စစ်အစိုးရ ၏၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဟန့်အတား ဖြစ်နေသည့် အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြဋ္ဌာန်းချက် ပြောင်းလဲပြင်ဆင်နိုင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD) ၊ ၈၈ မျိုးဆက် ကျောင်းသားများနှင့် တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပြီး ပူးပေါင်းဆောင်ရွက်မှုဖြစ်ပေါ်စေရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ပြောသည်။
“ပုဒ်မ ၄၃၆ ကိုမှ မပြင်နိုင်ရင် တိုင်းရင်းသား တန်းတူရေး၊ ဖယ်ဒရယ် ပြည်ထောင်စုတို့ ဆိုတာ လုံး၀ မရနိုင် ဘူး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လုပ်ငန်းစဉ်ဟာ ရှစ်လေးလုံး ငွေရတုရဲ့ လုပ်ငန်းစဉ်လည်း ဖြစ်တော့ ကျနော် တို့ အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်းတာ ကနဦး ခြေလှမ်း ဖြစ်တယ်၊ နောက်ဆက်တွဲ အနေနဲ့ လူထု လိုက်ပါ လာနိုင်ဖို့၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား အင်အားစုတွေ လိုက်ပါ လာနိုင်ဖို့ကို ကြိုးစားသွားမှာပါ” ဟု ကိုဂျင်မီက ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD နှင့် ၈၈ မျိုးဆက် ကျောင်းသားများ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပုဒ်မ ၄၃၆ ကို ဦးစွာ ပြင်ဆင်ရေး ပူးပေါင်းမည်ဟု NLD နှင့် ၈၈ အဖွဲ့တို့ ပူးတွဲ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
NLD ပါတီအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုင်းရင်းသားများနှင့် လိုလို လားလား တွေ့ဆုံ ရန် လိုအပ် နေသည့်အပြင် အခြေခံဥပဒေ ပြင်ဆင်လိုသော နိုင်ငံရေး ပါတီငယ်များကိုလည်း ပူးပေါင်းဆောင်ရွက်ရန် NLD ကမ်းလှမ်းသင့်ကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်တချို့က ပြောသည်။
ဒီမိုကရက်တစ် ပါတီ(မြန်မာ)မှ ဒေါ်သန်းသန်းနုက “ပုဒ်မ ၄၃၆ ကို ပြင်ရမယ် ဆိုတာ မှန်ပါတယ်။ ဒီပုဒ်မကို အရင် မပြင်လို့ ရှိရင် ကျန်တဲ့ဟာတွေကို ဘယ်လို ပြင်ကြ မလဲ။ ပူးပေါင်း ဆောင်ရွက်မှုကို လုပ်မလားလို့ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကို မဆို မေးကြည့်ရင် အများစုက လုပ်ချင် ကြတာပဲ။ ဒါပေမယ့် ပါတီကြီး အနေနဲ့ ဘယ်လိုပုံစံ နဲ့ သွားမလဲဆိုတာတော့ ကျမတို့ မပြောတတ်ဘူး” ဟု သုံးသပ်သည်။
တိုင်းရင်းသားများကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး NLD ပါတီ၏ ဖိတ်ခေါ်ကမ်းလှမ်းချက် စောင့်ဆိုင်း နေသည် ဟု သိရှိရသည်။
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌလည်းဖြစ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါက်တာအေးမောင်က “၈၈ ကို ချဉ်းကပ်တာကို ကျနော်တို့ လက်ခံတယ်။ ဒါက ပြည်မမှာ ရှိတဲ့ မြန်မာ့ နိုင်ငံရေး အင်အားစုတွေရဲ့ မဟာဗျူဟာကို ရှာတာ။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အဓိက ပြဿနာက တိုင်းရင်းသား ပြဿနာ ဆိုတာကို လက်ခံမယ် ဆိုရင် တိုင်းရင်းသားတွေနဲ့ အဓိက အတိုက်အခံ ပါတီရဲ့ ပြည်ထောင်စု အပေါ်မှာ အပြန်အလှန် ချဉ်းကပ်မှုဆိုတဲ့ ကဏ္ဍတခု ကျန်နေတာ တွေ့ရတယ်´´ ဟု ပြောဆိုသည်။
အခြေခံ ဥပဒေ အခန်း ၁၂ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မများကို ပြင်ဆင်မည်ဆိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူ ပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက် ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင် ရမည်ဟု ပြဋ္ဌာန်းထားသည်။