ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခြေခံရမည့်မူများကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ယင်းမူဝါဒများတွင် တပ်မတော်ကို ဒီမိုကရေစီ ဘောင်အတွင်းရောက်ရှိ စေရေး၊ ရွေးကောက်ခံမဟုတ်ဘဲ သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးအဆင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ ဖြစ်ခွင့်မရှိ ဆိုသော အချက်များ ပါဝင်၍ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ သဘောမ တွေ့ဟု သိရှိရသည်။
ယမန်နေ့ထုတ်ပြန်ခဲ့သော ဦးရွှေမန်း၏ လမ်းညွှန်ချက်များနှင့်ပတ်သက်၍ ဧရာဝတီသတင်းဌာနက တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် တချို့ထံ ဆက်သွယ်မေးမြန်းခဲ့ပြီး တချို့ တပ်လွှတ်တော်ကိုယ်စားလှယ်တချို့၏ အဖြေများတွင် ဦးရွှေမန်း၏ မူဝါဒအပေါ် သဘောမတွေ့မှုနှင့် စိတ်ပျက်သော အပြောအဆိုများ ပါဝင်သည်ကို တွေ့ရသည်။
ဧရာဝတီသတင်းဌာနက ပြည်သူ့လွှတ်တော်မှ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တောက်ထွန်းထံသို့ ဦးရွှေမန်း၏ ဖွဲ့စည်းပုံ ပြင်ရေး ညွှန်ကြားချက်အပေါ် မည်သို့ ထင်မြင်ပါသနည်းဟု မေးမြန်း သောအခါ “အဲဒါကတော့ဗျာ´´ ဟု သာ ပြောဆိုပြီး ဖုန်းချသွားခဲ့သည်။
အလားတူ ပြည်သူ့လွှတ်တော်မှ တပ်မတော်သား လွှတ်တော်အမတ် ဗိုလ်မှူးကြီးဌေးနိုင်ထံသို့ ဆက်သွယ် မေးမြန်းသောအခါ ပြန်လည် ဆက်သွယ်ပေး ပါမည်ဟု ပြောဆို၍ ဖုန်းချသွားခဲ့ပြီး ပြန်လည် ဆက်သွယ်ခြင်းမပြုတော့ပေ။
ပြည်သူ့လွှတ်တော်မှ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ကိုကိုကမူ ဦးရွှေမန်း၏ မူဝါဒနှင့်ပတ်သက်၍ မည်သို့ သဘောထားသနည်းဆိုသော မေးခွန်းအပေါ် စိတ်ပျက်သော လေသံဖြင့် ဖြေဆိုရန် ငြင်းဆန်သည်။
“အဲဒီဟာကို ကျနော်လည်း မပြောချင်ဘူးဗျာ။ ကိုတင့်ဆန်းနိုင် (ဗိုလ်မှူးချုပ်တင့်ဆန်း) နဲ့ မေးပါလား။ သူက ပြောရေး ဆိုခွင့် ခေါင်းဆောင်ဗျ။ ကျနော် ပြန်လေ့လာပြီးမှ ပြောပါ့မယ်´´ ဟု ဗိုလ်မှူးကြီးမြင့်ကိုကိုက ပြော သည်။
သူရဦးရွှေမန်း၏ ညွှန်ကြားချက်တွင် ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ခြင်း အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များကို ဦးစွာ လေ့လာ သုံးသပ် အကြံပြုပြီး လွှတ်တော်၏ အခန်းကဏ္ဍ မြင့်မားလာစေရေး သုံးသပ်ဆောင်ရွက်ခြင်း၊ တပ်မတော်၏ လက်ရှိ ပါဝင်မှု အခန်းကဏ္ဍကို ဒီမိုကရေစီ ဘောင်အတွင်းရောက်ရှိစေနိုင်သည့် နည်းလမ်း များကို လေ့လာသုံးသပ်ခြင်း၊ ဗဟိုဦးစီးစနစ် များလွန်းနေသည့် ကိစ္စရပ်များကို လျော့ချရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တန်းတူညီမျှ အခွင့်အရေး ရရှိရေးတို့နှင့်စပ်လျဉ်း၍ လိုအပ်ပါက ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ခြင်းတို့ကို စဉ်းစား ဆောင်ရွက်သင့်ကြောင်း ဖောြ်ပထားသည်။
ထို့ပြင် သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီး အဆင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအဖြစ် ခန့်အပ် တာဝန်ပေးရာ တွင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကိုသာ ခန့်အပ်ခြင်းဖြင့် ဒီမိုကရေစီဖော်ဆောင်မှု ညီညွတ် စေရေး၊ ပြည်ထောင်စုဒီမိုကရေစီစနစ် ထွန်းကားရေး၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး ၆ လ အလို တွင် ပြင်ဆင် သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီး ဖြစ်အောင် လုပ်ငန်းအစီအစဉ်ပြ အချိန်ဇယားသတ်မှတ် ဆောင်ရွက်ရန် ဆိုသော အချက်များလည်း ဦးရွှေမန်း၏ ညွှန်ကြားချက် တွင် ပါဝင်သည်။