အာဆီယံ စီးပွားရေး အသိုက်အဝန်း(AEC) အကောင်အထည် ဖော်မှုအတွက် နိုင်ငံအလိုက် လုပ်ဆောင်ရမည့် အချက်များပြီးစီးရေး ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှာ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဌာန ဒု ဝန်ကြီး ဒေါက်တာ စန်းလွင်က ပြောသည်။
“အကောင်အထည်ဖော် ပြီးစီးမှုက ရာနှုန်းအားဖြင့် ၈၀ ရာခိုင်နှုန်း ရှိနေပြီ”ဟု ဒု ဝန်ကြီးက ပြောသည်။
ယနေ့ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင်ပြုလုပ်သော ၂၅ ကြိမ်မြောက် အာဆီယံ စီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်း အဖွဲ့ အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အာဆီယံ၁၀ နိုင်ငံအတွင်း AEC ကို နိုင်ငံအလိုက် သတ်မှတ်ထားသည့် အကောင်အထည် ဖော်မှုအနေဖြင့် ပြီးစီးမှုအဆင့်သတ်မှတ် ချက်အရ ဆိုပါက အဆင့် ၆ နေရာတွင် ရှိနေပြီဟုလည်း ဒေါက်တာ စန်းလွင်က ပြောသည်။
“နိုင်ငံအလိုက် လုပ်ရမယ့် လုပ်ငန်းတွေ ရှိတာပေါ့၊ ပြီးစီးရမယ့် လုပ်ငန်းတွေ ရှိတယ်၊ ဒါတွေပြီးစီးမှုနဲ့ တိုင်းတာပါ၊ ကျန်နေတဲ့ လုပ်ရ မယ့် ဟာတွေရော ရှိတာပေါ့၊ အဲဒါတွေကို ဘယ်လောက်လုပ်ပြီးပြီလဲ ဆိုတာကို အခြေခံပြီး တွက်တာပါ”ဟု ၎င်းက ပြောပြသည်။
အာဆီယံ စီးပွားရေး အသိုက်အဝန်း AEC ကို ၂၀၁၅ ခုနှစ်အကုန်တွင် အပြီးသတ် အကောင်အထည် ဖော်ဆောင်ပြီး ဖြစ်ရမည် ဖြစ် သည်။
ထိုအချိန်တွင် အာဆီယံ နိုင်ငံများအကြား ကုန်သွယ်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ ကျွမ်းကျင် လုပ်သား များ၊ အရင်းအနှီးများ အကောက်ခွန်မဲ့ လွတ်လပ်စွာ စီးဝင်နိုင်ကြမည်ဖြစ်ပြီး အကောက်ခွန် မဟုတ်သော အတားအဆီးများသာ ရှိနေရတော့မည့် လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ပြီးစီးရမည် ဖြစ်သည်။
အာဆီယံ ၁၀ နိုင်ငံတွင် ကနဦးအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား တို့ကဲ့သို့သော နိုင်ငံများက အကောက်ခွန် အတားအဆီးကို နှစ်အလိုက်လျှော့ချမှု စောလျှင်စွာ လုပ်ဆောင်ခဲ့ပြီး နောက်ကြသည့်အဖွဲ့ဝင်နိုင်ငံများမှာ ၂၀၀၈ ခုနှစ်မှသာ စတင် ၍ တဖြည်းဖြည်းလျှော့ပေါ့မှုကို စတင်ခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဗဟိုကော်မတီဝင် ဒေါက်တာ အောင်သိန်း က မြန်မာနိုင်ငံ အနေနှင့်လည်း အကောက်ခွန် လျှော့ချမှုကို ၂၀၀၈ ခုနှစ်က စတင်ခဲ့ကြောင်း ပြောသည်။
“မြန်မာက ၂၀၀၈ လောက်မှ အခွန်လျှော့ချမှုကို လုပ်ခဲ့တာ၊ နှစ်အလိုက် သူ့ရာနှုန်းနဲ့သူ လျှော့တာပေါ့၊ အခုလက်ရှိ အကောက်ခွန် လိုင်း မှာက တော်တော်များများဟာ သုညရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအတွင်းပဲ ရှိတော့တာပါ”ဟု ၎င်းက ပြောပြသည်။
