးတော့ တရားမဝင်လုပ်ရပ်တွေ လုပ်နေတာကို အစိုးရက တာဝန်ခံရမယ်။ ဒါတွေကို တားဆီးပေးဖို့ တာဝန်က အစိုးရရဲ့ တာဝန်ပဲ။
ဒီပုံစံတိုင်းသွားမယ်ဆိုရင် ဆရာတို့ရဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာ အခက်အခဲတွေ အများကြီးကြုံရလိမ့်မယ်။ ဒါ မြန်မာနိုင်ငံအတွက် မကောင်းတဲ့ လက္ခဏာပဲ။ ဒီမိုကရေစီ နိုင်ငံရေး စနစ်ကို သွားချင်တယ်ဆိုရင် Discrimination လို့ခေါ်တဲ့ ခွဲခြားဆက်ဆံမှုတွေ၊ တရားဥပဒေကို ဆန့်ကျင်ပြီး လုပ်ဆောင်နေတဲ့ ကိစ္စတွေ ချုပ်ငြိမ်းသွားဖို့လိုပြီ။
ကျနော်တို့ ပွဲကို နိုင်ငံတော် သံဃာမဟာနယက ဆရာတော်တပါး ကြွလာပြီးတော့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ ကြိုးစားခဲ့တယ်။ အဲဒီ တရားဝင် ဖွဲ့စည်းထားတဲ့ သံဃာ့အဖွဲ့အစည်းက ကိုယ်တော်၊ ဘုန်းတော်ကြီး ကိုယ်တိုင် မတတ်နိုင်ဘူး ဖြစ်သွားတယ်။ ဆိုတော့ ဘုန်းကြီးတွေနဲ့ မဆိုင်တဲ့ ကိစ္စတခုမှာ ဘုန်းကြီးတွေ ဝင်ပါနေခြင်းဟာ အမျိုးသားရေး အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး အဟန့်အတား ဖြစ်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေကြတာလို့ပဲ ပြောချင်တယ်။