[irrawaddy_gallery]
ချင်းပြည်နယ်သို့သွားသည့် ကျနော့် ရည်ရွယ်ချက်က မျက်နှာမှာ ပါးရဲထိုးထားသည့် ချင်းအမျိုးသမီးများကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ဖို့ ဖြစ်သည်။ ကျနော်တို့ တွေ့ခဲ့ သောအမျိုးသမီးများသည် ချင်းပြည်နယ် အရှေ့တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များ တဝိုက်တွင် အခြေချနေထိုင်ကြသည့် ချင်းမျိုးနွယ်စု ၆ ခုမှ အမျိုး သမီးများ ဖြစ်ပါသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် အရှေ့တောင်ပိုင်း အတွင်းတွင် ဖြန့်ကြက်နေထိုင်သည့် ချင်းမျိုးနွယ်စု ၁၂ ခုခန့်မှ အမျိုးသမီးများသည်တချိန်က မျက်နှာတွင်ပါးရဲ (ဆေးမင်ကြောင်) ထိုးသည့် အလေ့အထ ရှိသည်ဟု သိရပါသည်။ ပါးရဲထိုးသောအလေ့အထသည် အစိုးရက တရားဝင်တားမြစ်ခဲ့သည့် ၁၉၆၀ ခုနှစ် နောက်ပိုင်းအထိ ဆက်လက်ရှင်သန်နေခဲ့သည်။ ရိုးရာပါးရဲထိုးပေးသူများလည်း ၁၉၉၀ အလယ်ပိုင်း နှစ်များခန့်အထိ အလုပ်ဖြစ်ခဲ့သည်။
လွန်ခဲ့သော ၁၅ နှစ်ခန့်က မျက်နှာကို ပါးရဲထိုးခဲ့သော အသက် ၃၀ အရွယ် ကလေးမိခင် အမျိုးသမီးတယောက်ကို ကျနော် တွေ့ခဲ့ရာ ၁၉၉၉ ခုနှစ်ဝန်းကျင်လောက်ကသူ ထိုးခဲ့ခြင်း ဖြစ်ဖွယ်ရာရှိပါသည်။
လူသားဘဝ၏ ကွဲပြားခြားမှုကို ပြောပြနေသည့် ယဉ်ကျေးမှုက ကျနော့်ကို ဆွဲဆောင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုရေးရာ ရှာဖွေလေ့လာ လိုသူတို့အတွက် ပြိုင်ဘက်ကင်းသည့် နယ်မြေဖြစ်ပါ သည်။
မျိုးဆက်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော ရိုးရာ ဓလေ့များသည် တံခါးပိတ်ကာ ထီးထီးတည်နေခဲ့သဖြင့် ထိခိုက် ပျက်သုဉ်းခြင်းမရှိသေးဘဲ နဂိုအတိုင်းအများ အပြား ကျန်ရစ်နေသေးသည်။ ဗုဒ္ဓဘာသာ၊ ခရစ် ယာန်၊ အစ္စလမ်နှင့် ဟိန္ဒူ ဘာသာဝင်များ၊ နတ်ကိုး ကွယ်သူများ အတူတကွ နေထိုင်ကြသည့်အတွက် မြန်မာနိုင်ငံသည် ကွဲပြားခြားနားမှု အမျိုးမျိုးကိုလက် တွေ့လေ့လာနိုင်သည့် နေရာလည်း ဖြစ်ပါသည်။
