စစ်အစိုးရ ရေးဆွဲ အတည်ပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရွေးကောက်ခံ မဟုတ်ဘဲ သမ္မတ ဖြစ်ခွင့်ရှိသည့် ဥပဒေပြဋ္ဌာန်းချက်၊ တပ်မတော်ကို ဒီမိုကရေစီဘောင်အတွင်း ထည့်သွင်းရေး အပါအဝင် ဒီမိုကရေစီ စနစ်နှင့် မကိုက်ညီ သော အချက်များကို ပြင်ဆင်ရန် ပြည်ထောင်စုလွှတ် တော်နာယက သူရ ဦးရွှေမန်း က ဖေဖော်ဝါရီလ ၁၈ ရက်နေ့စွဲ ဖြင့် ညွှန်ကြားချက်တရပ် ထုတ်ပြန်လိုက်သည်။
နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အခြေခံမူများ ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်းညွှန်ကြားချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ ဥက္ကဋ္ဌ ထံသို့ လိပ်မူ ပေးပို့ခြင်းဖြစ်ကာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံးထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
သူရဦးရွှေမန်း၏ ညွှန်ကြားချက်တွင် ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ခြင်း အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များကို ဦးစွာ လေ့လာ သုံးသပ်အကြံပြုပြီး လွှတ်တော်၏ အခန်းကဏ္ဍ မြင့်မားလာစေရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ လုပ်ငန်းများ အထောက်အကူ ဖြစ်စေရန် ဆွေးနွေး ဖော်ထုတ် ခြင်း၊ တပ်မတော်၏ လက်ရှိ ပါဝင်မှု အခန်းကဏ္ဍကို ဒီမိုကရေစီ ဘောင်အတွင်းရောက်ရှိစေနိုင်သည့် နည်းလမ်း များကို လေ့လာသုံးသပ်ခြင်း၊ ဗဟိုဦးစီးစနစ် များလွန်းနေသည့် ကိစ္စရပ်များကို လျော့ချရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တန်းတူညီမျှ အခွင့်အရေး ရရှိရေးတို့နှင့်စပ်လျဉ်း၍ လိုအပ်ပါက ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ခြင်းတို့ကို စဉ်းစား ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။
ထို့ပြင် သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီး အဆင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအဖြစ် ခန့်အပ်တာဝန်ပေးရာတွင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကိုသာ ခန့်အပ်ခြင်းဖြင့် ဒီမိုကရေစီဖော်ဆောင်မှု ညီညွတ်စေရေး၊ ပြည်ထောင်စုဒီမိုကရေစီစနစ် ထွန်းကားရေး၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး ၆ လ အလို တွင် ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီး ဖြစ်အောင် လုပ်ငန်းအစီအစဉ်ပြ အချိန်ဇယားသတ်မှတ် ဆောင်ရွက်ရန် ဦးရွှေမန်း၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
ဦးရွှေမန်း၏ ညွှန်ကြားချက်အပေါ် လွှတ်တော်ကိုယ်စားလှယ် အများစုကြိုဆိုလိုက်ပြီး ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် ရဲရင့်သော လုပ်ဆောင်ချက်ဟု ဆိုကြသည်။
“ဦးရွှေမန်း ပြောတာတွေက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ရမယ့် အလုပ်တွေကို မူချပေး တာပေါ့။ အောင်မြင်မယ်လို့ ထင်ပါတယ်။ အောင်မြင်ပါစေလို့လည်း ဆုတောင်းပါတယ်´´ ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးကမူ ဦးရွှေမန်း ချမှတ်ထားသော လမ်းညွှန်ချက်များသည် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များဖြစ်ပြီး ဒီမိုကရေစီ စနစ် ပေါ်ထွန်းရေးနှင့် နိုင်ငံ့ ကောင်းကျိုးအတွက် တပ်မတော်အပါအဝင် အားလုံး စုပေါင်း ဆောင်ရွက်သင့်သည်ဟု တိုက်တွန်း ပြောဆိုသည်။