ထိုင်း အစိုးရက ဘင်္ဂါလီ(မွတ်စလင်) ၁၃၀၀ ခန့်အား မြန်မာနိုင်ငံသို့ ပြန်ပို့ဆောင်ခဲ့သည် ဆိုခြင်းကို နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) က ယင်းဖြစ်ရပ် လုံး၀ ဖြစ်ပွားမှု မရှိကြောင်း ငြင်းဆို လိုက်သည်။
ထိုင်း နိုင်ငံမှ ဘင်္ဂါလီ လူမျိုးများကို လွန်ခဲ့သည့် ၃ လခန့်က မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည်ဟု ထိုင်း လူဝင်မှု ကြီးကြပ်ရေး အရာရှိ ဒု ဗိုလ်ချုပ်ကြီး Pharnu Kerdlarpphon က မကြာသေးခင်က ပြောကြားချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ်နှင့် နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီမှ စတင် ခိုးဝင် ရောက်ရှိလာသည့် ဘင်္ဂါလီ လူမျိုးများကို ထိုင်းနှင့် မြန်မာ အာဏာပိုင်များ ပူးပေါင်းပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းများက ဆိုသည်။
ယင်းသတင်း အပေါ် သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံရုံးမှ တာဝန်ရှိသူများက ပူးပေါင်း ဆောင် ရွက်မှုများ မရှိခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ရေးသား ဖော်ပြထားသည်။
ဦးဇော်ဌေးက “နိုင်ငံသား ကိစ္စသည် နိုင်ငံတော် အချုပ်အခြာ အာဏာ၏ အစိတ်အပိုင်း တရပ်”ဟူသော ဆောင်ပုဒ်ကို အကြောင်းမဲ့ ထားရှိခြင်း မဟုတ်ကြောင်း၊ ပြည်ပနိုင်ငံ တနိုင်ငံသို့ ရောက်ရှိသွားသူ တဦးက မြန်မာနိုင်ငံက လာပါသည်ဟု ထုတ် ဖော် ပြောကြားရုံဖြင့် မြန်မာနိုင်ငံသား ဖြစ်လာမည် မဟုတ်ကြောင်း ၎င်းက ထောက်ပြ ရေးသားထားသည်။
လက်ရှိ အချိန်တွင် ပြည်တွင်း၌ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် ပင်လယ်ရေကြောင်းမှတဆင့် နိုင်ငံများစွာသို့ တိုးဝင်နေ သည့် ဘင်္ဂါလီ ကိစ္စ အားလုံးကို မြန်မာနိုင်ငံအား လက်ညှိုးထိုးလာသည့် “မြန်မာ အခက်-ဘင်္ဂါလီ အချက် နည်းဗျူဟာ”များကို တိုးမြင့် တွေ့ရှိလာကြောင်း ဦးဇော်ဌေးက ဆိုသည်။
သို့သော် မြန်မာနိုင်ငံသည် သတင်းများတွင် ဖော်ပြ ပါရှိသော လူမျိုးစု အမည်ဖြင့် ဘင်္ဂါလီ လူမျိုးများကို မည်သည့် အခါကမျှ အသိအမှတ် ပြုခြင်း၊ လက်ခံခြင်း မရှိခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) ဒါရိုက်တာ ဦးထူးချစ်က ဘင်္ဂါလီ လူမျိုးများကို ထိုင်း အစိုးရက မြန်မာ အစိုးရထံ တရားဝင် လမ်းကြောင်းဖြင့် ပြန်ပို့ခြင်း မရှိသော်လည်း နှစ်နိုင်ငံ ရေ ပိုင်နက်ရှိ မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်လေ့ ရှိသည်ကို ကြားသိရသည်ဟု ဧရာဝတီသို့ ပြောသည်။
“နယ်စပ်ကို ပို့တာ ဟုတ်တယ်၊ မြန်မာ အစိုးရ လက်ထဲကို ပို့တာ မဟုတ်ဘူး၊ ကြားတာကတော့ လှေတွေထဲကို အစား အသောက် ရိက္ခာတွေ ထည့်ပေးပြီးတော့ မြန်မာ ရေပိုင်နက်ထဲကို ပို့လိုက်တယ်၊ မြန်မာ အစိုးရ အနေနဲ့ တရားဝင် လက်ခံ ယူတယ်လို့ မကြားမိပါဘူး”ဟု ၎င်းက ဆိုသည်။
ဖမ်းဆီးခံထားရသည့် ဘင်္ဂါလီ လူမျိုးများကို ထိုင်း အာဏာပိုင်များက ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အပါအဝင် မြို့နယ် ၅ မြို့နယ်ရှိ ထိန်းသိမ်းရေး စခန်းများတွင် ထားရှိရာ လူဦးရေ ၃၀၀၀ ကျော် ရှိနိုင်ကြောင်းလည်း ဦးထူးချစ်က ပြောသည်။
ရခိုင်ပြည်နယ် အတွင်း ခရီးသွားလာခွင့် ပိတ်ပင်ခံထားရသော ဘင်္ဂါလီများသည် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်ရန် မြန်မာနိုင်ငံမှ အလုံးအရင်းဖြင့် ထွက်ခွာမှုများ ရှိခဲ့ရာ အများစုသည် ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသများ၊ သို့မဟုတ် မုန်တိုင်း ထန်သည့် ကပ္ပလီ ပင်လယ်ဘက်သို့ ရောက်ရှိ သွားတတ်ကြကြောင်း သိရသည်။
ထိုင်းနိုင်ငံ အတွင်းသို့ ဘင်္ဂါလီ လူမျိုးများ တရားမဝင် နည်းလမ်းများဖြင့် ရောက်ရှိလာမှုကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီး နေ ရပ် ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ထိုင်းနိုင်ငံရှိ NGO များနှင့် ဖမ်းဆီးခံရသူ ဘင်္ဂါလီများက နေရပ် ပြန်မပို့ရန်နှင့် ထိုင်း နိုင်ငံတွင် ဒုက္ခသည်အဖြစ် အသိအမှတ် ပြုရန် ထိုင်း အစိုးရကို တောင်းဆို ခဲ့ကြသည်။