နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက တောင်းဆိုနေကြသော လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်အား ကန့်သတ်ထားသည့် ပုဒ်မ ၁၈ ကို ဖျက်သိမ်းမည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီက“ငြိမ်း ချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို ယနေ့ကျင်းပသည့် ပြည် သူ့ လွှတ်တော်သို့ တင်သွင်းခဲ့ရာ ယင်း ဥပဒေမှ ပုဒ်မ ၁၈ ကို ပယ်ဖျက်ပေးရန် မပါဝင်ဘဲ စကားလုံး အသုံးအနှုန်း ပြောင်းလဲခြင်း၊ ပြစ်ဒဏ် လျှော့ပေါ့ပေးခြင်းတို့သာ ပါဝင်ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ပြဋ္ဌာန်းခဲ့သော ယင်းဥပဒေ ပုဒ်မ ၁၈ တွင် “မည်သူမဆို ခွင့်ပြုမိန့် မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူ ကို ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်ရမည်” ဟု ပြဋ္ဌာန်း ထားသည်။
ထိုကဲ့သို့ လွတ်လပ်စွာ ဆန္ဒထုတ်ခွင့်ကို ကန့်သတ်ထားသည့် ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက အစဉ်တစိုက် တောင်းဆို နေခဲ့ကြသည်။
ပုဒ်မ ၁၈ အပါအဝင် နိုင်ငံသားများ၏ အခွင့်အရေး ထိခိုက်စေသည့် ဥပဒေများကို ပယ်ဖျက်ပေးရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အပါအဝင် အဖွဲ့အစည်းပေါင်း ၆၀ နီးပါး ပူးပေါင်းပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ခဲ့ကြသေးသည်။
လွှတ်တော်က ပုဒ်မ ၁၈ ကို လုံးဝဖျက်သိမ်းပေးခြင်း မလုပ်သော်လည်း ယခု ဥပဒေကြမ်းသည် ဒီမိုကရေစီ ပိုဆန်လာ သည်ဟု ပြောနိုင်ကြောင်း၊ နိုင်ငံတိုင်းတွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ရှိသော်လည်း အခြား အများပြည်သူ၏ အခွင့်အရေးကို ထိခိုက်မှု မရှိစေဘဲ စည်းကမ်းတကျ ဖြစ်စေရန်၊ ခွင့်ပြုချက် တောင်းခံရန် လိုအပ်ကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။
“အာဏာရှင်ဆန်တဲ့ အသုံးအနှုန်းတွေ ဖြုတ်ထားတယ်၊ ခွင့်ပြုမိန့် ဆိုတာကို အကြောင်းပြန်ကြားစာလို့ ပြောင်းထားတယ်၊ ဆန္ဒထုတ်ဖော်ဖို့အတွက် အချက်အလက် ပြည့်စုံရင် ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ငြင်းလို့မရတော့ဘူး၊ လွတ်လပ်စွာ ဆန္ဒထုတ် ဖော် ဖို့ အတွက် ခွင့်မပြုဘူးဆိုတာတော့ မရှိတော့ဘူး၊ စည်းကမ်းချက် မလိုက်နာရင် ပေးမယ့် အပြစ်ဒဏ်တွေကိုလည်း လျှော့ပစ် လိုက်တယ်”ဟုလည်း ဦးရဲထွန်း ပြောဆိုသည်။