ချင်းပြည်နယ်သည် ဗဟိုအစိုးရ၏အမေ့ လျော့ ခံ နေရာဖြစ်ကြောင်း စတင်ခံစားရမည်ဖြစ်သည်။ဝိတို ရိယတောင်နှင့် အနီးရှိ ကန်ပက်လက်မှ ဧရာဝတီမြစ် ကမ်းရှိ ဆိပ်ဖြူသို့ လမ်းတလမ်း ဖောက်လုပ်ဆဲဖြစ် ပါသည်။ နောက် ၃ နှစ်လောက်ကြာလျှင်တော့ ချင်း ပြည်နယ်၏ အမြင့်ဆုံးတောင်လည်း ဖြစ်သည့် ဝိတိုရိယတောင် (နတ်မတောင်) အမျိုးသား ဥယျာဉ် သို့ သက်သက်သာသာ သွားရောက်နိုင်မည်ဟု မျှော် လင့်မိပါသည်။
လက်ရှိအချိန်မှာတော့ လမ်းဟူ၍ပင် သတ်မှတ်ရန် ခက်ခဲသည့် ဖုန်ထူထူကျောက်ခင်းလမ်းကြောင်း ပေါ်တွင် ၄ နာရီကြာအောင် မချိမဆန့်သွားရသည့် ခရီးသာဖြစ်သည်။ အခြေအနေတွေက အကောင်း ဘက်သို့ လမ်းကြောင်းမှန် ရွှေ့လျားနေပုံ ရပါသည်ဟု ဒေသခံများကတော့ ပြောကြပါသည်။ လမ်းများ လိုအပ်နေခြင်းက ကျန်းမာရေးစောင့်ရှောက်မှု အား နည်းခြင်းနှင့်အတူ ဒေသခံများ အရေးတကြီး ပြော တတ်ကြသည့် အခက်အခဲဖြစ်ပါသည်။
Muun(မွင်း)၊ Daai(ဒိုင်)နှင့် Makaan (မကန်း) မျိုးနွယ်ဝင် အမျိုးသမီးများကိုမင်းတပ်မြို့နှင့် ၎င်းပတ်ဝန်းကျင်မှ ကျေးရွာများတွင်လွယ်ကူစွာတွေ့ ရှိနိုင်ပါသည်။ Muun (မွင်း) အမျိုးသမီးများ၏ ပါးပြင်တွင် အင်္ဂလိပ်စာလုံး P ပုံများပါဝင်သည့် ပါး ရဲ ထိုးထားပြီး နဖူးတွင် ၎င်းတို့၏ ကျေးရွာများတွင် ထွင်းထုကိုးကွယ်ထားကြသည့် နတ်ရုပ်ကို ကိုယ်စား ပြုသော Y ပုံစံ သင်္ကေတထိုးထားကြသည်။ နတ်ကိုး ကွယ်မှု ထုံးစံအပေါ် ယုံကြည်သက်ဝင်ကြသော Muun (မွင်း)မျိုးနွယ်စုဝင်များသည် သူတို့၏ ဘဝ သက်တမ်းတလျှောက်တွင် တပတ်ကြာ နတ်ပူဇော်မှု အခမ်းအနား တကြိမ်ပြုလုပ်ရသည်။ နတ်ဝိညာဉ်များ ကျေနပ်နှစ်သိမ့်စေရန်နှင့် ၎င်းတို့ သေလွန်သွားပြီး သည့် အချိန်တွင်လည်း ကောင်းမွန်သော နေရာရရှိ နိုင်စေရန် ပြုလုပ်ရခြင်း ဖြစ်ပါသည်။
ထို တပတ်အတွင်းတွင် ကြက်တကောင်၊ ဆိတ် တကောင်၊ ကျွဲတကောင်နှင့် တောတွင်းမှ ဖမ်းယူလာ သောကျွဲရိုင်း တကောင်ကို ဆက်တိုက် ယဇ်ပူဇော်ရ သည်။ နတ်ဆရာနှင့် ရွာသူရွာသား များကိုလည်း ဖိတ်ခေါ်ပြီး အသားများနှင့် ကျွေးမွေးဧည့်ခံသည်။ မြစ်ကြမ်းပြင်မှ ကျောက်ပြားများ ဆယ်ယူပြီး ရွာစွန် တွင် သူတို့၏ကိုယ်ပိုင် နတ်ကွန်းကို တည်ဆောက်ကြ သည်။ အကယ်၍ တစုံတယောက်က အဆိုပါ ရိုးရာ ပူဇော်မှုကို သူ့သက်တမ်းတလျှောက် ထပ်ခါတလဲလဲ ပြုလုပ်ခဲ့လျှင် သူ၏နတ်ကွန်းကို သူ့နေအိမ်ဘေးတွင် တည်ဆောက်ရန် အထူးအခွင့်အရေး ရရှိမည်ဖြစ် သည်။