အကောက်ခွန် မရှိ လွတ်လပ်စွာ စီးဆင်းခွင့်ရှိလာမည့် AEC တွင် အာဆီယံနိုင်ငံများအကြား ဖွံ့ဖြိုးမှုနှုန်း ကွာဟချက်ရှိနေခြင်းက နောက်ကျနေသော နိုင်ငံများအတွက် အခက်ဖြစ်စေမည်ဟု စီးပွားရေး ပညာရှင်များက ပြောဆိုထားသည်။
အာဆီယံနိုင်ငံများအကြားတွင် မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား တို့ကဲ့သို့ ဖွံ့ဖြိုးမှုအရှိန်ကောင်းပြီး နိုင်ငံများ ရှိသကဲ့သို့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံများ ကဲ့သို့ ဖွံ့ဖြိုးမှု အရှိန် နောက်ကျနေသော နိုင်ငံများလည်း ရှိနေသေးသည်။
“ပြဿနာက ဖွံ့ဖြိုးမှု ကွာဟချက်ပဲ၊ လွတ်လပ်စွာ ကူးလူးစီးဆင်းခွင့် ရှိတော့မယ့် အချိန်မှာ ကုန်စည်တွေ၊ ဝန်ဆောင်မှုတွေ ဝင်လာကြမှာ၊ လူတိုင်းက ဈေးနှုန်းသက်သာပြီး အရည်အသွေးမီတဲ့ပစ္စည်းပဲ သုံးစွဲမှာပေါ့၊ ဝန်ဆောင်မှုအပိုင်းဆိုရင်လည်း ဒီလိုပဲ၊ ကောင်း တဲ့ ဝန်ဆောင်မှုကို ယူကြမှာပဲ၊ မယှဉ်နိုင်မယ့် အခက်အခဲတွေ ရှိလာမှာ၊ ဒါကြောင့် ဒီဖွံ့ဖြိုးမှုကွာဟချက်ကိုတော့ ညှိကြရမှာပဲ”ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန ဒု ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထွဋ် က ပြောသည်။
သို့သော် အာဆီယံနိုင်ငံများကြားတွင် ထားရှိသည့် မျှတစွာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အာဆီယံ သဘောတူညီချက် မူဘောင်က ဖွံဖြိုးမှု ကွာဟချက်အတွက် ပြန်လည် ညှိနှိုင်းနိုင်သည့် အရေးပါသော အချက်အဖြစ်ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။
“AEC ကို၂၀၁၅ ပြီးရမယ် ဆိုပေမယ့် ဖွံ့ဖြိုးမှုကွာဟချက်အတွက် နောက်ထပ် တိုးပေးထားတာမျိုးလေးတွေ ရှိတယ်၊ လာအို တို့ မြန်မာ တို့ ဆိုရင် ၂၀၁၅ မှာ မပြီးနိုင်တဲ့ တချို့အချက်တွေကို ၂၀၁၈ အထိ အချိန် ထပ်တိုးပေးတာမျိုး ရှိပါတယ်”ဟု ဒေါက်တာ သန်းထွဋ် က ပြောဆိုသည်။
အာဆီယံနိုင်ငံများ အနေဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် AEC တခုသာမကဘဲ ဒေသနှင့် ဆက်နွယ်နေသည့် အခြားနိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား၊ နယူးဇီလန်နှင့် သြတြေးလျ ၆ နိုင်ငံ အင်အားစုနှင့် ချိတ်ဆက်သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(Regional Comrehensive Economic Partnership_RCEP) ညှိနှိုင်းမှုကိုလည်း ၂၀၁၅ တွင် အပြီးသတ် ကြေညာရန် လုပ်ဆောင်လျက် ရှိသည်။