ပုဒ်မ ၁၈ ဖြင့် စွဲဆိုထားသည့် အမှုပေါင်း ၂၂ မှု ရင်ဆိုင်နေရသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုံးလှ ကလည်း “ပုဒ်မ ၁၈ က လုံး၀ မရှိသင့်တဲ့ ဥပဒေပါ၊ အခြေခံ ဥပဒေ ၃၅၄ က ပေးထားတဲ့ အခွင့်အရေးကို ပုဒ်မ ၁၈ နဲ့ ပြန်ပိတ်ထားတာ”ဟု ဧရာဝတီ သို့ ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် မိမိတို့၏ ယုံကြည်ချက် ၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ် ဖော် ပြောဆိုခွင့် ၊ ငြိမ်းချမ်းစွာ စုဝေးခွင့် စီတန်းလှည့်လည်ခွင့်ရှိသည်ဟု ဖော်ပြထားသော်လည်း ယခုကဲ့သို့ ခွင့်ပြုမိန့် တင်ပြရခြင်းမှာ ဒီမိုကရေစီ သဘောသဘာဝနှင့် ကိုက်ညီမှု မရှိသည့်အတွက် လွှတ်တော်တွင် ပုဒ်မ ၁၈ ပယ်ဖျက်ပေးရန် တင်ပြသွားမည်ဟု မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း ပြောဆိုသည်။
“ဆန္ဒပြဖို့ လျှောက်လွှာတင်လည်း ခွင့်ပြုချက်က ရတာမှ မဟုတ်တာ၊ အကြောင်းအမျိုးမျိုးပြ ပယ်ချနေတာ၊ အခုပြင်ဆင်ချက်မှာ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိရင် မငြင်းပယ်ရဆိုတာပါလဲ ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်နိုင်တယ်ဆိုရင် ဘာလုပ်လို့ရမှာလဲ၊ ကျနော်ကတော့ ပုဒ်မ ၁၈ ကို ပယ်ဖျက်ပေးဖို့ ဝင်ဆွေးနွေးသွားမယ်”ဟု ဦးဖေသန်းက ဆိုသည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအရ “နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်အစား တနှစ် ထက် မပိုသော ထောင်ဒဏ်သို့ လည်းကောင်း၊ တနှစ်ထက် မပိုသော ထောင်ဒဏ်အစား ခြောက်လထက် မပိုသော ထောင် ဒဏ် သို့ လည်းကောင်း၊ ခြောက်လထက် မပိုသော ထောင်ဒဏ်အစား သုံးလထက် မပိုသော ထောင်ဒဏ်သို့ လည်းကောင်း ပြောင်းလဲ ထားကြောင်း သိရသည်။
လွှတ်တော်က ပုဒ်မ ၁၈ ကို ပယ်ဖျက်မပေးဘဲ ပြင်ဆင်ဖြည့်စွက်ချက်တချို့ ပြုလုပ်ရုံမျှဖြင့် ဒီမိုကရေစီ ဖော်ဆောင်ရေး လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် ထူးခြားမှု မရှိနိုင်ကြောင်း၊ လွှတ်တော်အမတ် တချို့မှာ လူထု၏ ဆန္ဒထုတ်ဖော်ရာတွင် ရင်ဆိုင်နေရသော အခက်အခဲများကို မသိရှိဘဲ ယင်းဥပဒေ တည်မြဲရေးကို စဉ်းစားနေကြောင်း ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ကျခံခဲ့ရသူ မျိုးဆက်သစ် လူငယ်များ အဖွဲ့(Generation Youth) မှ ကိုတင်ထွဋ်ပိုင်က ပြောသည်။
“ပုဒ်မ ၁၈ က ပြည်သူတွေကို နှိပ်ကွပ်ဖို့ ထည့်ဆွဲထားတဲ့ ဥပဒေပဲ၊ ကျနော်တို့ကတော့ ဒီဥပဒေ ဖျက်သိမ်းပေးဖို့ ဆက်လုပ်သွားမယ်၊ ဒီ ပုဒ်မ ၁၈ ကို မပယ်ဖျက်နိုင်ဘဲနဲ့တော့ ဒီမိုကရေစီကို ပြောင်းဖို့ မဖြစ်နိုင်ဘူး”ဟု ကိုတင်ထွဋ်ပိုင်က ပြောဆိုသည်။
ပုဒ်မ ၁၈ ဖြင့် တရားရင်ဆိုင်နေရသူ ၁၀၀ ကျော်ရှိပြီး လက်ရှိ အကျဉ်းထောင်များအတွင်း ၃၃ ဦး ကျန်ရှိနေသေးကြောင်း၊ ယင်း အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး ဆက်လက် လုပ်ဆောင်နေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးထွန်းကြည်ကလည်း ပြောသည်။
ထို “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းရန် ပြည်သူ့လွှတ် တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီက ဖိတ်ခေါ် ထားကြောင်း သိရသည်။