နတ်ကိုးကွယ်မှု အားကောင်းဆဲဖြစ်သော်လည်း Muun (မွင်း)မျိုးနွယ်အများစုမှာ ခရစ်ယာန်ဘာသာ ဝင်များလည်း ဖြစ်နေပြန်သည်။ ဘာသာ ၂ ခု ရော ထွေးနေသည့် ဝိရောဓိ ဥပမာတခုကို မွင်းတို့၏လူသေ မြှုပ်နှံသည့် အလေ့အထတွင် ထင်ထင်ရှားရှား တွေ့ မြင်နိုင်သည်။ လူတယောက် သေဆုံးသွားလျှင် ခရစ်ယာန်ထုံးတမ်းနှင့်အညီ မြေမြှုပ် သင်္ဂြီုဟ်လိုက် ပြီး နောက်တနေ့တွင် ၎င်း၏မိတ်ဆွေများက ရုပ် အလောင်းကို ပြန်လည်တူးဖော်ကာ မီးသင်္ဂြီုဟ်သည်။ ထို့နောက် အရိုးနှင့် ပြာများကို သူ၏ နတ်ကွန်းထဲရှိ ကျောက်ခုံအောက်တွင် ထားလိုက်ကြသည်။ လူသေ အလောင်းမရှိသည့် သုသာန်များကို ကမ္ဘာပေါ်တွင် ချင်းပြည်နယ်၌သာ မြင်တွေ့နိုင်လိမ့်မည် ဟုယူဆ ရပါသည်။
Makaan (မကန်း) မျိုးနွယ်ဝင် အမျိုးသမီးများ သည် နဖူးနှင့် မေးစေ့တွင် အစက်အပြောက်များပါ သည့် ပါးရဲအဆင်မျိုး ထိုးကြပြီး Daai (ဒိုင်) အမျိုးသမီးများက ပါးပြင်နှင့် နဖူးတွင် အစက် အပြောက်များနှင့်အလျားလိုက်မျဉ်းများ ဒေါင်လိုက်မျဉ်းများ ရောနှော နေသည့် အဆင်များထိုးကြသည်။
ကန်ပက်လက်မြို့တဝိုက်မှ ကျေးရွာများတွင် Ngagah(နာဂ)၊ Daai (ဒိုင်) ၊Muun(မွင်း)၊ Yin Duu Daai (ရင်းဒူးဒိုင်) နှင့် Uppriu စသည့် မျိုး နွယ်စုများနေထိုင်ကြသည်။ Yin Duu Daai (ရင်းဒူးဒိုင်) အမျိုးသမီးများ၏ ပါးရဲတွင် ဒေါင်လိုက်မျဉ်းများဖြင့် ဖွဲ့စည်းထားပြီး မျက်ခွံများပေါ်တွင်မှာပင် ထိုးထားသည်။ Uppriu အမျိုးသမီးများ၏ မျက်နှာကို အနက်ရောင်ဆေးမင်ကြောင်များကလုံးဝ ဖုံးလွှမ်းထားသည်။ Ngagah (နာဂ) အမျိုးသမီးများ၏ ပါးရဲတွင် ဒေါင်လိုက်မျဉ်းများနှင့် အစက် အပြောက်များ ပေါင်းစပ်ထားသည်။
