မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အစိုးရ အကြား နိုင်ငံရေးအရ ပြေလည်မှု မရှိသေးဘဲ သံလွင် ရေကာတာ စီမံကိန်း ဆက်လက်ဆောင်ရွက်ပါက လက်ရှိ ငြိမ်းချမ်းရေး ဆောင်ရွက်နေမှု လမ်း လွဲသွားစေနိုင်ကြောင်း ရှမ်း လူ့အခွင့်အရေး အဖွဲ့ တဖွဲ့က ပြောဆိုလိုက်သည်။
“စီမံကိန်း ဧရိယာက တည်ငြိမ်မှု မရှိသေးဘူး၊ နောက်ပြီးတော့ ကိုးကန့်တပ်တွေ၊ ၀ ဒေသတွေနဲ့လည်း နီးစပ်တယ်၊ ပလောင် တပ် တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာဆိုတော့ စစ်ပြေး ဒုက္ခသည်တွေလည်း ရှိနေတယ်”ဟု ရှမ်း လူ့ အခွင့်အရေး မဏ္ဍိုင်မှ နန်းခွမ်လိတ် က ဧရာဝတီ ကို ပြောသည်။
စီမံကိန်း ဧရိယာတွင်ပါဝင်သည့် ကွမ်းလုံမြို့နယ်သည် ကိုးကန့်၊ ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် ကွတ်ခိုင် မြို့နယ် နှင့် ထိစပ်နေကြောင်း၊ စီမံကိန်း ဧရိယာတွင် အစိုးရ တပ်ရင်း ၅ ခု ဝန်းကျင် ရှိကြောင်း The Shan Human Rights Foundation (SHRF) ၏ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ကွတ်ခိုင်မြို့ နယ် အတွင်း၌ အစိုးရ စစ်တပ်နှင့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ကချင် လွတ် လပ် ရေး တပ်မတော်(KIA)တို့ အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားကြောင်းလည်း အစီရင်ခံစာ က ဆိုသည်။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်း အပြင် ရေအားလျှပ်စစ် စီမံကိန်း ၆ ခုကို နိုင်ငံခြား ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နံှမှုဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဒု ဝန်ကြီး ဦးမြင့်ဇော်က လွှတ် တော် ၌ ဖြေဆိုထားသည်။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းများသည် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပြည်သူလူထုကို ရှင်းလင်းပြောဆိုမှု မရှိခြင်း၊ ဒေသခံများ၏ အခြေခံ အခွင့်အရေးများကို ချိုးဖောက်ခြင်း စသည်တို့ကြောင့် လုံး၀ ရပ်ဆိုင်းသင့်ကြောင်းလည်း SHRF ၏ အစီရင်ခံစာက ဆိုသည်။
ထို့အတူ အစိုးရနှင့်တိုင်းရင်းသား အင်အားစုများအကြား သဘာ၀ သယံဇာတ ခွဲဝေရေးနှင့် နိုင်ငံရေး ပြဿနာများကို မဖြေရှင်းနိုင် သေးဘဲ စီမံကိန်းကို အကောင်အထည် မဖော်သင့်ကြောင်း၊ ရေကာတာ စီမံကိန်းများ လုံး၀ ရပ်ဆိုင်းသွားသည်အထိ လုပ်ဆောင် မည်ဖြစ်ကြောင်းလည်း ယင်းစီမံကိန်း အရေး ဆောင်ရွက်နေသည့် အဖွဲ့ တချို့က ပြောသည်။
စီမံကိန်းကြောင့် မြစ်ကြောင်း တလျှောက်တွင် နေထိုင်ကြသည့် ကျေးရွာပေါင်း ၆၀ ကျော်ရှိ ပြည်သူ ၂ သောင်း ဝန်းကျင်၏ လယ် ယာ မြေများ ပျက်စီးခြင်း၊ နေအိမ်များ ဖျက်ဆီးခံရခြင်းတို့ ဖြစ်ပေါ်နေကြောင်း၊ နောက်ဆက်တွဲ အနေဖြင့် ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့်အတွက် စီမံကိန်း ရပ်ဆိုင်းသင့်ကြောင်း နန်းခွမ်လိတ် က ပြောဆိုသည်။
