ဘန်ကောက်မြို့တွင်းရှိ သပိတ်စခန်းများ ဖျက်သိမ်းခံလိုက်ရသည့် ဆန္ဒပြသူများကို ဦးဆောင်နေသူ ဆူထေ့ပ် သပ်ဆူဗန်က ယင့်လတ် ရှင်နာဝပ် အစိုးရ နုတ်ထွက်ရန် ဆက်လက် ဆန္ဒပြသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။
ထိုင်းအစိုးရကို ဆန့်ကျင်နေသူများက ဘန်ကောက်မြို့ရှိ ယင့်လတ် ရုံးတက်မည့် ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ရုံး (Office of the Permanent Secretary of Defence )ကို ယနေ့ စတင်၍ ဆန္ဒပြနေခြင်း ဖြစ်သည်။
“ယင့်လတ် ရှင်နာဝပ် ဘယ်မှာရှိသလဲဆိုတာ ပြည်သူတွေ အသိပေးပါ၊ ရှိတဲ့နေရာကိုသွားပြီးတော့ နှင်ထုတ်မယ်”ဟု ယနေ့ ဆန္ဒပြ သူများကို ဆူထေ့ပ် သပ်ဆူဗန်က ပြောကြားကြောင်း ထိုင်းဘာသာနှင့် ထုတ်လွှင့်နေသည့် ဒေးလီးနယူးစ် သတင်းဌာန အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
နောက်ဆုံးရသည့် သတင်းများအရ ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ရုံး အရှေ့တွင် ဦးဆောင်သူ ဆူထေ့ပ် အပါအဝင် ဆန္ဒပြသူများက လုံခြုံရေးယူထားသည့် စစ်တပ်အရှေ့သို့ ရောက်ရှိနေပြီး အစိုးရကလည်း လုံးခြုံရေး ဆက်လက် တင်းကျပ် ထားကြောင်း သိရသည်။
ယမန်နေ့ကလည်း ဘန်ကောက်မြို့ရှိ ဆန္ဒပြသူများ၏ သပိတ်စခန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဝင်ရောက်စီးနင်းခဲ့ရာ ထိပ်တိုက် တွေ့ဆုံမှုဖြစ်ပွားခဲ့ပြီး လုံးခြုံရေး တာဝန်ရှိသူ တဦး အပါအဝင် ၄ ဦး သေဆုံး၍ ၆၀ ကျော် ဒဏ်ရာ ရရှိသွားသည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်၍ ဆန္ဒပြမှုများကြောင့် ယနေ့အထိ ထိခိုက်ဒဏ်ရာရရှိသူ ၆၈၂ ဦးရှိပြီး သေဆုံးသူ ၁၅ ဦး ရှိကြောင်း သိရသည်။
ဒီမိုကရက် ပါတီ ခေါင်းဆောင် တဦးဖြစ်သူ အဖိဆစ် ဝေ့ချာချီဝကမူ“မနေ့က သပိတ်စခန်းတွေကို ဝင်ရောက် သိမ်းဆည်းမှုကြောင့် သေဆုံး ဒဏ်ရာရရှိသူများအတွက် စိတ်မကောင်း ဖြစ်မိပါတယ်”ဟု သူ၏ လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွင် ဖော်ပြထား သည်။
အဖိဆစ် ဝေ့ချာချီဝသည် လက်ရှိ ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ် မတိုင်ခင် ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ယခု လဆန်းပိုင်းက ကျင်းပခဲ့သည့် ရွှေးကောက်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုသူ ဖြစ်သည်။
ဆန္ဒပြမှု ပဋိပက္ခများသည် ပြည်ပ၌ တိမ်းရှောင်နေရသော ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံပြန်လာနိုင်ရေး အတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို ညီမတော်စပ်သူ လက်ရှိ ဝန်ကြီးချုပ် ယင့်လတ်က လွှတ်တော်တွင် အတည်ပြု ချက် ယူခဲ့ရာက စတင်ခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၂၀၀၆ ခုနှစ်က အာဏာသိမ်းခံရပြီးနောက် ပြည်ပတွင် နေထိုင်နေသူ ဖြစ်သည်။ မကြာသေး ခင်ကလည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး လက်ရှိ အာဏာယူထားသည့် ထိုင်းအစိုးရ ဝန်ကြီးတချို့နှင့် တွေ့ဆုံခဲ့သေးသည်။
သက်ဆင်၏ ညီမဖြစ်သူ ဝန်ကြီးချုပ် ယင့်လတ်သည် အတိုက်အခံ အဖွဲ့အစည်းများ၏ ဆန္ဒပြမှု အပါအဝင် တောင်သူ လယ်သမား များ၏ ဆန္ဒပြမှုတို့ကို ရင်ဆိုင်နေရပြီး ဆန်းစပါး အကြွေးတင်နေသည့် ကိစ္စ္စနှင့်ပတ်သက်၍လည်း ရင်ဆိုင်ရနိုင်ဖွယ် ရှိကြောင်း သိရ သည်။