ဒေသတွင်းမှ အစဉ်အလာပြောကြသည့်စကားများအရ ၎င်းမျိုးနွယ်စုများ မျက်နှာပေါ်တွင် ဆေးမင် (ပါးရဲ) ထိုးသည့်အလေ့အထ စတင်ပေါ်ပေါက်လာရ ခြင်းမှာ အမျိုးသမီးများအလှပျက်ပြီး ရုပ်ဆိုးသွားစေရန် ဖြစ်သည်ဟုသိရသည်။ ဤသို့ ပြုလုပ်ခြင်းအားဖြင့် ဗမာဘုရင်များ၏ သိမ်းပိုက်ခြင်းမှ ကင်းလွတ်စေရန် ဖြစ်သည်ဟုလည်း ဆိုသည်။
ဒုတိယ ဒဏ္ဍာရီတခုတွင်မူ ပါးရဲထိုးခြင်းသည် အခြားမျိုးနွယ်စုများ၏ ဖမ်းဆီးခြင်းခံ ရသည့်အချိန်မူလ မျိုးနွယ်စုချင်းကွဲပြားမှုကို ခွဲခြားသိနိုင်ရန်ဖြစ်သည်ဟု ပြောကြသည်။ လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာက ဗမာဘုရင် တကြိမ်လာရောက်ခဲ့ဖူးသည့်အတွက် ဤစကားများက အတော်လေးတော့ ယုတ္တိရှိပါသည်၊ မည်သို့ပင်ဖြစ်စေ သူတို့သည် အသားပေါ်တွင် ဆူးချွန်ဖြင့် ဆေးမင်ထိုးသည့် အချိန်တွင်နာကျင်မှုကို နာရီပေါင်း များစွာ ရဲရဲရင့်ရင့်ရင်ဆိုင်ခဲ့သည့် အမျိုးသမီးများဖြစ်ကြပါသည်။
မင်းတပ်မြို့မှ ၃ နာရီခန့် အေးအေးလူလူ လမ်းလျှောက်သွားလျှင် ရောက်သည့် ကျားဒိုရွာသို့ သွားခဲ့သည်။ ကျားဒိုရွာသို့ ကျနော်တို့ ရောက်သွားသည့်အချိန်တွင် တောင် စောင်းပေါ်ရှိ သစ်သားဘုရား ရှိခိုးကျောင်းလေးဆီမှ ဓမ္မသီချင်းသံများ ထွက်ပေါ်နေသည်ကို ကြားလိုက်ရသည်။ ထိုနေ့ကတနင်္ဂနွေ နေ့ဖြစ်ပါ သည်။ ကျနော့်အတွက်လည်း ပါးရဲထိုးထားသည့် ချင်းအမျိုးသမီးများကို တွေ့နိုင်ဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ ရွာမှာ ရှိသည့် အမျိုးသမီးများအားလုံး ဝတ်ပြုဖို့အတွက် ဒီကိုရောက် ရှိနေနိုင်သည်။
ဝတ်ပြုခြင်းအစီအစဉ် ပြီးဆုံးသည့် အခါလွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က စိတ်အားထက်သန်စွာ တရားဟောနေ ခဲ့သည့် ဘုန်းတော်ကြီး ဦးလောအောင် နှင့် ကျနော် စကားထိုင်ပြောဖြစ်ပါ သည်။ ချင်းလူမျိုးများက နေချင်စရာ မကောင်းသည့် တောင်စောင်းများ တွင် မည်သည့်အတွက်ကြောင့်တွယ် ကပ်နေထိုင်ကြသနည်းဟု ကျနော်က မေးသည့်အခါ သူတို့၏ ရန်သူများကို ကာကွယ်ရန်ဖြစ်သည်ဟု ဦးလော အောင်ကပြောပါသည်။ သူတို့ဘဝ တွေ တိုးတက်လာဖို့ အတွက် ဘာလုပ်သင့်သနည်းဟု ကျနော်မေးကြည့်သည့် အခါတွင်မူ သူငြိမ်သွားပါသည်။ အချိန်အတန်ကြာစောင့်ဆိုင်းနေပြီး မှကျနော့်မေးခွန်းကို သူနားမလည်ဟု ထင်လိုက်၍ ထပ်မေးမိပါသည်။