“စီမံကိန်းအတွက် လမ်းတွေဖောက်နေတော့ အိမ်တွေ၊ ရာဘာခြံတွေ၊ လယ်ယာမြေတွေ ပျက်စီးသွားပေမယ့် လျော်ကြေးလည်း တပြားမှ မပေးဘူး၊ ဒေသခံတွေအတွက် ဘာမှ အကျိုးမရှိတဲ့အတွက် စီမံကိန်းကို ရပ်ဆိုင်းသင့်ပါတယ်၊ အဖွဲ့တချို့ကလည်း ရပ်ဆိုင်း ရေး အတွက် လက်မှတ်ထိုး လှုပ်ရှားမှု လုပ်နေပါပြီ”ဟုလည်း ၎င်းက ဆိုသည်။
ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ သံလွင်မြစ် တလျှောက် နေထိုင်ကြသည့် ကျေးရွာ ဒေသခံများထံမှ လူထုဆန္ဒ သဘောထားကို ဇန်နဝါရီလ က စတင်ကောက်ယူလျက်ရှိရာ လက်မှတ်ပေါင်း ၂၀၀၀၀ ကျော် ရရှိထားပြီးဖြစ်ကြောင်း ကရင် မြစ်ချောင်းများ စောင့် ကြည့်ရေး အဖွဲ့မှ စောသာဘိုး ကလည်း ဧရာဝတီသို့ ပြောသည်။
စီမံကိန်း လုံး၀ ရပ်ဆိုင်းရန် ကန့်ကွက်သည့် လူထုဆန္ဒသဘောထား စစ်တမ်းကောက်ယူမှု စတင်နေပြီး ရရှိသည့်လက်မှတ် များကို နိုင်ငံတော် သမ္မတ၊ လွှတ်တော် အသီးသီးနှင့် သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များ၊ တည်ဆောက်ရေး ဆောင်ရွက်နေသည့် ကုမ္ပဏီ များ အပြင် တရုတ်အစိုးရနှင့် ထိုင်းနိုင်ငံ အစိုးရတို့ ထံလည်း ပေးပို့သွားမည်ဟု SHRF က ဆိုသည်။
သံလွင်မြစ်ပေါ်ရှိ စီမံကိန်း ၆ ခုမှာ မဂ္ဂါဝပ် ၁၄၀၀ ထုတ်လုပ် နိုင်မည့် အထက်သံလွင် (ကွမ်လုံ)၊ ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ် နိုင်မည့် နောင်ဖ၊ ၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် မန်တောင်း၊ ၇၁၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အထက်သံလွင် (မိုင်းတုံ)၊ ၄၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရွာသစ်၊ ၁၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းတို့ ဖြစ်ကြောင်း သိရသည်။
“ဒီစီမံကိန်းတွေက ထွက်တဲ့ လျှပ်စစ်ရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ်နဲ့ထိုင်းကို ပို့မယ်လို့သိရတယ်၊ ၁၀ ရာခိုင်နှုန်းကိုတော့ တခြား မြို့ကြီးတွေကို ဖြန့်ဖြူးဖို့ စီစဉ်ထားပါတယ်၊ ဒေသခံအတွက် ဘာမှ အကျိုးခံစားခွင့် မရှိဘူး”ဟု နန်းခွမ်လိတ် က ဆိုသည်။
ထိုစီမံကိန်းများကြောင့် သံလွင်မြစ်တလျှောက်ရှိ ကရင်၊ ရှမ်း၊ မွန်နှင့်ကယား ပြည်နယ်တို့တွင် သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ဆိုး ကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ စီမံကိန်း ဧရိယာပါ ဒေသ တချို့သည် ငလျင်ကြော ရှိနေသည့်အတွက် ငလျင်လှုပ်ခတ် ပါက ရေ ကာတာ ကျိုးပေါက်၍ ဘေးအန္တရာယ် ကျရောက်လာမည်ကို ဒေသခံများ က စိုးရိမ်ကြောင်း သိရသည်။
သံလွင်မြစ်ပေါ်ရှိ ရေကာတာ စီမံကိန်းများကို Generating Authority of Thailand (EGAT) ကုမ္ပဏီ၊ China Three Gorges Project Development Corporation (CTGPDC) ကုမ္ပဏီ၊ မြန်မာနိုင်ငံဘက်မှ Shwe Taung Hydropower Company နှင့် Myanmar Electric Power Enterprise တို့က တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာ မြစ်ချောင်းများဆိုင်ရာ ကွန်ရက် မှတ်တမ်းများ ၌ ဖော်ပြထားသည်။ ထို့အတူ Asia World ကုမ္ပဏီ၊ IGE ကုမ္ပဏီ စသည်တို့လည်း ပါဝင်ကြောင်း သိရသည်။