မြန်မာနိုင်ငံတွင် ပထမဆုံး ထူထောင်မည့် စာနယ်ဇင်း သင်တန်းကျောင်း (Myanmar Journalism School) တခု ဖွင့်လှစ်ရန် ပြင်ဆင်လျက် ရှိရာ ယခုနောက်ဆုံး ရရှိသည့် သတင်းများ အရ ယင်းစာနယ်ဇင်းသင်တန်းကျောင်းကို ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးမည့် အခြေအနေများ ရှိလာသည့်အပေါ် မီဒီယာသမားများက ဆန့်ကျင်ကြောင်း ပြောဆိုကြသည်။
ဖေဖော်ဝါရီ ၁၆ ရက်ထုတ် ကြေးမုံ သတင်းစာတွင် ပြန်ကြားရေး ဝန်ကြီးဌာန ၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာတင်က “တက်လှမ်း ညီညီ ကျင့်ဝတ်များနှင့် အညီ မီဒီယာ ကဏ္ဍသစ်ဆီ” ဆိုသည့် ဆောင်းပါးတပုဒ် ရေးသားခဲ့ပြီး ယင်းဆောင်းပါးတွင် ပြန်ကြားရေး ဝန်ကြီး ဌာနနှင့် နိုင်ငံတကာ မီဒီယာ အထောက်အပံ့ အဖွဲ့ (International Media Support) တို့ ချုပ်ဆိုထားသော နားလည်မှု စာချွန်လွှာ အရ Myanmar Journalism School ဖွင့်လှစ်မည့် အစီအစဉ်ကို ဖော်ပြထားရေးသားကြောင်း၊ ယင်းသင်တန်းကျောင်းကို ပြန်ကြားရေးဝန်ကြီးဌာန ဦးစီး၍ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း ဖွင့်လှစ်မည့် အနေအထားများ တွေ့မြင်ရကြောင်း စာနယ်ဇင်းသမားများက သုံးသပ်သည်။
Myanmar Journalism School ကို စတင် တည်ထောင်ရန် ပြင်ဆင်စဉ်က မြန်မာဂျာနယ်လစ် ကွန်ရက် (MJN)၊ မြန်မာဂျာနယ်လစ် သမဂ္ဂ (MJU)၊ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း (MJA) တို့ ပူးပေါင်း တိုင်ပင်ပြီး ကျောင်းတည်ထောင်မည်ဟု စီစဉ်ခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင်မူ ယင်းစာနယ်ဇင်းသင်တန်းကျောင်းကို ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ကို ဦးဆောင် တည်ထောင်မည်ဟု သိရှိခဲ့ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) မှ အဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။
“သတင်းစာထဲမှာ ရေးထားတော့ ကျနော်တို့တောင် ဝေဝါး သွားတယ်။ ဒီကျောင်းကို ပြန်ကြားရေးကပဲ လုပ်တော့မလိုလို ရေးထားတာ။ ပြန်ကြားရေးကပဲ နေရာ ဝင်ယူမယ့် သဘောမျိုးလား မသိဘူး။ ကျောင်းရဲ့မူဝါဒတွေ မငြိမ်သေးဘူး ထင်တယ်။ ကျနော်တို့ စာနယ်ဇင်း ကောင်စီအဖွဲ့တွေလည်း ရှင်းရှင်းလင်းလင်း မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။
စာနယ်ဇင်းသင်တန်းကျောင်း တည်ထောင်ရေးသည် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မသက်ဆိုင်သည့်အပြင် အစိုးရအနေဖြင့် ယင်းသင်တန်းကျောင်းကို စစ်ဗိုလ်များ မွေးထုတ်သော ပုံစံမျိုးဖြင့် သတင်းသမားများ မွေးထုတ်လိုသည့် ကြိုပမ်းချက်များကိုလည်း ဆန့်ကျင်ကြောင်း သတင်းသမားတချို့က သုံးသပ်သည်။
ဧရာဝတီသတင်းဌာန တည်ထောင်သူနှင့် အယ်ဒီတာချုပ် ကိုအောင်ဇော်က“ ပြန်ကြားရေးဝန်ကြီးဌာန ဆိုတာ မိုးလုံးပြည့် မုသာဝါဒါတွေရေးခဲ့တဲ့ စစ်အစိုးရရဲ့ စိတ်ဓာတ်စစ်ဆင်ရေး အရာရှိတွေနဲ့ ဖွဲ့စည်းထားခဲ့တာ။ အဲဒီလူတွေက နှစ်ပေါင်း ၂၀ လောက် မြန်မာ့အလင်းနဲ့ ကြေးမုံကနေ နိုင်ငံတကာနဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေ၊ အတိုက်အခံတွေကို ရေးချင်တာရေးခဲ့ပြီးတော့ အခုမှ စာနယ်ဇင်းကျောင်း တည်ထောင်ပြီး ဂျာနယ်လစ်ဇင် ကျင့်ဝတ်တွေနဲ့ ညီအောင် တည့်မတ်ပေးမယ်၊ ထိန်းကျောင်းမယ်ဆိုတာ သူခိုးက လူဟစ် ဆိုသလိုဖြစ်နေပြီ´´ ဟု ပြောသည်။