“တကယ်လို့ရွာသူရွာသားတွေရဲ့ ဘဝတိုးတက်လာဖို့အတွက် တစုံတခုတောင်းဆိုခွင့်ရမယ်ဆိုရင် အဲဒါ ဘာဖြစ်မလဲ”
“တောင်းဆိုစရာတွေအများကြီး ပဲ။ လမ်းတလမ်းနဲ့ ပိုပြန့်ပြူးတဲ့မြေ” ဟု နောက်ဆုံးမှာတော့ သူပြန်ဖြေပါသည်။
ကျားဒိုရွာ၏ အနာဂတ်နှင့်ပတ် သက်၍ ခရစ်ယာန်ဘုန်းတော် ကြီး၏ အမြင်ကိုလည်းကျနော်မေးကြည့်သည့် အခါ “အနာဂတ်မရှိဘူး၊ ဒီမြေကတနေ့ ကျရင် မြစ်ထဲကို ရောက်သွားမှာပဲ။ ကျနော်တို့လည်း တနေရာရာကို ပြောင်းရွှေ့ရမှာပဲ” ဟု ဦးလောအောင် ၏ အဆိုးမြင်ခန့်မှန်းမှုက စောစောက ကျနော်တွေးမိခဲ့သည်ကို ပိုပြီးခိုင်မာ စေ၏။
ကန်ပက်လက်တွင် ရောက်ရှိနေ သော နေပြည်တော်မှ ဒေသဖွံ့ဖြိုးရေး အဖွဲ့တခုနှင့်ဆုံတွေ့စဉ် ကျနော်ရိုက် ယူလာခဲ့သော ပါးရဲထိုးထားသည့်ချင်း အမျိုးသမီးတယောက်၏ ဓာတ်ပုံကို ပြလိုက်သည့်အခါ သူတို့ ထိတ်လန့် သွားပုံရသည်။ ဒီလိုအမျိုးသမီး တွေရှိနေဆဲဖြစ်သည်ကို သူတို့သိကြပုံမရပါ။
လွန်ခဲ့သော နှစ်အထိ ကျေးရွာသူ ကျေးရွာသား များသည် မင်းတပ်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ များကို ဆက်သွယ် သွားလာရန်အတွက် ကျပ်ငွေ ၃ သိန်းခန့်တန်သည့် တရုတ်နိုင်ငံလုပ်ဆိုင်ကယ်များ ကို အသုံးပြုနေကြပြီဖြစ်သည်။ လျှပ်စစ်ဓာတ်အား ကွန်ရက်နှင့် အလှမ်းဝေးနေသည့် ချင်းပြည်သူများ အတွက် နေစွမ်းအင်မှ ဓာတ်အားပေးသည့် ဆိုလာ ပြားငယ် အနည်းငယ်ရှိသည်။
ကျေးရွာများတွင် မိုဘိုင်းဖုန်းအနည်းငယ်လည်း ရှိနေပြီဖြစ်သည်။ သို့ သော်လည်း အဆိုပါ အပြောင်းအလဲမှုများနှင့် နာရီ အနည်းငယ် ခရီးအကွာတွင် အစိုးရက ဖောက်လုပ် နေသော လမ်းတို့သည် ပြောပလောက်စရာများ မဟုတ်ကြသလို ချင်းပြည်နယ်၏ ဝေးလံသောထောင့် စွန်းနေရာမှ ပါးရဲထိုး မျက်နှာပိုင်ရှင်များ အတွက် လည်း နောက်ကျလွန်းနေပါသည်။
(Jacques Maudy နှင့် Julie Andre တို့၏ Face to Face With the Tattoed Woman of Chin ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။)