စာနယ်ဇင်းသင်တန်းကျောင်းကို Myanmar Forever International ၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) ၊ Canal France International (CFI) ၊ ဂျာမနီနိုင်ငံရှိ DW Akademie နှင့် ဆွီဒင် နိုင်ငံရှိ Fojo Media Institute တို့က ပူးပေါင်းဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ဒေါက်တာ သီတာတင် ရေးသားထားသည့် ဆောင်းပါးတွင် ဖော်ပြထားသည်။
ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် စာနယ်ဇင်း သင်တန်းကျောင်းတွင် ပါဝင် ချုပ်ကိုင်၍ မရဘဲ စာနယ်ဇင်း သင်တန်းကျောင်း ဖွင့်လှစ်ရေးတွင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ကသာ အဓိက အခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ်ကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက်၏ အတွင်းရေးမှူး ဦးမြင့်ကျော်က သုံးသပ်သည်။
ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က မြန်မာနိုင်ငံရှိ နိုင်ငံပိုင် မီဒီယာများ၊ ပုဂ္ဂလိက မီဒီယာများတွင် လုပ်ကိုင်နေသူ အများစုသည် စာနယ်ဇင်း အတတ်ပညာနှင့် ပက်သက်ပြီး စနစ်တကျ သင်တန်း တက်ရောက်ထားသူ ဦးရေ နည်းပါးနေပြီး ပြည်တွင်းတွင် နိုင်ငံတကာ အဆင့်မီ သင်တန်းကျောင်း မရှိခြင်းကြောင့် ယနေ့ တွေ့ကြုံ နေရသော ကျင့်ဝတ်ဆိုင်ရာ အခက်အခဲများ တွေ့ကြုံနေရခြင်းဖြစ်သည့်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊ စာနယ်ဇင်းသင်တန်းကျောင်း ဖွင့်လှစ်နိုင်ရန် လိုအပ်သော ပူးပေါင်း ကူညီမှုများကို ပြန်ကြားရေး ဝန်ကြီးဌာနက ပြုလုပ်မည်ဖြစ်သော်လည်း ကျောင်း၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကို သီးခြား လွတ်လပ်သော ဘုတ်အဖွဲ့နှင့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် စီမံခန့်ခွဲရေးနှင့် သင်ကြားရေး ကိစ္စများတွင် ဝင်ရောက် ပါဝင်မည် မဟုတ်ဟု ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။
“ပညာရေး ဝန်ကြီးဌာန လက်အောက်က သတင်းစာ အတတ်ပညာ သင်တန်းကျောင်းကို အဆင့်မြှင့်တင်ဖို့ UNESCO ၊ ဂျာမနီ၊ ပြင်သစ်၊ IMS တို့နှင့် ပူးပေါင်း ဆောင်ရွက် နေပါတယ်။ အခု ဖွင့်လှစ်မယ့် Myanmar Journalism School သင်တန်းသား အရည်အချင်းတွေကို ကျောင်းက သတ်မှတ်မှာ ဖြစ်တဲ့အတွက် ကျနော် မသိပါဘူး။ သင်တန်း ဆရာတွေကတော့ ပြည်တွင်းရော ပြည်ပကပါ ပါလာမှာပါ။ ဒီကရတဲ့ ဒီပလိုမာကလည်း နိုင်ငံတကာ အသိအမှတ်ပြု ဒီပလိုမာ ဖြစ်မှာပါ” ဟု ဦးရဲထွဋ်က ဆိုသည်။
ကိုအောင်ဇော်ကမူ“ ဆင်ဆာစနစ်နဲ့ စာနယ်ဇင်းကို ဦးကျိုးအောင် အညွှန့်ချိုးခဲ့တဲ့သူတွေက စာနယ်ဇင်းလောက ဖွံ့ဖြိုးတိုးတက်ရေး လုပ်မယ်ဆိုတာ ကျားက ဥပုသ်စောင့်သလို ဖြစ်နေတယ်´´ ဟု သုံးသပ်ပြောဆိုသည်။
စာနယ်ဇင်း သင်တန်းကျောင်း ဖွင့်လှစ်ပြီးပါက သင်တန်းလက်မှတ်ရှိပြီးသူများကိုသာ စာနယ်ဇင်းသမားအဖြစ် အသိအမှတ်ပြုမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဦးရဲထွဋ်ကမူ ထိုသို့ အစီအစဉ် မရှိဟု ပြောဆိုသည်။
ဦးရဲထွဋ်က “သတင်းထောက်တွေကို အဲဒီ သင်တန်းဆင်း လက်မှတ်ရမှ လုပ်ရမယ်လို့ သတ်မှတ်တာ မရှိပါဘူး။ ဒါပေမယ့် နိုင်ငံတကာမှာလို ဒီလို သင်တန်းတွေ များများ ပေါ်လာရင်တော့ စာနယ်ဇင်းများကလည်း သင်တန်း တက်ပြီးသူများကို ပိုမို ရွေးချယ် တာဝန် ပေးတာမျိုး နောင်မှာ ဖြစ်လာနိုင်ပါတယ်” ဟု ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် စာနယ်ဇင်းသမားများ၏ ဆန္ဒမပါဘဲ တဖက်သတ် ရေးဆွဲထားသော သတင်း မီဒီယာများကို ထိန်းချုပ် ထားသည့် ပြဋ္ဌာန်းချက်များပါဝင်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကို လွှတ်တော်သို့ တင်ပြထားပြီး စာနယ်ဇင်းအဖွဲ့အစည်းများကလည်း ယင်းဥပဒေကြမ်းကို ဆန့်ကျင် ကန့်ကွက်လျက်ရှိသည်။